
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်အာဏာရှင်တပ် စစ်ကြောင်းကို မဟာမိတ်ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၈ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အာဏာရှင်တပ်သား ၃၀ ကျော် သေဆုံးပြီး ၂၀ ကျော် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
လောင်းရှည်အခြေစိုက် ကပစ-၂၅ ကနေ ကျင်ဒွေးမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်အာဏာရှင် တပ်မ ၇၇ စစ်ကြောင်းကို ချင်းပြည်သူ့တပ်မတော် (CPA) နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက မာဆာတွီကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်အာဏာရှင်တပ်သား ၃၀ ကျော် သေဆုံးပြီး ၂၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲအခြေအနေကြောင့် နယ်မြေရှင်းလင်းရေးလုပ်ပြီးမှ အခုလို သတင်းထုတ်ပြန်တာလို့ အာရက္ခတပ်တော် (AA) စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ကျင်ဒွေးမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းကို မဟာမိတ်ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ပြီး အကောင်းဆုံး ဟန့်တားထားနိုင်တာရှိတယ်။ တိုက်ပွဲတွေက နေ့တိုင်းနီးပါး ရှိနေတယ်။ စစ်ကောင်စီဘက်က အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်း တပ်စုတစုကို အပြတ်ချေမှုန်းထားပြီး စစ်သုံ့ပန်းအဖြစ် ၂၀ ကျော်၊ အလောင်း ၃၀ ကျော်နဲ့ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိထားတာရှိတယ်။ စစ်တပ်စစ်ကြောင်းက မဆာတတွီရွာအနီးမှာပဲ ရှိသေးပြီးတော့ ရှေ့မတိုးနိုင်တော့ဘူး။ လေကြောင်း ပစ်ကူတွေတော့ နေ့တိုင်း ပေးနေတယ်။”
စစ်ကြောင်းတကြောင်းလုံး ချေမှုန်းခံရပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ စစ်ကြောင်းကတော့ တပ်မ ၇၇ လက်အောက်ခံတပ်ရင်းတခုက တပ်ကြပ်ကြီး ရဲဝင်းထွန်း ဦးဆောင်တဲ့ စစ်ကြောင်းဖြစ်ပြီး စစ်ကြောင်းမှူးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိထားတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်ဟာ ကပစ-၂၅ ကနေ အင်အား ၅၀၀ နီးပါးပါတဲ့ စစ်ကြောင်းကြီးနဲ့ ကျင်ဒွေးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ကြားဖြတ်တိုက်ခိုက်တာနဲ့ တန်ပြန်တိုက်ခိုက်တာတွေကြောင့် ပြုန်းတီး အင်အား ၁၀၀ ကျော်အထိ ရှိလာနေပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ချင်းပြည်တောင်ပိုင်းကို ထိုးစစ်ဆင်နေတဲ့ စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်တွေကို ချင်းပြည်သူ့တပ်မတော် (CPA)၊ အာရက္ခတပ်တော် (AA) နဲ့ ယောကာကွယ်ရေးတပ် (YDF) အပါဝင် NUG လက်အောက်ခံ PDF တချို့ကလည်း ကိုယ့်နယ်မြေအလိုက် တာဝန်ယူပြီး တိုက်ခိုက်နေကြတာလို့ သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ချင်းပြည်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ၂၀၂၆ ခုနှစ် မေလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် ပထမ စစ်ကြောင်း စစ်ဦးကျိုးခဲ့ပြီး လက်ရှိမှာ ဆောမြို့နယ်တွင်း ထပ်မံအင်အားဖြည့်တင်းကာ စစ်ကြောင်းအသစ်တွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
လက်ရှိ စစ်အာဏာရှင်တပ် ထိုးစစ်ဆင်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း ဆောမြို့နယ်ကို နေ့စဉ်ရက်ဆက် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေလို့ ဒေသခံထောင်နဲချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။











