
မြန်မာအနုပညာရှင် ၄ ယောက်ရဲ့ “ဓာတ်လေး ၄ ပါး” (Four Elements) ဆိုတဲ့ အနုပညာပြပွဲ ဖွင့်ပွဲကို မေ ၂၁ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
A New Burma ရဲ့ ပထမဆုံးသော ၂၀၂၆ Art Residency Program အဖြစ် မတူညီတဲ့ နောက်ခံနဲ့ အနုပညာမဏ္ဍိုင်အသီးသီးက အနုပညာရှင် ၄ ယောက်ကို ထိုင်းနိုင်ငံမှာ ၃ လကြာ နေထိုင်ခွင့်ပေးပြီး အနုပညာလက်ရာတွေကို လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ပေးခဲ့တာပါ။
ဒီ ၃ လအတွင်း ဖန်တီးခဲ့တဲ့ လက်ရာတွေကိုတော့ “ဓာတ်လေး ၄ ပါး” (Four Elements) ဆိုတဲ့ ပြပွဲမှာ စုစည်းပြသနေတာလည်း ဖြစ်ပါတယ်။
မေ ၂၁ ရက်ကနေ ၂၄ ရက်အထိ ၄ ရက်တာကျင်းပမဲ့ ဒီပြပွဲဟာ မတူကွဲပြားတဲ့ အနုပညာဖန်တီးမှုတွေကတဆင့် မီး၊ ရေ၊ လေ၊ မြေ ဆိုတဲ့ သဘာဝအခြေခံ ဒြပ်စင် ၄ ပါးရဲ့ အဓိပ္ပာယ်ဖော်ဆောင်မှုတွေကို ပုံဖော်တင်ဆက်ထားတာပါ။
A New Burma ကို တည်ထောင်သူ မနှင်းက “ပြပွဲအမည်က အနုပညာရှင်တွေဆီကနေပဲ ထွက်လာတာပါ။ သူတို့က ‘Four Elements’ (ဓာတ်လေးပါး) ဆိုပြီး အကြံပြုခဲ့ကြတာပါ၊ ဒါက ဒီ residency အစီအစဉ်မှာ သူတို့ဖန်တီးနေတဲ့ အနုပညာအမျိုးအစား တခုချင်းစီကို ကိုယ်စားပြုတာပါ” လို့ ပြောပါတယ်။
ဒီအစီအစဉ်ကိုတော့ မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းတွေကြောင့် အနုပညာရှင်တွေနဲ့ တီထွင်ဖန်တီးသူ အများအပြား နေရပ်စွန့်ခွာရွှေ့ပြောင်းနေရတဲ့ အခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။
ပထမဆုံးအကြိမ်အဖြစ် ခေါ်ယူတဲ့ ဒီအစီအစဉ်ကို အနုပညာရှင် ၇၀ ကျော် လျှောက်ထားခဲ့ကြပြီး အဲဒီထဲကမှ ၄ ယောက်ကိုသာ ရွေးချယ်ခဲ့တာပါ။
ပွဲစီစဉ်သူတွေအနေနဲ့ ရန်ကုန်လို မြို့ကြီးက အနုပညာရှင်တွေကိုပဲ အဓိကမထားဘဲ မတူညီတဲ့ ဒေသအသီးသီးနဲ့ အနုပညာနောက်ခံမတူတဲ့ သူတွေကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့ကြပါတယ်။
မနှင်းက “ကျမတို့က မတူညီတဲ့ အနုပညာအမျိုးအစားတွေနဲ့ နောက်ခံတွေကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ရန်ကုန်လို မြို့ကြီးပြကြီးက ဖန်တီးသူတွေကိုပဲ ရွေးတာမျိုးမဟုတ်ဘဲ နေရာဒေသ အသီးသီးမှာ နေထိုင်နေကြတဲ့သူတွေကို ပါဝင်စေချင်တာပါ” လို့ ဆက်ပြောပါတယ်။
ဒီပြပွဲမှာတော့ ခန္ဓာကိုယ် ရွေ့လျားမှုတွေနဲ့ အက အလှ အနုပညာကို တင်ဆက်တဲ့သူကို လေ၊ တည်ငြိမ်မှုအပြည့်နဲ့ အရောင်တွေကို ခြယ်မှုန်းဆွဲတဲ့ ပန်းချီအနုပညာကို ထုတ်ဖော်တဲ့သူကို မြေ၊ အလင်းနဲ့ အမှောင်ကို အသုံးပြုပြီး ရုပ်ရှင်ဖန်တီးသူကို မီး၊ ရေရဲ့အလျင်လို စကားလေးတွေ စီးဆင်းရေးဖွဲ့သူကို ရေ အဖြစ် တင်စားထားတာလည်း ဖြစ်ပါတယ်။
ဓာတ်လေးပါးထဲက ‘လေ’ အဖြစ် ကိုယ်စားပြုတဲ့ မြန်မာ့ရိုးရာကပြဖျော်ဖြေမှုနဲ့အတူ ပါဝင်ပြသခဲ့တဲ့ သဘင်အနုပညာရှင် သားအောင်ဆက်က ဒီပြပွဲမှာ ဇာတ်သဘင်ရဲ့ သမိုင်းကြောင်းကို ပါဝင်ပြသထားတာပါ။
