DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်တပ်က အခြားအဆင့်တပ်ဖွဲ့ဝင်များကို တဆင့်မြင့်ရာထူးတိုးပေးပြီး ရခိုင်သို့ပို့
DVB
·
May 29, 2026
Photo: MOI
Photo: MOI
Donate to DVB

အာရက္ခတပ်တော် (AA) နဲ့ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို စစ်အာဏာရှင်တပ်က တခြားအဆင့်တွေကို တဆင့်မြင့်ရာထူးတိုးပေးပြီး ပို့ဆောင်နေတယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

စစ်အာဏာရှင်တပ်က တခြားအဆင့်တွေဖြစ်တဲ့ တပ်သားကနေ အရာခံဗိုလ်အဆင့် ရှိသူတွေကို တဆင့်မြင့်ရာထူး တိုးပေးပြီး မေ ၂၅ ရက်ကစတင်ကာ စစ်တွေ(ဒေသကွပ်ကဲမှုဌာနချုပ်) ကို ပို့ဆောင်နေတာလို့ နေပြည်တော် သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ရခိုင်ကို သွားချင်တဲ့သူမရှိဘူး၊ တချို့ဆို ရခိုင်ကို မသွားဘဲ ထွက်ပြေးပြီး ထောင်ကျခံကြတယ်။ အဲလိုဖြစ်နေလို့ တခြားအဆင့်တွေကို တဆင့်မြင့်ရာထူးတိုးပေးပြီး လွှတ်တာ။ တပ်သားဆို ဒုတပ်ကြပ်၊ ဒုတပ်ကြပ်ဆို တပ်ကြပ်၊ တပ်ကြပ်ဆို တပ်ကြပ်ကြီး၊ တပ်ကြပ်ကြီးဆို ဒုအရာခံဗိုလ်၊ ဒုအရာခံဗိုလ်ဆို အရာခံဗိုလ်၊ အရာခံဗိုလ်ဆို ဒုဗိုလ်အဆင့် တိုးပေးပြီး လွှတ်တာ၊ ဒကစ စစ်တွေကို အင်အားဖြည့်နေတာ။”

ဒကစ စစ်တွေကို တဆင့်မြင့်ရာထူးတိုးပေးပြီး ပို့ဆောင်သူတွေထဲမှာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က အများဆုံးပါဝင်ပြီး ရေကြောင်းကနေ ပို့ဆောင်နေတာလို့ ဆိုပါတယ်။

ရာထူးတိုးပေးပေမဲ့ အကြောင်းပြချက်မရှိဘဲ ရခိုင်ပြည်နယ်ကို မသွားတဲ့ တခြားအဆင့်တွေကို စစ်အာဏာရှင်တပ်က တပ်ရင်းအချုပ်မှာ ချုပ်နှောင် ဖမ်းဆီးထားတယ်လို့ တပ်မ ၆၆ နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ခမရ ၁၀၈ မှာ စစ်တွေကိုမသွားဘဲ ဆေးခွင့်လိမ်တင်တဲ့ တခြားအဆင့် ၄ ယောက်ကို တပ်ရင်းအချုပ်မှာ ဖမ်ထားတယ်။ ရခိုင်ကို ရှေ့တန်းပါရင် နောက်တန်းပြန်မလာရဘူးဆိုတာ သိလို့ ခမရ ၁၀၈ က တခြားအဆင့်တွေက အချုပ်ကျခံတာ။”

တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး တက်လာကတည်းက ရခိုင်ပြည်နယ်က အာက္ခရတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့တွေကို နေ့စဥ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဟာ AA အနေနဲ့ ဒကစ စစ်တွေအထိ အောင်မြေချဲ့လာမှာ စိုးရိမ်စိတ်ကြောင့် ဖြစ်တယ်လို့ စစ်ရေးလေ့လာသူတယောက်က DVB ကို ပြောပါတယ်။

“လေကြောင်းကနေ ဗုံးကြဲနေတယ်ဆိုတာ AA က စစ်တွေအထိ အောင်မြေချဲ့လာမှာ စိုးရိမ်တာ၊ လက်ရှိ စစ်တပ်က ရခိုင်ကို ဝင်လို့ရအောင် ရေကြောင်းကနေ တိုးနေပေမဲ့ အနားကို ကပ်လို့မရတာ၊ ရခိုင်ပြည်ရဲ့ ပထဝီမြေပြင်အနေအထားအရပဲ ဒီအနေအထားကို AA က ပိုင်နိုင်စွာ အသုံးချထားတဲ့ အတွက် စစ်တပ်က AA ကို ယှဥ်လို့မရဘူး ဖြစ်နေတာ။”

၁၀၂၇ စစ်ဆင်ရေးမှာ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းအဖွဲ့တွေက အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် အမ်း၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွနဲ့ တောင်ကုတ်မြို့တွေကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီလို သိမ်းပိုက်ပြီးနောက် အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်အာဏာရှင်တပ်ရဲ့ ပဲခူးတိုင်း ကပစ ၁၆၊ ဧရာဝတီတိုင်းက အမှတ် ၃၄၄ အမြောက်တပ်ရင်းနဲ့ မကွေးတိုင်း အမ်း-ပဒါန်းလမ်းက ကပစ ၁၄ ကို ထပ်မံထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013