
မန္တလေးတိုင်းက ငါန်းဇွန်၊ ရှမ်းမြောက်က ကျောက်မဲနဲ့ သီပေါမြို့နယ်မှအပ ကျန်မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးအမိန့် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးမြှင့်ဖို့ကိစ္စ စစ်အာဏာရှင် သမ္မတရုံးက သူ့ ဩဇာခံ ပြည်ထောင်စုလွှတ်တော်မှာ သဘောတူညီချက် တောင်းခံလိုက်ပါတယ်။
အောက်တိုဘာ ၁၄ ရက် ဒီနေ့ကျင်းပတဲ့ စစ်အာဏာရှင် ဩဇာခံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ စစ်အာဏာရှင်သမ္မတရုံးက ပြည်ထောင်စုလွှတ်တော်နာယကထံ စာပေးဖို့ တောင်းခံလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်က ထုတ်ပြန်ချက်အရ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၃/၂၀၂၆ နဲ့ ၄/၂၀၂၆ တို့ဟာ လာမဲ့ အောက်တိုဘာ ၁၈ ရက်နေမှာ ရက်ပေါင်း ၉၀ ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့နယ်မှအပ ကျန်မြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးက ပုံမှန် အခြေအနေကို မရောက်သေးလို့ ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းတိုးမြှင့် အတည်ပြုဖို့ ပြည်ထောင်စုလွှတ်တော်ဆီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (ဃ) အရ သဘောတူညီချက် ရယူတာ ဖြစ်တယ်လို့ဆိုပါတယ်။











