DVB Logo
Home
ဆောင်းပါး
မြန်မာစစ်ကောင်စီတပ်သားတွေကို ဘင်္ဂလားဒေ့ရှ် ဘာလို့ ဆက်လက်လက်ခံပေးနေတာလဲ
DVB
·
March 26, 2026
Photo: Dhaka Tribune
Photo: Dhaka Tribune
Donate to DVB

မေလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ စစ်ကောင်စီလက်အောက်ခံ မြန်မာနယ်ခြားစောင့်ရဲ (BGP) တပ်ဖွဲ့ဝင် ၁၂၈ ယောက်ဟာ ကော့ဇ်ဘဇား၊ တက္ကနက်နယ်စပ်ကနေတဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဝင်ရောက်ခိုလှုံလာခဲ့ပါတယ်။ 

ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ နယ်ခြားစောင့်ရဲနဲ့ စစ်ကောင်စီတပ်သား ၂၈၈ ယောက်ကို ပြန်ပို့ပေးခဲ့ပါသေးတယ်။ ဒီနှစ်အစောပိုင်း ဖေဖော်ဝါရီ ၁၅ ရက်ကလည်း နယ်ခြားစောင့်ရဲ၊ စစ်သားနဲ့ အကောက်ခွန်ဝန်ထမ်းတွေအပါအဝင် မြန်မာနိုင်ငံသား ၃၃၀ ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါသေးတယ်။

ဒီတော့ မေးစရာရှိလာတာက ဘာလို့များ နယ်ခြားစောင့်ရဲတွေနဲ့ စစ်သားတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးခိုလှုံနေကြတာလဲ ဆိုတာပါပဲ။ အဖြေကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေကြောင့်ပါ။ 

‘၁၀၂၇ စစ်ဆင်ရေး’ စတင်ကတည်းက စစ်ကောင်စီဟာ တိုက်ပွဲတွေ ဆက်တိုက်ရှုံးနိမ့်နေခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေမှာ တော်လှန်ရေးအဖွဲ့တွေက စစ်ရေးရော နိုင်ငံရေးအရပါ သိသိသာသာ အောင်ပွဲတွေရခဲ့ပါတယ်။ ဇန်နဝါရီလမှာ အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ခဲ့ပေမဲ့ အဲဒီအချိန်ကစပြီး ရခိုင်ပြည်နယ်က ပဋိပက္ခတွေဆီကို အာရုံရောက်လာခဲ့ပါတယ်။

ရှမ်းမြောက်မှာ ရှုံးနိမ့်ခဲ့တာက ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအတွက် အကြီးမားဆုံးထိုးနှက်ချက်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ရခိုင်စစ်မျက်နှာမှာ ရက္ခိုင့်တပ်တော် (AA) ကို ဘယ်လိုရင်ဆိုင်မလဲဆိုတာက စစ်ကောင်စီ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ပိုပြီးအရေးကြီးနေပါတယ်။ ၂၀၁၈၊ ၂၀၁၉ နဲ့ ၂၀၂၀ တုန်းက ရခိုင်ကနေ AA ကို အမြစ်ဖြတ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ စစ်တပ်ဟာ အခုဆိုရင် ရခိုင်ပြည်နယ်တခုလုံးနီးပါးကို လက်လွှတ်ရတော့မဲ့ အခြေအနေရောက်နေပါပြီ။

ဧပြီလအထိ စာရင်းတွေအရ AA ဟာ ရသေ့တောင်၊ တောင်ပြိုလက်ဝဲ၊ ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်းနဲ့ ရမ်းဗြဲ အပါအဝင် မြို့ပေါင်း ၁၀ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပါပြီ။ အဓိက စစ်ကွပ်ကဲရေးဌာနချုပ် ၁၆ ခု အပါအဝင် စစ်တပ်စခန်းပေါင်း ၁၈၇ ခုထက်မနည်းကိုလည်း ထိန်းချုပ်ထားပါတယ်။ စစ်တပ်ဘက်က အဆင့်မြင့်အရာရှိ ၇ ယောက် သေဆုံးပြီး ၆ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ 

