
ဘိုလီးဗီးယားနိုင်ငံထဲကို နိုင်ငံဖြတ်ကျော် မှောင်ခိုဂိုဏ်းတခုကနေတဆင့် အရည်အသွေးမမီတဲ့ စက်သုံးဆီတွေ တင်ဆောင်လာတဲ့ ဆီသယ်ယာဉ် အစီးရေ ၅,၀၀၀ ကျော် ချီလီနိုင်ငံဘက်ကနေ ဝင်ရောက်လာတယ်လို့ ဘိုလီးဗီးယားအစိုးရက မတ် ၃၁ ရက်မှာ ပြောကြားလိုက်ပြီး အာလ်တို ဟော့စ်ပီစီယို အရပ်မှာရှိတဲ့ တရားမဝင် ဆီလှောင်ဂိုဒေါင်တွေကို ထောက်လှမ်းရေးကင်မရာကနေ ရိုက်ကူးထားတဲ့ မှတ်တမ်းတွေကိုလည်း အာဏာပိုင်တွေက ချပြခဲ့ပါတယ်။
ဘိုလီးဗီးယား အာဏာပိုင်တွေရဲ့ အဆိုအရ ဒီမှောင်ခိုကွန်ရက်ဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ကနေ ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းမှာ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၀ သန်းလောက်ရှိတဲ့ အရည်အသွေးညံ့ လောင်စာဆီတွေကို သယ်ယူဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီး မာကို အန်တိုနီယို အိုဗီယေဒိုက ဒီလောင်စာဆီတွေကို အသုံးပြုပြီးသား စက်ဆီ တွေနဲ့ မသန့်ရှင်းတဲ့ ရေတွေကို ရောနှောထားတာလို့ ဆိုပါတယ်။
ဒါ့အပြင် စုံစမ်းစစ်ဆေးသူတွေရဲ့ အဆိုအရ ဒီမှောင်ခိုလုပ်ငန်းဟာ ချီလီနဲ့ ဘိုလီးဗီးယား ၂ နိုင်ငံစလုံး မှာရှိတဲ့ ဆီသယ်ယာဉ်တွေ၊ ပုဂ္ဂလိက ကားဂိုဒေါင်တွေနဲ့ ဆီဖြန့်ဖြူးရေးဂိတ်တွေနဲ့ ဆက်နွှယ် နေတာ ကို တွေ့ရှိထားပါတယ်။
ဒီဆီတွေဟာ ချီလီနိုင်ငံက အာရီကာ၊ အီကီကေးနဲ့ မယ်ဟီယွန်းနက်စ် ဆိပ်ကမ်းတွေကနေ ထွက်လာ တာဖြစ်ပြီး မယ်ဟီယွန်းနက်စ် ဆိပ်ကမ်းမှာတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတုန်းပဲလို့ သူက ပြောပါတယ်။
သမ္မတ ရိုဒရီဂို ပက်စ် ပယ်ရိုက်ရားက ဒီမှောင်ခိုလုပ်ငန်းဟာ နိုင်ငံအတော်များများအထိ ကျယ်ပြန့် နေတယ်လို့ ပြောဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းကူညီပေးတဲ့ ချီလီနိုင်ငံက အဖွဲ့အစည်းတွေ ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဘိုလီးဗီးယားနိုင်ငံမှာ စွမ်းအင်အကျပ်အတည်း ဖြစ်နေချိန် ဒီအမှုကိစ္စ ပေါ်ပေါက်လာတာဖြစ်ပြီး အင်ဒီးစ်တောင်တန်းဒေသနိုင်ငံဟာ ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်ပကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။
Source: Reuters










