
စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု (SIPRI) က ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ကမ္ဘာ့အကြီးဆုံး လက်နက်ကုမ္ပဏီ ၁၀၀ ရဲ့ လက်နက်ရောင်းချမှုကနေ ရတဲ့ဝင်ငွေဟာ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆၇၉ ဘီလျံအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဝင်ငွေပမာဏရဲ့ ထက်ဝက်နီးပါး (၄၈ ရာခိုင်နှုန်း) ဟာ ထိပ်ဆုံးကုမ္ပဏီ ၁၀ ခုက ရရှိနေတာဖြစ်ပြီး ဒေါ်လာ ၃၂၆ ဘီလျံကျော် ရှိပါတယ်။
ယူကရိန်းနဲ့ ဂါဇာစစ်ပွဲတွေ၊ ကမ္ဘာနဲ့ ဒေသတွင်းမှာ ပထဝီနိုင်ငံရေး တင်းမာမှုတွေအပြင် မြင့်တက်လာနေတဲ့ စစ်အသုံးစရိတ်တွေကြောင့် စစ်လက်နက်ဝယ်လိုအားလည်း မြင့်တက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့လက်နက်ရောင်းချမှုက ရရှိတဲ့ဝင်ငွေတွေ အခုလို သိသိသာသာ တိုးတက်လာခဲ့တာဖြစ်တယ်လို့ SIPRI က ဆိုပါတယ်။
ကမ္ဘာ့အကြီးဆုံး လက်နက်ကုမ္ပဏီ ၁၀၀ ထဲ အမေရိကန်ကုမ္ပဏီပေါင်း ၃၉ ခု အထိ ပါဝင်နေပါတယ်။










