
ဥရောပ ၇ နိုင်ငံက စူပါမားကက်တွေရဲ့ ရေခဲသေတ္တာတွေနဲ့ အအေးခန်း ထိန်းစနစ်တွေ နိုဝင်ဘာ ၂ ရက်မှာ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရပြီး အပူချိန်တွေ ရုတ်တရက် မြင့်တက်ခဲ့ကာ အစားအသောက်တချို့ ပျက်စီး စွန့်ပစ်ခဲ့ရပါတယ်။
တိုက်ခိုက်မှုကြုံရတဲ့ နိုင်ငံတွေက ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ဆွီဒင်၊ အိုင်ယာလန်၊ နယ်သာလန်၊ အက်စတိုးနီးယားနဲ့ ဖင်လန်နိုင်ငံတို့ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံနဲ့ လူဇင်ဘတ်မှာ Delhaize စူပါမားကက် ၄၀ ဝန်းကျင် ထိခိုက်ခဲ့ပြီး ဘယ်လ်ဂျီယံက Carrefour ဆိုင် ၁၅ ဆိုင်လည်း ထိခိုက်ခဲ့ပါတယ်။
အိုင်ယာလန်မှာ SuperValu ဆိုင် ၁၃ ဆိုင်နဲ့ ဆွီဒင်မှာ Coop ဆိုင် ၇ ဆိုင်လည်း ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရပါတယ်။
ဟက်ကာတွေက အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ အအေးပေးစနစ်တွေကို အဝေးကနေ ထိန်းချုပ်ပြီး ရေခဲပျော်စေတဲ့စနစ်ကို ဖွင့်လိုက်တာလို့ ဘယ်လ်ဂျီယံကုမ္ပဏီ Sabcobel က ပြောပါတယ်။
ဆွီဒင်နိုင်ငံက ICA ဆိုင်တဆိုင်ကတော့ “ကျနော်တို့ရဲ့ ရေခဲသေတ္တာနဲ့ အအေးခန်းတွေ ညတွင်းချင်း ဟက်ကာတိုက်ခိုက်ခံရပြီး အပူချိန်ကို ၅၀ ဒီဂရီစင်တီဂရိတ်အထိ မြှင့်သွားပါတယ်” လို့ ပြောပါတယ်။
အပူချိန်မြင့်တက်မှုကြောင့် အအေးခံသိမ်းဆည်းထားတဲ့ အစားအသောက်တွေ ပျက်စီးခဲ့ပြီး ဆိုင်တချို့မှာ စွန့်ပစ်ခဲ့ရပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံက Delhaize ဆိုင်တဆိုင်မှာတင် ယူရို တသိန်းဖိုး ကုန်ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ ဆိုင်တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာလည်း ပြင်သစ်နိုင်ငံက စူပါမားကက် ရာနဲ့ချီ အလားတူ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရပြီး ယူရိုသန်းချီ တန်ဖိုးရှိတဲ့ အစားအသောက်တွေ စွန့်ပစ်ခဲ့ရပါတယ်။
နောက်ဆုံးတိုက်ခိုက်မှုကို ဘယ်သူလုပ်ဆောင်ခဲ့သလဲဆိုတာ မသိရသေးဘဲ ဘယ်လ်ဂျီယံနဲ့ ဆွီဒင်နိုင်ငံက ဆိုက်ဘာလုံခြုံရေးအဖွဲ့တွေ စောင့်ကြည့်နေပါတယ်။
Source: Reuters











