
ကမ္ဘာပေါ်မှာ အမေရိကန်ရဲ့ အခန်းကဏ္ဍနည်းလာနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက သတိပေးလိုက်ပြီး ကမ္ဘာ့အရေးတွေမှာ ဥရောပက ပိုကြီးမားတဲ့နေရာကနေပါဝင်ဖို့ အထူးသဖြင့် ဂျာမနီက ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲ ရလဒ်က အမေရိကန်ရဲ့ ခေါင်းဆောင်မှုကို ကာလရှည်မီခိုနေရတဲ့ နိုင်ငံတွေအတွက် ကြီးမားတဲ့အကျိုးဆက်တွေ ဖြစ်လာမယ်လို့ ဇလန်းစကီးက ဘာလင်လုံခြုံရေးကောင်စီမှာ ပြောခဲ့တာပါ။
ဇလန်းစကီးက “ဒီနေ့က နိုဝင်ဘာ ၃ ရက်နေ့ပါ။ ကမ္ဘာကြီးက အမေရိကန်ဆိုတဲ့ နိုင်ငံ တနိုင်ငံတည်းကိုပဲ ကြည့်နေကြမှာပါ။ ဒီနေ့က မဲပေးတဲ့နေ့ဖြစ်ပြီး အနာဂတ်တွေကို အဆုံးအဖြတ်ပေးသွားမှာပါ” လို့ ပြောပါတယ်။
ဇလန်းစကီးက ရုရှားရဲ့ ကျူးကျော်စစ်ခံရချိန်မှာ အမေရိကန်ရဲ့ ပံ့ပိုးမှုများကို ကျေးဇူးတင်ကြောင်း၊ အမေရိကန်ရဲ့ ကူညီမှုနဲ့ အသက်တွေ ကယ်တင်နိုင်ပြီး ဒုက္ခသည် အကျပ်အတည်းကိုလည်း ကာကွယ်နိုင်ခဲ့တဲ့အကြောင်း ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။
ဒါပေမဲ့ လုံခြုံရေးနဲ့ လွတ်လပ်မှုအတွက် ပိုကြီးမားတဲ့ တာဝန်တွေ ယူဖို့ ပြင်ဆင်ထားဖို့ လိုအပ်တဲ့အကြောင်း ဥရောပတိုက်နဲ့ ဂျာမနီနိုင်ငံတို့ကို ဇလန်းစကီးက တိုက်တွန်းခဲ့ပါသေးတယ်။
“ကမ္ဘာပေါ်မှာ အမေရိကန်ရဲ့ အရေးပါမှုက သေးငယ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဥရောပက ကမ္ဘာမှာ ပိုကြီးတဲ့အခန်းဏ္ဍကနေ ပါဝင်ရပါမယ်။ ဂျာမနီမပါရင် မဖြစ်နိုင်ပါဘူး။ ဂျာမနီမပါရင် လွတ်လပ်မှုတွေ ဆုံးရှုံးသွားမှာ သေချာပါတယ်။ ဥရောပရဲ့ လုံခြုံရေးနဲ့ လွတ်လပ်မှုဟာ ဂျာမနီရဲ့ စွမ်းအားနဲ့ ကတိကဝတ်တွေက အစားထိုးလို့မရပါဘူး” လို့ ဇလန်းစကီးက ပြောပါတယ်။
နိုဝင်ဘာလ ၁၀ နဲ့ ၁၁ ရက်တို့မှာ ယူကရိန်း၊ ရုရှား၊ အမေရိကန် ကိုယ်စားလှယ်တွေဟာ အဘူဒါဘီမှာ ၃ ပွင့်ဆိုင်တွေ့ဆုံမှာ ဖြစ်ပါတယ်။
Source: Reuters











