
သီရိလင်္ကာနိုင်ငံက အကျဉ်းထောင်အတော်များများမှာ တပြိုင်နက်တည်းလိုလို ဆူပူဆန့်ကျင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် သြဂုတ် ၇ ရက်မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်ကို စေလွှတ်ကာ အင်အားသုံး နှိမ်နင်းခဲ့ရပြီး ဒီဆူပူမှုတွေအတွင်း အကျဉ်းသား ၃ ယောက် သေဆုံးခဲ့ကာ ၂၃ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကြာသပတေးနေ့ ညပိုင်းက ကိုလံဘိုမြို့ မဂ္ဂဇင်းထောင်မှာ အကျဉ်းသား ၄၀ လောက်ဟာ အကျဉ်းဆောင်ကို ထုရိုက်ဆူပူရာကနေ ရဲတပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့ (STF) က ဝင်ရောက် ထိန်းသိမ်း ခဲ့ရပြီး အကျဉ်းသား ၁ ယောက် သေဆုံးကာ ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီနောက် သောကြာနေ့ မနက်ပိုင်းမှာ ကူရူဝီတာထောင်မှာ ဆူပူမှု ထပ်ဖြစ်ပြီး ၂ ယောက် သေဆုံးကာ ၁၃ ယောက် ဒဏ်ရာရခဲ့သလို နီဂွန်ဘိုထောင်မှာလည်း အကျဉ်းသားတွေက ကျောက်ခဲ တွေနဲ့ ပစ်ပေါက် အကာအရံတွေကို ဖျက်ဆီးဖို့ ကြိုးစားကြလို့ မျက်ရည်ယိုဗုံးသုံးပြီး နှိမ်နင်း ခဲ့ရပါတယ်။
ဒါ့အပြင် ပလ္လန်ဆီနာ ထောင်စခန်းမှာတော့ အကျဉ်းသား ၃၀ လောက်က အမိုးပေါ်တက်ပြီး ထောင်ခန်းထဲ ပြန်မဝင်ဘဲ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ဒီဖြစ်စဉ်တွေဟာ မူးယစ်ဆေးဝါး၊ ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်နေသလို အကျဉ်းထောင်စနစ် တခုလုံးကို မတည်မငြိမ်ဖြစ်အောင် နောက်ကွယ်က စနစ်တကျ ကြိုးကိုင်တာ ပါ မပါ စုံစမ်းနေတယ် လို့ ပြည်သူ့လုံခြုံရေးဝန်ကြီး အာနန္ဒာ ဝိဂျေပါလာက လွှတ်တော်မှာ ပြောပါတယ်။
အပြည့်အစုံ စုံစမ်းပြီးမှ အတည်ပြုနိုင်မှာ ဖြစ်ပေမဲ့ အစိုးရအနေနဲ့ လူတိုင်းရဲ့ အသက်အန္တရာယ် ဘေးကင်းရေးကို ကာကွယ်စောင့်ရှောက်ရင်းနဲ့ပဲ ဒီမတည်မငြိမ်မှုတွေကို ထိန်းချုပ်သွားဖို့ ရည်ရွယ် ထားတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။
ဒီဆူပူမှုတွေဟာ ထောင်တွင်း ကြပ်ညပ်လွန်းတဲ့ ပြဿနာကြောင့်လည်း ဖြစ်ပါတယ်။ သီရိလင်္ကာ ထောင်တွေဟာ လူ ၁၁,၀၀၀ စာပဲ ဆံ့ပေမဲ့ လက်ရှိမှာ အဆပေါင်း ၄ ဆနီးပါးဖြစ်တဲ့ အကျဉ်းသား ၄၁,၀၀၀ ကျော်ကို ထည့်ထားရတာပါ။
အဲဒီအထဲက ၃ ပုံ ၂ ပုံကျော်ဟာ မူးယစ်ဆေးဝါးအမှုတွေ အပါအဝင် အမှုရင်ဆိုင်ဆဲကာလ အချုပ်သားတွေ ဖြစ်ကြပါတယ်။
ဒါကြောင့် ကြာမြင့်နေတဲ့ တရားမမှုပေါင်း ၁ သန်းကျော်ကို လျှော့ချပြီး ထောင်တွင်း ကြပ်ညပ်မှုကို ဖြေရှင်းဖို့ တရားသူကြီးတွေရဲ့ သက်တမ်းကို ၂ နှစ် တိုးပေးမဲ့ ဥပဒေပြင်ဆင်မှုတွေကိုပါ အစိုးရက စီစဉ်နေပါတယ်။
Source:Reuters










