
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကို စစ်ကောင်စီတပ်က ဧပြီ ၁ ရက်နေ့ တရက်တည်းမှာ လေယာဥ်နဲ့ ဗုံး ၂ ကြိမ်ကြဲချခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Wetlet Informational Network တာဝန်ခံ ကိုမင်းဒဿက “ဝက်လက်ရဲ့အရှေ့ခြမ်းမှာရှိတဲ့ မင်းကုန်းရွာ ဘုန်းကြီးကျောင်းကို နေ့လယ် ၂ နာရီမထိုးခင်လောက်မှာ ဗုံး ၂ ကြိမ်ကြဲသွားလို့ ဘုန်းကြီးကျောင်း ပျက်စီးသွားတယ်။ ညနေ ၃ နာရီခွဲလောက်မှာလည်း အဲဒီ မင်းကုန်းရွာကိုပဲ ထပ်ပြီး ဗုံး ၂ လုံးထပ်ကြဲသွားပြန်တာ။ ခန့်မှန်း အိမ် ၁၀ လုံးလောက် မီးလောင်ပျက်စီးတယ်။ ၂ ကြိမ်ပေါင်း ဗုံး ၄ လုံးကြဲသွားတာ” လို့ ပြောပါတယ်။
မင်းကုန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်သွားကြတဲ့ တိုက်လေယာဥ်တွေဟာ တံတားဦး လေတပ်ကနေ တက်လာကြတဲ့ A5 Bomber အမျိုးအစား ဗုံးကြဲလေယာဥ်တွေလို့ တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။
စစ်တပ်ဟာ မင်းကုန်းကျေးရွာ အပါအဝင် ဝက်လက်မြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက အခုချိန်အထိ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းတွေခွဲကာ ဆက်တိုက်ဝင်ရောက်နေတာကြောင့် ဒေသခံတွေဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
ဝက်လက်မြို့နယ် ပကဖ ရဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တာဝန်ခံက “မင်းကုန်းရွာက စစ်တပ် စစ်ကြောင်းထိုးခံရတဲ့ရွာလည်း ဖြစ်သလို အခုထိလည်း အဲဒီဘက်မှာ စစ်ကြောင်းရှိနေသေးလို့ ရွာခံတွေ ထွက်ပြေးနေကြရတာ ဆိုတော့ ထိခိုက်ဒဏ်ရာရတဲ့မရှိဘူးလို့လည်း သိရတယ်။ စစ်တပ် စစ်ကြောင်းကလည်း ရှိနေတော့လေ မြေပြင်အခြေအနေကို အတိအကျသိရဖို့ ခက်ခဲနေတာပါ” လို့ DVB ကို ပြောပါတယ်။
ဝက်လက်မြို့နယ်ထဲမှာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်းတွေကို ပစ်မှတ်ထားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ အဆက်မပြတ် လုပ်နေပါတယ်။
ဒါ့အပြင် မြေပြင်စစ်ကြောင်းတွေကလည်း ကျေးရွာတွေအတွင်း ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်တာတွေနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။
ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း ဝက်လက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။