AA ရဲ့ အခုလိုပြင်းထန်တဲ့ထိုးစစ်တွေကြောင့် စစ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေဟာ လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေကြရတာပါ။ ဒါဆိုရင် ဘင်္ဂလားဒေ့ရှ်က ဘာလို့ သူတို့ကို ဆက်ပြီး ခိုလှုံခွင့်ပေးနေတာလဲ။ အဖြေကတော့ “ရန်သူမရှိ၊ မိတ်ဆွေသာရှိ”ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံခြားရေးမူဝါဒကြောင့်ပါ။ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာ့ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဘဲ တခြားနိုင်ငံတွေလိုပဲ မိတ်ဆွေအဖြစ် သဘောထား ပါတယ်။ နိုင်ငံအချင်းချင်း ဆက်ဆံရေးရှိနေပြီး စစ်ကောင်စီကလည်း နိုင်ငံတော်အာဏာကို ရယူထားတာကြောင့် မြန်မာနိုင်ငံသားတွေကို အခုလို ခိုလှုံခွင့်ပေးနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ ပြဿနာတွေ အများကြီးရှိနေလို့ ဘင်္ဂလားဒေ့ရှ်ကို မြန်မာရဲ့ မိတ်ဆွေအဖြစ် သတ်မှတ်ဖို့ ခက်တယ်လို့ ဆိုကြပါတယ်။ ရိုဟင်ဂျာပြဿနာကနေ စကြည့်ရအောင်ပါ။ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဒါရိုက်တာက “ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေ”၊ “ဂျီနိုဆိုက် ဖြစ်နိုင်ခြေရှိတဲ့ လုပ်ရပ်တွေ” နဲ့ “လူမျိုးရေးအရ ရှင်းလင်းဖယ်ရှားမှုရဲ့ စံပြဥပမာတခုလို့ သုံးနှုန်းခဲ့ပါတယ်။ အဲဒီဖိနှိပ်မှုတွေကနေ လွတ်မြောက်ဖို့အတွက် ရိုဟင်ဂျာ ၁ သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြရပါတယ်။

အခုဆိုရင် ၇ နှစ်ထဲ ရောက်လာပေမဲ့ မြန်မာဘက်က ရိုဟင်ဂျာတယောက်ကိုမှ ပြန်မခေါ်သေးပါဘူး။ဒီဒုက္ခသည်အရေးရဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ဘင်္ဂလားဒေ့ရှ်ကပဲ တယောက်တည်း ထမ်းထားရသလို ဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ သူ့ရဲ့ ကန့်သတ်ချက်တွေရှိနေတဲ့ အရင်းအမြစ်တွေထဲကနေ ရိုဟင်ဂျာတွေအတွက် တနှစ်ကို ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံလောက် သုံးစွဲနေရပါတယ်။ အခုဆိုရင် ကော့ဇ်ဘဇားဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကြီး ဖြစ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ အကြီးအကျယ် လုပ်ဆောင်နေရ ပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေအတွက် ရန်ပုံငွေ အလုံအလောက်လည်း မရခဲ့ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ အကူအညီတွေက လျော့ကျလာပါတယ်။ ၂၀၂၀ တုန်းက လိုအပ်တဲ့ ရန်ပုံငွေရဲ့ ၆၀ ရာခိုင်နှုန်းပဲ ရခဲ့ပါတယ်။ (အရင်နှစ်တွေက ၇၂ ကနေ ၇၅ ရာခိုင်နှုန်းလောက် ရခဲ့ပါတယ်။) ၂၀၂၂ မှာ ၄၉ ရာခိုင်နှုန်းနဲ့ ၂၀၂၃ မှာတော့ ၅၁ ဒသမ ၄ ရာခိုင်နှုန်းလောက်ပဲ ရခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ လူသားဆန်မှုရဲ့ ထူးခြားတဲ့ စံပြတခုအနေနဲ့ အားလုံးကို စောင့်ရှောက်ပေးခဲ့ပါတယ်။ ဝင်ငွေအလယ်အလတ်အဆင့်ပဲရှိတဲ့ နိုင်ငံလေးက ဒုက္ခသည် ၁ သန်းကျော်ကို လက်ခံပြီး လူသားတွေရဲ့ ဒုက္ခအပေါ် နက်နက်ရှိုင်းရှိုင်း ကိုယ်ချင်းစာ နားလည်ပေးခဲ့ပါတယ်။ ဒါကြောင့်မို့ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတွေနဲ့ ကုန်ကျစရိတ်တွေကို ကာမိအောင် ကိုယ့်ရဲ့ အရင်းအမြစ်တွေကိုပဲ အများကြီး ဖဲ့သုံးနေရပါတယ်။

