
ယူကရိန်းတပ်တွေ ထိုးစစ်ဆင်ပြီး နယ်မြေတွေ ပြန်လည်သိမ်းပိုက်နေပြီဖြစ်တယ်လို့ ယူကရိန်း သမ္မတ ဇလန်းစကီးက ပြောပါတယ်။
အဲဒီပြောကြားချက်တွေမှာ အရင်က မကြေညာဘူးတဲ့ ရုရှားတပ်တွေကို အသာရဖို့ ဓာတ်ငွေ့ ပိုက်လိုင်းတွေ ယူကရိန်းတပ်တွေက အသုံးပြုခဲ့တဲ့ အကြောင်းလည်း ပါဝင်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ၄ နှစ်ခွဲကြာ အချိန်မှာ ယူကရိန်းရဲ့ စစ်ပွဲအနေအထားက အကောင်းဆုံးပုံစံမှာ ရှိနေတယ်လို့ ဇလန်းစကီးက ပြောခဲ့ပြီး အနောက်မဟာမိတ်တွေရဲ့ လေကြောင်းကာကွယ်ရေး ပံ့ပိုးမှုတွေ ပိုရမယ်ဆိုရင် ပိုပြီး အားကောင်းမယ်လို့ ပြောပါတယ်။
ဇလန်းစကီးက “အစီအစဉ်ကောင်းတွေနဲ့ နည်းပညာ အသုံးပြုမှုတွေကြောင့် အားကောင်းတဲ့ စစ်ဆေးရေး တခု ဖြစ်နေပါတယ်။ ရုရှားတွေက အရင်တုန်းက ကျနော်တို့ကို အသာရဖို့ မြေအောက် ဓာတ်ငွေ့ပိုက်လိုင်းတွေ သုံးခဲ့ပါတယ်။ ကျနော်တို့ တိုက်ခိုက်ရေးသမားတွေကလည်း ဒီနည်းကို သုံးပြီး ရုရှားတွေကို အောင်မြင်အောင် တွန်းလှန်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
ယူကရိန်းရဲ့ စီနီယာတပ်မှူးတယောက်ကတော့ ယူကရိန်း တတိယတပ်မဟာက ရုရှားတွေ သိမ်းပိုက်ထားတဲ့ ၇၅ စတုရန်းကီလိုမီတာကို ရှင်းလင်းနိုင်ခဲ့ကာ ၁၀ စတုရန်းကီလိုမီတာ ပြန်လည် သိမ်းပိုက်ထားနိုင်တယ်လို့ ပြောပါတယ်။
ဒီစစ်ဆင်ရေးဟာ အဓိကခံတပ်တွေရှိတဲ့ ယူကရိန်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ စလိုဗီရန်တက်နဲ့ ကရာမာတော့မြို့တို့မှာ ဖြစ်ပါတယ်။
ရုရှားဟာ ဒွန်ဘတ်ဒေသတခုလုံးကို သိမ်းပိုက်နိုင်ဖို့ ဒီမြို့ ၂ ခုကို သိမ်းပိုက်နိုင်ဖို့ လိုအပ်နေပါတယ်။
ယူကရိန်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လကလည်း တောင်ပိုင်းမှာရှိတဲ့ ရွာ ၂၆ ရွာကို ပြန်လည် ထိန်းချုပ် နိုင်ခဲ့တယ်လို့ ဇလန်းစကီးက ဆိုပါတယ်။
ယူကရိန်းနယ်မြေ ၉၂ ခု ဒီလအတွင်းမှာ သိမ်းပိုက်ထားကြောင်း ရုရှားက ကြေညာထားပြီး ယူကရိန်း ကတော့ ပယ်ချထားပါတယ်။
Source: Reuters











