DVB Logo
Home
နိုင်ငံတကာ
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ကမ္ဘောဒီးယားနယ်စပ်ပြန်ဖွင့်မည့် အသံဖိုင် AI ဖြစ်ဟု ထိုင်းဝန်ကြီးချုပ်ပြော 
DVB
·
May 14, 2026
Source: Thairath News 
Source: Thairath News 
Donate to DVB

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပြန်ဖွင့်မယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ အသံဖိုင်ဟာ အစစ်အမှန် မဟုတ်ဘဲ AI နဲ့ဖန်တီးထားတဲ့အသံဖိုင်သာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ငြင်းဆို လိုက်ပါတယ်။

အခုရက်ပိုင်းအတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယား လူမှုကွန်ရက်မှာ “မကြာခင် ကမ္ဘောဒီးယားနယ်စပ်တွေ ပြန်ဖွင့်မဲ့အကြောင်း” ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက တစုံတယောက်ကို ပြောကြား နေတဲ့ အသံဖိုင်တွေ ထွက်ပေါ်နေပါတယ်။

မနှစ်က နယ်စပ်ပဋိပက္ခကြောင့် နှစ်ဖက်လုံး ထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့တာမှာ ထိုင်းပြည်သူအများစုက နယ်စပ်ဂိတ်တွေ ပြန်ဖွင့်မှာကို မလိုလားဘဲ အဆိုပါအသံဖိုင်အပေါ် ပြစ်တင်ဝေဖန်မှုတွေ မြင့်တက် နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့ မေ ၁၃ ရက်မှာ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက အဆိုပါ အသံဟာ သူ့အသံမဟုတ်ဘဲ AI နဲ့ ဖန်တီးထားတဲ့အသံသာ ဖြစ်ကြောင်း သတင်းထောက်တွေကို ငြင်းဆို ဖြေကြားခဲ့ပါတယ်။

“အဲဒါက သေချာတယ် AI အသံပဲ၊ ကျနော်က အဲဒီလို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ပါဘူး။ ဘာဖြစ်လို့ မဟုတ်က ဟုတ်ကတွေ လုပ်တာလဲ နားမလည်ဘူး။ အဲဒီဟာ ယုံကြည်လို့မရဘူး။ ကျနော် မပြောဖူးပါဘူး၊ နယ်စပ်ဂိတ် ဖွင့်ခြင်းမရှိဘူး၊ သေချာတယ်။”

ဒါ့အပြင် ဝန်ကြီးချုပ်က “ကမ္ဘောဒီးယားနဲ့ အမ်အိုယူ ၄၄ သဘောတူစာချုပ် ဆွေးနွေးဖို့လည်း မရှိဘူး။ အဲဒီစာချုပ်ကို ထိုင်းဘက်ကပဲ စတင်ဖျက်သိမ်းခဲ့တာဖြစ်တယ်။ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့  အာဆီယံစည်းဝေးပွဲမှာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာလည်း ကျနော်တို့က တွေ့ဆုံဖို့ မရှိဘူးလို့ ပြောခဲ့တယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းမှာ ဒီကိစ္စကို စိတ်ပျက်သွားတဲ့ အနေအထား တွေ့တယ်။ သူတို့က Compulsory Conciliation နည်းလမ်းနဲ့ ဆောင်ရွက်မယ်ပေါ့။ ဒါက သူတို့အပိုင်းပါ။ ကျနော်တို့ကတော့ UNCLOS အတိုင်းပဲ သွားမယ်။ ထိုင်းနိုင်ငံအနေနဲ့ ဘာမှ စိုးရိမ်စရာမရှိပါဘူး” လို့ ပြောပါတယ်။

နယ်စပ်တောထဲမှာ ရှာဖွေစားသောက်ရင်း ကမ္ဘောဒီးယားစစ်သားတွေရဲ့ ဖမ်းဆီးခံရတဲ့ ထိုင်းရွာသား တွေကို ကူညီရေးမှာ “သူတို့ကို ကမ္ဘောဒီးယားတရားရုံးမှာ ဒီကနေ့ စစ်ဆေးမယ်လို့ ခန့်မှန်းရတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ အရင်ကလည်း ကမ္ဘောဒီးယားနိုင်ငံသားတွေ တောလိုက်ရင်း ကျွံဝင်လာတာ၊ ငါးဖမ်းရင်း ရေပိုင်နက်ထဲ ကျွံလာတာ ရှိတယ်။ နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိပါးတဲ့ကိစ္စ၊ အကြမ်းဖက်ဖို့ ဝင်လာတာ မဟုတ်ဘူးဆိုရင် နှစ်ဖက် တာဝန်ရှိသူချင်း ညှိနှိုင်းပြီး ပြန်လွှတ်ပေးတာ ရှိခဲ့ပါတယ်။ ကျနော်တို့ ပြည်သူဘက်ကလည်း သူတို့ ဥပဒေကို မချိုးဖောက်ဘူးလို့ မျှော်လင့်ပါတယ်။ ဒီကိစ္စ ချိတ်ဆက်ညှိနှိုင်းတာက တကဏ္ဍပါ။ အမ်အိုယူကိစ္စကတော့ အစိုးရချင်း ဆွေး‌နွေးတဲ့ကိစ္စ ဖြစ်တယ်။ ပြည်သူတွေနဲ့ မသက်ဆိုင်ဘူး” လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။

အရင် ဝန်ကြီးချုပ်ဟောင်း ဖဲထောင်းထန်း ရှင်နာဝပ် လက်ထက်မှာ ကမ္ဘောဒီးယားနိုင်ငံ အကြီးအကဲ ဟွန်ဆန်နဲ့ အလွတ်သဘော ပြောကြားတဲ့အသံဖိုင် ပြင်ပကို ပေါက်ကြားသွားပြီး ဝန်ကြီးချုပ်ရာထူး ပြုတ်သွားတဲ့ထိ ပြဿနာတက်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013