DVB Logo
Home
မြန်မာသတင်း
ဝမ်ဟိုင်းမှ ရခိုင်သို့သယ်မည့် စိတ်ကြွဆေးပြား ကျပ် ၃၆ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိ 
DVB
·
August 20, 2026
Photo: CCDAC Myanmar 
Photo: CCDAC Myanmar 
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဝမ်ဟိုင်းဒေသကနေ ရခိုင်ပြည်နယ်ကို သယ်ဆောင်မဲ့ ကျပ်ငွေ ၃၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြား ၂၄ သန်းကျော် ဖမ်းဆီးရမိတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဗဟိုကော်မတီ  (CCDAC Myanmar) က ဩဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာဩဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက မကွေးတိုင်း၊ မင်းလှမြို့နယ်၊ သရက်-မင်းလှ သွားကားလမ်းပေါ်မှာ ဖြတ်သန်းသွားလာတဲ့ ကား ၂ စီးပေါ်ကနေ စိတ်ကြွဆေးပြား ၉၇ ဒသမ ၅ သိန်းကို ဦးစွာဖမ်းဆီးရမိခဲ့ပါတယ်။ 

ယာဉ်မောင်း ဇေယျာမိုးနဲ့ အောင်မင်းသန့်တို့ကို စစ်ဆေးရာက ဩဂုတ် ၁၃ ရက်မှာ  ပူးပေါင်းပါဝင်သူ ရဲရင့်၊ စိုင်းလေး၊ ကိုဟိန်းနဲ့ နေဇာအောင်တို့ ၄ ယောက်ကို ကား ၂ စီး နဲ့အတူ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းထဲမှာ ဖမ်းမိခဲ့ပါတယ်။

ဆက်လက်စစ်ဆေးချက်အရ ဩဂုတ် ၁၃ ရက် ညနေပိုင်းမှာ မန္တလေးမြို့  နေရာ ၃ ခုကနေ စိတ်ကြွဆေးပြား ၁၄၄ သိန်းကို ယာဉ် ၄ စီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ 

ဖမ်းမိသူတွေရဲ့ ဖော်ထုတ်ချက်အရ  ဩဂုတ် ၁၄ ရက်မှာတော့ စိတ်ကြွဆေးပြားတွေကို ဝမ်ဟိုင်းကနေ မကွေးတိုင်းကို သယ်ဆောင်ရောင်းဝယ်သူတွေဖြစ်တဲ့ ကိုရှိုင်းနဲ့ အောင်စိုးဦးတို့ကို ရန်ကုန်-မန္တလေး လမ်းပေါ်မှာ ကား တစီးနဲ့လည်းကောင်း၊ ဩဂုတ် ၁၅ ရက်မှာ စိန်ဝင်းမောင်ကို ရန်ကုန်မြို့မှာ လည်းကောင်း အသီးသီးဖမ်းမိပြီး ဒီဖြစ်စဉ်‌တခုလုံးကနေ စုစုပေါင်း ကျပ် ၃၆ ဒသမ ၂၂၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၄ ဒသမ ၅ သန်းကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ 

အဆိုပါမူးယစ်ဆေးတွေကို ရောင်းချပေးသူမှာ ကျေးသီးမြို့နယ် ဝမ်ဟိုင်းရွာမှ စိုင်းဆမ် ခေါ် လောပန်း (ဖမ်းဆီးရန်ကျန် ) ဖြစ်တယ်။ ဝယ်ယူသူက စိန်ဝင်းမောင်နဲ့ ကိုရှိုင်းဖြစ်ပြီး စိုင်းလေးက ရှမ်းပြည်မှ မင်းတုန်းမြို့အရောက် တာဝန်ယူတယ်။ နေဇာအောင်မှာ မိုင်းရယ်-မန္နလေး၊ ကိုဟိန်းမှာ မန္တလေးမှ မင်းတုန်း၊ ကိုဖျော်ခနဲ့ ရဲရင့်မှာ ယာဉ်မောင်းတွေ ရှာဖွေသူ စသဖြင့် အသီးသီး တာဝန်ခွဲဝေထားပါတယ်။ 

စိတ်ကြွဆေးတွေကို မင်းတုန်းမြို့ကနေတဆင့် ရခိုင်ပြည်နယ်ကို ပို့ဆောင်ဖို့ဖြစ်ပြီး သယ်ဆောင်မဲ့သူမှာ AA စီးပွား‌ရေးတာဝန်ခံ ထွန်းကျော် နဲ့ ဘညွန့် တို့ဖြစ်တယ်လို့ စွပ်စွဲဖော်ပြထားပြီး  သူတို့ ၂ ယောက်ကိုတော့ ဖမ်းဆီးဖို့ ကျန်ရှိသေးတယ်လို့ ဆိုပါတယ်။ 

မူးယစ်ဆေးဝါးတွေ ဖမ်းမိတဲ့အခါတွေမှာ AA နဲ့ဆက်စပ်တယ်ဆိုပြီး စစ်အာဏာရှင်ဘက်က သတင်းထုတ်လေ့ရှိတာဖြစ်ပြီး အမှန်တကယ် AA စီးပွား‌ရေးတာဝန်ခံတွေနဲ့ ပတ်သက်မှု ရှိ၊ မရှိတော့ အတည်ပြုနိုင်တာမရှိသလို သက်သေပြနိုင်တာလည်း မရှိပါဘူး။ 

လတ်တလော ဖမ်းဆီးရမိထားသူတွေကို မူးယစ်ဆေးဝါးဥပဒေအရ အရေးယူထားပြီး ငွေကြေးစီးဆင်းမှုတွေ ဆက်လက်ဖော်ထုတ်ကာ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်။ လုပ်ငန်းစဉ်မှာ ကျန်ရှိနေသူတွေလည်း ဆက်လက်စုံစမ်းဖမ်းဆီးအရေးယူသွားမယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013