ဒုတိယအချက်အနေနဲ့ ကော့ဇ်ဘဇားဟာ မှောင်ခိုကူးဖို့ အချက်အချာကျတဲ့ နေရာဖြစ်နေပါတယ်။ ဒါကြောင့် နယ်စပ်က ဒုက္ခသည်စခန်းတွေဟာ ရာဇဝတ်မှုတွေ ပေါက်ဖွားရာနေရာ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ဘင်္ဂလားဒေ့ရှ်က ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် အစွန်းရောက်ကွန်ရက်တွေက ဒုက္ခသည်တွေကို စည်းရုံးသိမ်းသွင်းနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ကြီးမားလာနေပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ် တနိုင်ငံတည်းသာမက အင်ဒို-ပစိဖိတ် ဒေသတခုလုံးကိုပါ အကြမ်းဖက်မှုတွေ ကူးစက်သွားစေနိုင်ပါတယ်။

တတိယအချက်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ပြည်ပအလုပ်အကိုင်ဈေးကွက်၊ နိုင်ငံခြားငွေဝင်ရောက်မှုနဲ့ နိုင်ငံတကာဆက်ဆံရေးပိုင်းမှာပါ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံကနေ တရားမဝင်ရောက်လာသူ အများအပြားဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကူး လက်မှတ် ဒါမှမဟုတ် မှတ်ပုံတင်အတုတွေနဲ့ တခြားနိုင်ငံတွေကို သွားရောက်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်ကြတာရှိလို့ ဘင်္ဂလားဒေ့ရှ်ရဲ့ ပုံရိပ်ပါ ထိခိုက်နေရပါတယ်။

ဒီလိုပြဿနာပေါင်းစုံ ကြားထဲကနေပဲ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံကနေ လုံခြုံရေးအရ ထွက်ပြေးလာသူတွေကို ဆက်လက်ကူညီပေးပြီး လူသားချင်းစာနာမှုရဲ့ ပြယုဂ်တခုကို ပြသနေဆဲပါ။ ဒါပေမဲ့ မြန်မာဘက်ကကျတော့ ဘယ်လိုတုံ့ပြန်သလဲ။ မြန်မာရေတပ်က ဘင်္ဂလားဒေ့ရှ် တံငါသည်တွေကို ပစ်ခတ်တာ၊ လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ ကျလာပြီး လူတွေ သေဆုံးဒဏ်ရာရတာတွေဟာ လူသားမဆန်သလို လက်ခံနိုင်စရာမရှိတဲ့ ရန်လိုတဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံတဲ့အခါ သတိထားဖို့ လိုအပ်ပြီး မိတ်ဆွေဖြစ်ရခြင်းရဲ့ တန်ဖိုးကိုလည်း အသိအမှတ်ပြုသင့်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံသား ၁၇၃ ယောက်နဲ့ နယ်ခြားစောင့်ရဲ/စစ်သား ၆၀၀ ကျော်ကို အေးအေးချမ်းချမ်း ပြန်လွှဲပေးခဲ့သလိုပဲ၊ မြန်မာဘက်ကလည်း ရိုဟင်ဂျာတွေအားလုံးကို သူတို့ရဲ့ နေရပ်ရင်းကို ပြန်လည်ခေါ်ယူသင့်ပါတယ်။

ပါကစ္စတန်တူဒေး 

Ref: Pakistan Today 

(Pakistan Today သတင်းစာဝက်ဆိုက်တွင် ဖော်ပြထားသည့် “Why Bangladesh keeps on sheltering Myanmar's army and BGPs” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။) 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013