ဒီကနေ့မနက် ယှဉ်ပြိုင်ကစားသွားတဲ့ ဖီဖာကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းက တယောက်လျော့ ဆွစ်ဇာလန်အသင်းကို အချိန်ပိုထိကစားပြီး (၃-၁) ဂိုးနဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ မစ်ဆိုရီပြည်နယ်၊ ကင်းဆက်စီးတီးအားကစားကွင်းမှာ ယှဉ်ပြိုင်က စားခဲ့ကြတာမှာ ပထမပိုင်းစပြီးမကြာခင် ပွဲချိန် ၁၀ မိနစ်မှာပဲ မက်ဆီ ဒေါင့်ကန်ဘောကန် တင်ပို့တဲ့ ဘောလုံးကို အယ်လစ္စတာက ခေါင်တိုက်သွင်းယူခဲ့လို့ အာဂျင်တီးနားတို့ ပထမဆုံး အဖွင့်ဦး ဆောင်ဂိုးရသွားပါတယ်။
ဒုတိယပိုင်း ပြန်စပြီးပွဲချိန် ပွဲချိန် ၆၇ မိနစ်မှာတော့ ဆွစ်ဇာလန်အသင်းအတွက် ချေပဂိုးကို ဒီအန်ဒွိုင်းက သွင်းယူပေးခဲ့ပါတယ်။
ဆွစ်ဇာလန်အသင်း ချေပဂိုးရပြီး ကစားရှိန်တက်လာချိန်မှာ နှစ်ဖက်ကစားသမားတွေထိခိုက် လဲကျမိခဲ့ရာက VAR စစ်ဆေးပြီးနောက် ဒိုင်က ဆွစ်ဇာလန်ကစားသမား အမ်ဘိုလိုကို အဝါကတ်ပြပြီး ၂ ဝါတနီ အနီကတ်နဲ့ ကွင်းအတွင်းကနေ ထုတ်ပယ်တာ ခံခဲ့ရပါတယ်။
ဆွစ်ဇာလန်အသင်း တယောက်လျော့သွားပေမဲ့ ပုံမှန်ပွဲချိန် မိနစ် ၉၀ အထိခုခံကစားနိုင်ခဲ့လို့ အချိန်ပို နာရီဝက်ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ အာဂျင်တီးနားအတွက် ဒုတိယဂိုးကို ပွဲချိန် ၁၁၂ မိနစ်မှာ အာလ်ဗာရက်ဇ်က အလွန်လှပတဲ့ ကန်ချက်နဲ့ သွင်းဂိုးတဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အချိန်ပို မိနစ် ၁၂၀ ကန်ပြီးလို့ ပွဲပြီးခါနီးနာကျင်အချိန်ပို ၁ မိနစ်မှာတော့ မာတီနက်ဇ် က အာဂျင်တီနား ဆီမီးဖိုင်နယ်တက်ဖို့ သေချာစေမဲ့ တတိယမြောက်အနိုင်ဂိုးကို ထပ်မံဖြည့်စွက် သွင်းယူပေးခဲ့ပြီး အောင်ပွဲခံသွားခဲ့ပါတယ်။
ဒီပွဲ အနိုင်ရသွားတဲ့ အာဂျင်တီးနား အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဒီကနေ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ပထမ အဖွင့်ဂိုးရအောင် ဒေါင့်ကန်ဘောကနေ ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။
တိုက်စစ်မှူး မက်ဆီဟာ အခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး ရွှေဖိနပ်ဆု အတွက်အမ်ဘာပေနဲ့ ဂိုးအရေအတွက် တူညီကာ အပြိုင်ဖြစ်နေပါတယ်။










