
တောင်ကိုရီးယားမှာ မြန်မာနိုင်ငံသားတယောက်က မြန်မာလုပ်သားတွေဆီက ငွေကြေး ကျပ်သိန်းသောင်းချီနဲ့ ညီမျှတဲ့ ဝမ်ငွေတွေ လိမ်လည်ယူပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ကိုရီးယားရောက် မြန်မာအအသိုက်အဝန်းကနေ သိရပါတယ်။
လိမ်လည်သွားတဲ့သူမှာ အလုပ်သမားတွေရဲ့ မိသားစုဆီ ဝမ်ငွေကနေ ကျပ်ငွေလဲပြီး လွှဲပို့ပေးနေတဲ့ ငွေလဲပွဲစား အလုပ်လုပ်နေသူဖြစ်ကာ ဝမ်ငွေတွေ လက်ခံယူထားပြီး ကျပ်ငွေလဲမပေးဘဲ ထွက်ပြေး သွားတာလို့ ဆိုပါတယ်။
ငွေလိမ်သွားသူဟာ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က အသက် ၄၀ အရွယ် မင်းမင်းထွန်း ဖြစ်တယ်လို့ သူ့ရဲ့နောက်ကြောင်းကို စုံစမ်းရရှိထားသူတွေက ပြန်လည်မျှဝေထားကြပါတယ်။
တောင်ကိုရီးယားရောက်သူတွေ သတင်းအချက်အလက်မျှဝေတဲ့ လူမူကွန်ရက်ဂရုပ်တခုမှာ မြန်မာ လုပ်သားတယောက်က ငွေလိမ်ခံရတဲ့ပို့စ် တင်လိုက်ပြီး မကြာခင်မှာပဲ သူတို့လည်း ပိုက်ဆံ ဘယ်လောက် ပါသွားတယ်ဆိုတဲ့ မှတ်ချက်တွေ တသီကြီး ဝင်ပေးလာကြတော့မှ ငွေလိမ်ခံရသူ အများအပြား ရှိမှန်း သိရတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတယောက်က “အစပိုင်းမှာ မှန်မှန်ကန်ကန် လုပ်ပြပြီးမှ နောက်ဆုံးကြမှ အချီကြီး မသွားတဲ့သဘော၊ သူကတော့ ကြိုတင် ပြင်ဆင်ထားမှာပေါ့။ သိရတဲ့အချိန်ကျတော့ အစတောင်ရှာမရတော့ဘူး” လို့ ပြောပါတယ်။
လိမ်လည်ခံရတဲ့ ငွေပမာဏက တယောက်ကို အနည်းဆုံး ကျပ်သိန်းဆယ်ဂဏန်းကနေ ကျပ်သိန်း ထောင်ချီအထိ ပါသွားသူလည်း ရှိပြီး အားလုံးပေါင်းရင် ကျပ်သိန်းသောင်းချီလောက် ရှိနိုင်တယ်လို့ မြန်မာနိုင်ငံသားတွေက ခန့်မှန်းထားကြပါတယ်။
ငွေလိမ်လည်သွားတဲ့ မင်းမင်းထွန်းကို မေလဆန်းပိုင်းက အဆက်အသွယ်ပြတ်သွားတာလို့ နောက်ဆုံး သူနဲ့ ငွေလွှဲခဲ့သူတွေက ပြောဆိုထားကြပြီး ကျားဖြန့်လုပ်ငန်းလိုမျိုး သူ့ရဲ့နောက်မှာ အစုအဖွဲ့ ရှိနိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆတာတွေလည်း ရှိနေပါတယ်။
လက်ရှိ တောင်ကိုရီးယားနိုင်ငံထဲမှာပဲ ရှောင်ပုန်းနေဖို့ ဖြစ်နိုင်ခြေနည်းပြီး မြန်မာနိုင်ငံထဲ ပြန်ဝင် သွားတာ မဟုတ်ရင် တခြားနိုင်ငံတခုခုဆီ သွားရောက် ခြေရာဖျောက်နေဖို့ များတယ်လို့ အလုပ်သမားတွေက သုံးသပ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိ လုပ်ကိုင်နေတာ ၁၀ နှစ်ကျော်ရှိပြီဖြစ်တဲ့ ကိုညီညီအောင်က “ငွေလဲပွဲစားလုပ်ပြီး အချီကြီးမသွားတာ၊ သူ့အကြောင်းတော့ သေသေချာချာမသိဘူး။ မြန်မာပွဲစား အချင်းချင်းထဲကတောင် ပါသွားသေးတယ် ကြားတယ်။ ပင်ပင်ပန်းပန်းလုပ်ပြီး ရှာထားတဲ့ ချွေးနှဲစာ ဆိုတော့ ပမာဏနည်းနည်း များများ နှမြောကြမှာပဲ” လို့ ပြောပါတယ်။
တောင်ကိုရီးယားမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသားဖြစ်သူက ဝမ်သိန်း ၅၀ ကို ကျပ်ငွေလဲပြီး မင်းမင်းထွန်းကတဆင့် လွှဲပို့ဖို့ အပ်လိုက်တဲ့ ပိုက်ဆံလည်း အလိမ်ခံရတဲ့အထဲ ပါသွားတယ်လို့ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ အမျိုးသမီးက ပြောပါတယ်။
လက်ရှိမှာ ငွေလိမ်ခံရတယ်လို့ ထုတ်ပြောလာသူတွေက တိုးလာနေပြီး အားလုံးစုစည်းကာ ရဲစခန်း မှာ အမှုဖွင့် တိုင်ကြားဖို့အတွက် ချိတ်ဆက် ပြောဆိုတာတွေ ရှိတယ်လို့ တောင်ကိုရီးယားရောက် မြန်မာအသိုက်ဝန်းဆီက သိရပါတယ်။











