
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၈၂၀,၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို ပြန်လည်လက်ခံရေးအတွက် မြန်မာဘက်ကို ပေးပို့ထားပြီလို့ ဘင်္ဂလားဒေ့ရှ်လွှတ်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလာရာမန်က မတ် ၃၀ ရက်က ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းစာတွေက ရေးပါတယ်။
ရိုဟင်ဂျာဒုက္ခသည် ၈၂၉,၀၃၆ ယောက်ရဲ့ အချက်အလက်တွေကို ပြန်လည်လက်ခံရေးအတွက် အဆင့် ၆ ဆင့်နဲ့ မြန်မာဘက်ကို ပေးပို့ထားတာဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ မြန်မာအာဏာပိုင်တွေဘက်က လူဦးရေ ၃၅၄,၇၅၁ ယောက်ကို စိစစ်ထားပြီဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အဲဒီ စိစစ်ထားပြီးတဲ့ အထဲက ၂၅၃,၉၆၄ ယောက်ဟာ အရင်က မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူတွေလို့ မြန်မာနိုင်ငံဘက်က သတ်မှတ်ထားပေမဲ့ မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်တွေ စတင်နိုင်ခြင်း မရှိသေးဘူးလို့ အမှတ် ၁၅ စစ်တကောင်း မဲဆန္ဒနယ်အမတ်ရဲ့ မေးမြန်းမှုကို နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလာရာမန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ရိုဟင်ဂျာတွေရဲ့ လူဦးရေ ၈၂၉,၀၃၆ ကို မြန်မာဘက်ဆီ ပေးပို့ထားပြီးပါပြီ။ အဲဒီအထဲက ၃၅၄,၇၅၁ ယောက်ကို မြန်မာဘက်က စိစစ်ထားပြီး ၂၅၃,၉၆၄ ယောက်ကို မြန်မာနိုင်ငံတွင်း နေထိုင်သူတွေလို့ မြန်မာနိုင်ငံဘက်က သတ်မှတ်ထားတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်ပွဲတွေ ရှိနေတာကြောင့် ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေ စတင်နိုင်တာ မရှိသေးဘူး” လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အနေနဲ့ လုံခြုံစိတ်ချရပြီး ဆန္ဒအလျောက် ပြန်လည်လက်ခံရေးကိုသာ ရေရှည့်တည်တံ့တဲ့ ဖြေရှင်းနည်းအဖြစ် ရှုမြင်ထားပြီး နိုင်ငံတကာထောက်ခံမှုနဲ့ သံတမန်ရေး၊ ဥပဒေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုကို ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
မတ် ၁၂ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လူ့အခွင့်အရေး၊ ပြန်လည်လက်ခံရေးနဲ့ တာဝန်ခံမှုဆိုင်ရာ အချက်အလက်တွေကို အခမ်းအနားတခု ပြုလုပ်ပြီး ဆွေးနွေးခဲ့ကြသလို လက်ရှိ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးမှာလည်း ရိုဟင်ဂျာ အကျပ်အတည်းကို ဆွေးနွေးခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ၂၀၂၆ ခုနှစ်မှာ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၃ သန်းအထိ ရှိလာနေပြီဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ စာရင်းတွေအရ သိရပါတယ်။
Ref: The Daily Star








