DVB Logo
Home
မြန်မာသတင်း
တရုတ်စီးပွားရေးနှေးကွေးမှုနှင့် ကျားဖြန့်နှိမ်နင်းမှုများကြောင့် မြန်မာ့ကျောက်စိမ်း စျေးနှုန်းကျ
DVB
·
July 8, 2026
Photo: MOI
Photo: MOI
Donate to DVB

မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးမြို့က ကျောက်စိမ်းစျေးကွက်မှာ ကျောက်စိမ်း စျေးနှုန်းတွေ ကျဆင်းနေပြီး ဒါက တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေးမှုနဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းပြီးနောက် တရုတ်နောက်ခံ နိုင်ငံတကာရာဇဝတ်ဂိုဏ်းတွေဆီက ဝယ်ယူမှု လျော့နည်း သွားတာကြောင့် ဖြစ်တယ်လို့ ကျောက်စိမ်းကုန်သည်တွေရဲ့ သုံးသပ်ချက်ကို ကိုးကားပြီး Bangkok Post သတင်းမှာ ဇူ လိုင် ၇ ရက်က ဖော်ပြပါတယ်။

“ကျောက်စိမ်းဈေးကွက်ပူဖောင်းကြီး ပေါက်သွားပြီ” လို့ ပြည်ပဝယ်လိုအားကိုပဲ အားကိုးနေရတဲ့ ဈေးကွက်ကြီး အခုလို ထိုးကျသွားတာနဲ့ပတ်သက်ပြီး ကုန်သည်တယောက်က စိတ်ပျက်လက်ပျက်နဲ့ ညည်းတွားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အမြတ်အစွန်းအများဆုံး ကျောက်စိမ်းတွင်းတွေ ရှိတဲ့နေရာဖြစ်ပြီး မန္တလေးမြို့ကတော့ ကျောက်စိမ်းသွေးတာနဲ့ အရောင်းအဝယ်လုပ်ဖို့ အဓိကဗဟိုချက် ဖြစ်ပါတယ်။

ဒီဈေးကွက်ဟာ ကျောက်စိမ်းထွက်တဲ့ ဒေသတွေနဲ့ တရုတ်၊ ထိုင်ဝမ်အပါအဝင် ကမ္ဘာတဝန်းက တရုတ်နွယ်ဖွား ဝယ်လက်တွေကို ချိတ်ဆက်ပေးတဲ့ အဓိကနေရာဖြစ်ပြီး သူတို့ကတော့ ကျောက်စိမ်း ကို ကံကောင်းစေတဲ့အရာအဖြစ်ရော တန်ဖိုးကြီးကုန်စည်အဖြစ်ပါ ရှုမြင်ကြပါတယ်။

ရွှေနဲ့မတူဘဲ ကျောက်စိမ်းဟာ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်ဈေး မရှိဘဲ တလုံးချင်းစီရဲ့ ကြည်လင်မှုနဲ့ အရောင်အသွေးပေါ် မူတည်ပြီး တန်ဖိုးဖြတ်ရတာမို့ အရောင်းအဝယ်လုပ်တဲ့အခါ မျက်စိနဲ့သေချာကြည့်ပြီး စစ်ဆေးတာနဲ့ ဝယ်သူ၊ ရောင်းသူကြား ညှိနှိုင်းမှုအပေါ်မှာပဲ အများကြီး မူတည်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလလယ်ပိုင်းက ဈေးကွက်ထဲကို သွားရောက်လေ့လာတဲ့အခါ ကျောက်စိမ်းရိုင်းတုံးတွေ ကို အရောင်းနယ်မြေတလျှောက် အတန်းလိုက် ချထားပြီး ပွဲစားတွေက အရည်အသွေးကို လိုက်လံ စစ်ဆေးနေကြတာကို တွေ့ရတယ်လို့ သတင်းက ဆိုပါတယ်။

ပွဲစားတွေဟာ ဈေးနှုန်းမညှိနှိုင်းခင်မှာ အလင်းပေါက်နေတဲ့ အစိမ်းရောင်အသားတွေဆီ မီးမောင်း တွေနဲ့ ထိုးပြီး ကြည်လင်မှုကို သေချာစစ်ဆေးနေကြတာ ဖြစ်ပါတယ်။

ဈေးကွက်ရဲ့ တခြားတနေရာမှာတော့ တရုတ်ဝယ်သူတွေက ဆိုင်ခန်းတွေ ဖွင့်လှစ်ထားပြီး မြန်မာ ရောင်းသူတွေ ယူလာတဲ့ ကျောက်စိမ်းတွေကို စစ်ဆေးကာ တန်ဖိုးဖြတ် ဝယ်ယူနေကြပါတယ်။

ပွဲစားတဦးရဲ့ ပြောပြချက်အရ အလတ်တန်းစား ကျောက်စိမ်းဈေးနှုန်းတွေဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း အတော်လေး မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ်ကစလို့ တဖြည်းဖြည်း ပြန်ကျလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပွဲစားတယောက်က “တရုတ်နိုင်ငံနဲ့ ရာဇဝတ်မှုကရတဲ့ ငွေကြေးတွေအပေါ်မှာပဲ မှီခိုနေရတဲ့ ဈေးကွက် တည်ဆောက်ပုံက ဟန်ချက်မညီခဲ့ဘူး” လို့ ရှင်းပြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အရှေ့တောင်အာရှမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အကြီးအကျယ် ကျယ်ပြန့်လာတာဟာ အဲဒီကာလအတွင်း ကျောက်စိမ်းဈေးနှုန်းတွေ မြင့်တက်လာတာနဲ့ သွားပြီး တိုက်ဆိုင်နေခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ်ကစပြီး မြန်မာအာဏာပိုင်တွေက ငွေလိမ်ဂိုဏ်းကွန်ရက်တွေကို ဆက်တိုက်နှိမ်နင်းခဲ့ ပြီးတဲ့နောက်မှာ ကျောက်စိမ်းဈေးတွေ ပြန်ကျသွားတာဖြစ်တယ်လို့ တခြား ကုန်သည်တယောက်က ပြောပါတယ်။ 

ငွေကြေးခဝါချမှုတွေကြောင့် ဈေးကွက်အတုအယောင် မြင့်တက်ခဲ့တာဖြစ်တာကို ကျောက်စိမ်း လောကသားအားလုံး သိကြပြီး အခုလို နှိမ်နင်းမှုတွေကြောင့် အခြေအနေ ပြောင်းလဲသွားတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ကုန်သည်တွေကတော့ မြန်မာနိုင်ငံတွင်းက မတည်ငြိမ်မှုတွေဟာလည်း ဒီကဏ္ဍအပေါ် သက်ရောက်မှု ရှိနေတယ်လို့ ထောက်ပြကြပါတယ်။ 

သူတို့က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပိုပြင်းထန်လာတာကြောင့် ကချင်ပြည်နယ် ကျောက်စိမ်းတွင်း ဒေသတွေကနေ ကုန်ကြမ်းထွက်ရှိမှု လျော့နည်းသွားတာကို အကြောင်းရင်း အဖြစ် ပြောကြပါတယ်။

မန္တလေးကျောက်စိမ်းဈေးကွက်မှာ အရောင်းအဝယ်တွေ ဆက်ရှိနေပေမဲ့ ၂၀၂၄ ခုနှစ် နောက်ပိုင်းမှာ တော့ ဈေးနှုန်းတွေ သိသိသာသာ ကျဆင်းသွားခဲ့တယ်လို့ ကုန်သည်တွေနဲ့ ပွဲစားတွေက ဆိုပါတယ်။

Source: Bangkok Post 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013