
အရင်က ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်တွေကို အောက်တိုဘာ ၁၈ ရက်ကစပြီး နောက်ထပ် ရက်ပေါင်း ၉၀ အထိ ထပ်မံ သက်တမ်းတိုးမြှင့်လိုက်ကြောင်း စစ်အာဏာရှင် ဩဇာခံ ကာကွယ်ရေးဦးစီးချုပ်ရုံးက အောက်တိုဘာ ၁၈ ရက်မှာ ကြေညာပါတယ်။
ထုတ်ပြန်ချက်အရ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်နဲ့ ရှမ်းပြည်နယ်က ကျောက်မဲနဲ့ သီပေါမြို့နယ် ၃ ခုကို ချန်လှပ်ထားခဲ့တာကြောင့် အရင် စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ၅၈ မြို့နယ်အနက် ကျန် ၅၅ မြို့နယ်ကို ရက်ပေါင်း ၉၀ ဆက်လက်သက်တမ်းတိုးတာ ဖြစ်ပါတယ်။
အဲဒီ စစ်အုပ်ချုပ်ရေးနယ်မြေတွေရဲ့ လုံခြုံရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာ အားလုံးကို စစ်အာဏာရှင် ဩဇာခံ ကာကွယ်ရေးဦးစီးချုပ် ရဲဝင်းဦးထံ အပ်နှင်းထားပြီး အဆိုပါ လုပ်ပိုင်ခွင့်တွေကို သက်ဆိုင်ရာ စစ်ဘက်အာဏာပိုင်တွေထံ ထပ်ဆင့်လွှဲအပ် ဆောင်ရွက်ခွင့်ပြုထားကြောင်း ဖော်ပြထားပါတယ်။
အခုလို စစ်အုပ်ချုပ်ရေးသက်တမ်းတိုးဖို့အတွက် အောက်တိုဘာ ၁၄ ရက်နေ့မှာ စစ်အာဏာရှင် သမ္မတရုံးက သူ့ဩဇာခံ ပြည်ထောင်စုလွှတ်တော်မှာ သဘောတူညီချက် တောင်းခံခဲ့တာဖြစ်ပြီး လွှတ်တော်က သဘောတူလိုက်ပြီးနောက်မှာ အခုလို အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။











