
ထိုင်ဝမ်ဟာ အစီအစဉ်အတိုင်း လက်နက်ရောင်းချမှုတွေ အကောင်အထည်ဖော်နိုင်ဖို့ အမေရိကန်နဲ့ အနီးကပ် ဆက်လက် ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတယောက်က စက်တင်ဘာ ၂၃ ရက်မှာ အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်တို့ ဝါရှင်တန်မှာ မတွေ့ဆုံခင်မှာ ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ ချောင်ဖှူးချွန်းက အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးဟာ ဒီမိုကရေစီနိုင်ငံတွေရဲ့ ဘုံအကျိုးစီးပွား ဖြစ်တာကြောင့် ထိုင်ဝမ်ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည် တိုးတက်ရေးကို အမေရိကန်အစိုးရနဲ့ လွှတ်တော်တို့က အကြိမ်ကြိမ် ထောက်ခံထားကြောင်း ပြောပါတယ်။
ဒါ့ကြောင့် လက်နက်ရောင်းချမှုတွေကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နီးနီးကပ်ကပ် ဆက်သွယ် ဆောင်ရွက်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
အမေရိကန်ဟာ ထိုင်ဝမ်အတွက် အရေးအကြီးဆုံး လက်နက်ထောက်ပံ့သူဖြစ်ပေမဲ့ ထိုင်ဝမ်မှာလည်း ကိုယ်ပိုင်လက်နက် တည်ဆောက်ထုတ်လုပ်ရေး အစီအစဉ် ရှိပါတယ်။
ထိုင်ဝမ်စစ်တပ်ဟာ ၁၀၅ မီလီမီတာ အမြောက် တပ်ဆင်ထားတဲ့ ၈ ဘီးတပ် သံချပ်ကာ တိုက်ခိုက်ရေးယာဉ်သစ်ကို ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြသခဲ့ပြီး ပြည်တွင်းဖြစ်လက်နက်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပြသဖို့ ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်လေ့ကျင့်ခဲ့ပါတယ်။
ဒါ့အပြင် ထိုင်ဝမ်စစ်တပ်ဟာ လက်ရှိ ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ နည်းပညာ တိုးတက်မှုတွေကနေ သင်ခန်းစာယူကာ စစ်ရေးလေ့ကျင့်မှုတွေကို မြှင့်တင်နေပါတယ်။
ကြည်းတပ်ရဲ့ အမြောက်တပ် သင်တန်းကျောင်းမှ နည်းပြအရာရှိ ဒုတိယဗိုလ်မှူးကြီး ချန်းယူဝမ်းန်က စစ်ပွဲအခြေအနေမှန် သရုပ်ဖော်စနစ်တွေအတွင်း မောင်းသူမဲ့ဒရုန်း (UAV) ဆိုင်ရာ နည်းပညာ အချက်အလက်တွေကို ထည့်သွင်းထားပြီး လက်တွေ့စစ်ပွဲ အခင်းအကျင်းတွေ ရေးဆွဲကာ သင်တန်းသားတွေရဲ့ ဒရုန်းဆိုင်ရာ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး စွမ်းရည်တွေကို လေ့ကျင့်ပေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ထိုင်ဝမ်အတွက် စံချိန်တင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ တန်ကြေးရှိ လက်နက်ရောင်းချမှု အစီအစဉ်ကို အတည်ပြုပေးခဲ့ပေမဲ့ ပေကျင်းကို သွားရောက်ခဲ့ပြီးနောက် မေလမှာတော့ ဒေါ်လာ ၁၄ ဘီလီယံလောက် တန်ကြေးရှိတဲ့ ဒုတိယမြောက် လက်နက်ရောင်းချမှု အစီအစဉ်ကို ဆိုင်းငံ့ထားကြောင်း ပြောကြားခဲ့ပါတယ်။
Source: Reuters