သဘင်အနုပညာရှင် သားအောင်ဆက်က “သဘင်နဲ့ ပတ်သက်တဲ့ ခေတ် ၃ ခေတ်လို့ ပြောလို့ရတဲ့ ရုပ်သေးရယ်၊ မြေဝိုင်းရယ်၊ လက်ရှိခေတ်မှာ ကပြနေတဲ့ ဇာတ်သဘင်ရယ် ဒီအကြောင်းလေးတွေ ပါဝင်ပြသထားပါတယ်။ ဒါကြောင့် ဒီပြပွဲလေးကို လာပြီးတော့ ကြည့်ရှုကြပါ။ ကျနော်တို့လို exile artist တွေကိုလည်း ပံ့ပိုးပေးကြပါ။ ကျနော်တို့တွေ အများကြီး ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မနှင်းက ပြည်ပရောက် မြန်မာအနုပညာရှင်တွေ ရင်ဆိုင်နေရတဲ့ အခွင့်အလမ်း အကန့်အသတ်တွေ၊ အထူးသဖြင့် နိုင်ငံတကာ အနုပညာရှင် အခြေချနေထိုင်ခြင်း အစီအစဉ်တွေကို လျှောက်ထားတဲ့အခါ ဗီဇာကန့်သတ်ချက်တွေနဲ့ ကြုံတွေ့နေရပုံကိုလည်း ထောက်ပြခဲ့ပါတယ်။
မနှင်းက “ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တချို့နဲ့ သူငယ်ချင်းတွေ ဥရောပ အနုပညာ အစီအစဉ်တွေကို လျှောက်ကြပေမဲ့ ဗီဇာငြင်းပယ်ခံရတာတွေနဲ့ ခရီးသွားလာခွင့် ပိတ်ပင်ချက်တွေကြောင့် အဝေးကြီးကို သွားခွင့်မရကြဘူး။ ဒါကြောင့် အနည်းဆုံး လူတယောက်အတွက်ပဲဖြစ်ဖြစ်၊ သူတို့ စိတ်အေးလက်အေး အချိန်ယူပြီး ကိုယ့်ရဲ့အနုပညာကို လွတ်လွတ်လပ်လပ် ဖန်တီးနိုင်မဲ့ အခွင့်အရေးမျိုး ရစေချင်တာနဲ့ ဒီအစီအစဉ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ပြောပါတယ်။
သဘင်အနုပညာရှင် သားအောင်ဆက်ကလည်း အာဏာသိမ်းပြီးနောက် အနုပညာရှင်တွေဟာ လွတ်လွတ်လပ်လပ် အနုပညာတွေ ဖော်ထုတ်ခွင့်မရဘဲ စစ်အာဏာရှင်အလိုကျ ကြိုးဆွဲရာကနေရတဲ့ ရုပ်သေးရုပ်တွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။
သဘင်အနုပညာရှင် သားအောင်ဆက်က “ကျနော်တို့ စစ်အာဏာရှင်လက်အောက် အဖိနှိပ်ခံနေရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့မှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့်တွေ မရဘူး။ ကျနော်ကတော့ စစ်တပ်ကို ဆန့်ကျင်ပြီးတော့ ဒီဘက်ရောက်လာတယ်ဆိုတော့ ကျနော်ကတော့ လွတ်လပ်စွာ ဖော်ထုတ်လို့ရတယ်နော်။ မြန်မာပြည်မှာရှိတဲ့ ပြည်တွင်း အနုပညာရှင်တွေကျ ဘယ်လိုဖြစ်လဲဆိုတော့ မရဘူး။ နည်းမျိုးစုံ ကြောက်နေရတာ။ သူတို့ရင်ထဲက ခံစားတာတွေက တမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့ ဖော်ထုတ်လာတဲ့ အနုပညာတွေကတော့ စစ်တပ်အလိုကျ ကြိုးဆွဲရာ ကနေရတဲ့ အနုပညာတွေပဲ ဖြစ်လာတယ်။ တခြားတဖက်မှာတော့ ဘာတွေဖြစ်လဲ၊ ကျနော်တို့ စစ်ဘေးရှောင် မိဘပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲနေတယ်။ ဒါပေမဲ့ တဖက်မှာတော့ မြို့ကြီးပြကြီးတွေမှာ ပွဲလမ်းသဘင် လုပ်နေတယ်။ ပွဲလမ်းသဘင်နဲ့ စစ်တပ်က ဖုံးထားတာလေ။ အဲတော့ ကျနော်တို့ ဘယ်သူမှ ဒါကို မတရားတာကြီးကို မတရားတာလို့ ပြောခွင့်မရှိဘဲနဲ့ ပိတ်လှောင်ခံလိုက်ရတယ်။ ဒါက အဆိုးရွားဆုံး ကိစ္စတခုပဲ” လို့ ထောက်ပြခဲ့ပါတယ်။
သဘင်အနုပညာရှင်ဖြစ်တဲ့ သားအောင်ဆက်ဟာ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်နေသူတယောက် ဖြစ်ပါတယ်။
သူဟာ တတ်စွမ်းတဲ့ အနုပညာနဲ့ စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်နေသူတယောက်လည်း ဖြစ်ပါတယ်။
Photo: စောမင်းသိန်း / DVB










