
မကွေးတိုင်း သရက်မြို့နယ်ထဲမှာ သြဂုတ် ၁၂ ရက်က စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲအတွင်း စစ်တပ်လက်အောက်ခံ ၉ ယောက်ထက် မနည်းသေဆုံးခဲ့ တယ်လို့ သရက်ခရိုင်တပ်ရင်း ၄ ဆီကနေ သိရပါတယ်။
သရက်ခရိုင်တပ်ရင်း ၄ ရဲ့ ပြန်ကြားရေးတာဝန်ခံကိုမြတ်က “မင်းတုန်းမြို့ဘက်ကနေ သရက် - မင်းတုန်းလမ်းပိုင်းအတိုင်း ထွက်လာတဲ့ ခြေလျင်စစ်ကြောင်းကို သရက်မြို့နယ်ထဲက ပုဇဥ်းဒါးရွာနား မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒိတိုက်ပွဲမှာ သူတို့ဘက်က ၉ ယောက်သေဆုံးတာကို မျက်မြင်တွေခဲ့ရပါတယ်ဗျ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ သရက် - မင်းတုန်း လမ်းပိုင်းကို စစ်ရေးအတွက်အသုံးပြုဖို့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
သရက်ခရိုင်တပ်ရင်း ၄ တာဝန်ခံ ကိုမြတ်က “အခုလထဲမှာ လမ်းပိုင်းနယ်မြေရှင်းလင်းရေးတွေ ခပ်စိပ်စိပ်လုပ်လာနေတာတွေ့ရတယ်။ တိုက်ပွဲဖြစ်တဲ့နေ့ကဆိုရင် သူတို့ဘက် အဲ့ဒိလမ်းပိုင်းကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ မင်းတုန်းဘက်က ၅ မိုင်ဂိတ်နဲ့ ကန်လယ်ဂိတ်တွေမှာတာဝန်ကျနေတဲ့ စစ်သားနဲ့ရဲတွေ အင်အား ၃၅ ယောက်လောက်ပါတဲ့ စစ်ကြောင်းနဲ့ ကပစ ၁၂ ဘက်ကနေ အင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းတွေ စစ်ကြောင်း ၂ ကြောင်းထိုးလာတာ။ ကျနော်တို့နဲ့ ထိတွေ့ တိုက်ပွဲဖြစ်တာက အင်အား ၃၅ ယောက်လောက်ပါလာတဲ့စစ်ကြောင်းနဲ့ဖြစ်တာ။ နေ့လယ် ၁ နာရီလောက်မှာ ကျနော်တို့ ဆင်ထားတဲ့မိုင်းကွင်းထဲရောက်လာလို့ မိုင်းဆွဲပြီးတော့မှ နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့တာပါ။ တိုက်ပွဲက မိနစ် ၃၀ လောက်ကြာခဲ့ပါတယ်။ သူတို့ဘက်က ၉ ယောက်သေပြီး အပြတ်အတောက်တွေများပြီး ထွက်ပြေးသွားကြလို့ စစ်ကူတွေရောက်မလာခင် သူတို့ဆီက လက်နက်တွေမကောက်တော့ဘဲ ကျနော်တို့ထိခိုက်မှုမရှိ ပြန်ဆုတ်လာခဲ့တာပါ”လို့ ပြောပါတယ်။
သရက် - မင်းတုန်းကားလမ်းပိုင်းကိုအသုံးပြုသွားလာနေကြတဲ့ ခရီးသွားပြည်သူတွေအနေနဲ့လည်း စစ်တပ်စစ်ကြောင်းတွေနဲ့မတွေ့အောင် သတိနဲ့သွားလာကြဖို့လည်း သူကဆက်ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်း တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက် မနက်ပိုင်းကလည်း အဆိုပါ သရက် - မင်းတုန်းကားလမ်းပေါ်မှာ သရက်မြို့နယ်၊ ရေမျက်ရဲစခန်းကနေထွက်လာကြတဲ့စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်တပ်လက်အောက်ခံ ၃ ယောက်သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ ပါတယ်။











