
တရုတ်သည် နိုင်ငံအတွင်း ပိုက်လိုင်းကြီးသွယ်ရုံနှင့် အားမရသေး၊ ရထားလမ်း၊ ကားလမ်းများအထိပင် ဖောက်ဖို့ ကြံလာနေပြီ ဖြစ်သည်။ မင်းအောင်လှိုင်ကလည်း ၎င်းတို့၏ အကျိုးစီးပွားကို ဦးဆွေးဆံမြည့် ကာကွယ်ပေးသွားမည်ဟု ဝမ်ယိအား ကတိသစ္စာ ပြုထားခဲ့ပြီး ဖြစ်သည်။
၎င်းတို့ဖောက်လုပ်မည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်းမကြီး ဆိုသည်က ယူနန်ပြည်နယ် နယ်စပ်မှ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဖြစ်သော ကပ္ပလီပင်လယ်အထိ သွယ်တန်းထားသည့် ပြောင်းပြန် Y ပုံသဏ္ဌာန် လမ်းကြောင်း ဖြစ်သည်။ ထိုစီမံကိန်းများမှာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ မူဆယ်-ကျောက်ဖြူ ရထားလမ်း၊ ရန်ကုန်မြို့သစ် စီမံကိန်းတို့ ဖြစ်သည်။
စစ်အုပ်စုသည် ပေကျင်းအတွက် အကောင်းဆုံးသော မိတ်ဖက်အဖွဲ့အစည်း မဟုတ်သော်လည်း တရုတ်နိုင်ငံအနေဖြင့် ထိုစီမံကိန်းများ သဘောကျ လုပ်နိုင်ရန် စစ်အုပ်စု ပြိုလဲသွားခြင်းထက် ဆက်လက်ရပ်တည်နေခြင်းကို လိုလားနေသည်။
ရှမ်းပြည်နယ်အတွင်း စစ်အုပ်စုဘက်က နယ်မြေအမြောက်အမြား ဆုံးရှုံးသွားခဲ့ရသော်လည်း တရုတ်အဖို့က ၎င်းတို့၏ အဓိကရည်မှန်းချက်ဖြစ်သော အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှိမ်နင်းရေးကို အတိုင်းအတာတခုအထိ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထို့နောက်တွင်တော့ ကျေနပ်သွားသော ပေကျင်းအစိုးရသည် စစ်အုပ်စု၏ အုပ်ချုပ်ရေးယန္တရား ပရမ်းပတာ ပြိုလဲသွားခြင်းမျိုး မဖြစ်အောင် ပြန်၍ ကြိုးပမ်းပေးခဲ့သည်။
အဓိကအားဖြင့် CMEC (တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ) အပါအဝင် တရုတ်၏ အကျိုးစီးပွားများအတွက် ပိုမိုမရေရာသည့် အခြေအနေများ ဆိုက်ရောက်လာမည်ကို စိုးရိမ်ခဲ့ကြ၍ ဖြစ်သည်။
တရုတ်တို့ ကြားဝင်စေ့စပ်ပေးခဲ့မှုကြောင့် မြန်မာစစ်ခေါင်းဆောင်များနှင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခဲ့ပြီး ၎င်းတို့၏ CMEC ကို ပြန်လည်အသက်သွင်းရန် နှုတ်ကတိပြုချက်များ ရရှိလာခဲ့သည်။
၂၀၂၅ မေလတွင် မော်စကို၌ သမ္မတ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင်တို့ ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံခဲ့ကြပြီးနောက် ၂၀၂၅ ဩဂုတ်လလယ်တွင် မင်းအောင်လှိုင် ကိုယ်တိုင် ဦးဆောင်သည့် “ပိုးလမ်းမကြီးစီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ ဦးဆောင်ကော်မတီ” ကို ဖွဲ့စည်းလာခဲ့သည်။
CMEC ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်မည်ဟု ရှီကျင့်ဖျင်အား ပေးခဲ့သည့် ကတိကဝတ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပြခဲ့ခြင်း ဖြစ်သည်။
တရုတ်သည် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲများအား အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း ဦးဆောင်သော လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို စေလွှတ်ခြင်းဖြင့် ရွေးကောက်ပွဲသည် တရားဝင်မှုရှိသယောင် အကာအကွယ်ပေးခဲ့သည်။ သို့မှသာ “အရပ်သား” အစိုးရသစ် တက်လာသည်နှင့်တပြိုင်နက် CMEC ကို အကောင်အထည်ဖော်နိုင်ရန် လမ်းခင်းပေးနိုင်မည် ဖြစ်သည်။
စစ်အုပ်စုကလည်း ၎င်းတို့၏ မဟာစီမံကိန်းကြီးများ “မဖြစ်မနေ အောင်မြင်ရမည်” ဟု ဆိုကာ ထိုစီမံကိန်းများကို ဆန့်ကျင်ကန့်ကွက်ခြင်းအား ရာဇဝတ်မှုအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ပေးလာခဲ့သည်။
မင်းအောင်လှိုင်သည် ၎င်း၏ အုပ်ချုပ်ရေးယန္တရား ဆက်လက်ရပ်တည်နိုင်ရန် ကူညီပေးခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးဆပ်သည့်အနေဖြင့် လည်းကောင်း၊ ၎င်း၏ သမ္မတသက်တမ်းအတွင်း မည်သို့မျှ မတတ်နိုင်ဖြစ်နေသည့် စီးပွားရေး နိုးကြားလာမှုအပေါ် အကျိုးအမြတ်ခံစားနိုင်ရန် လည်းကောင်း CMEC စီမံကိန်းများကို ဦးစားပေးအဖြစ် သတ်မှတ်လုပ်ဆောင်လိမ့်မည်ဟု ခန့်မှန်း၍ ရသည်။ သို့သော်လည်း အချို့သော အကြောင်းများကြောင့် အဆိုပါစီမံကိန်းများ မကြာမီကာလအတွင်း တိုးတက်လာမည်လား ဆိုသည်က သံသယဖြစ်စရာများ ရှိလာရသည်။
အထင်ရှားဆုံးအချက်မှာ CMEC စီမံကိန်းများရှိရာ ဒေသများတွင် ပြင်းထန်သော ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကျောက်ဖြူမြို့တွင် တရုတ် နိုင်ငံတကာ ယုံကြည်စိတ်ချရမှုနှင့် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CITIC) က ဦးဆောင်မည့် ဆိပ်ကမ်းစီမံကိန်းကြီး၏ တည်ဆောက်ရေးလုပ်ငန်းများ မစတင်နိုင်သေး ဖြစ်နေသည်။
ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သော အာရက္ခတပ်တော် (AA) သည် အင်အားတောင့်တင်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တခုဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းထားနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် စစ်အုပ်စု တပ်များသည် ပြည်နယ်မြို့တော် စစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင်သာ အဓိက ပိတ်မိနေသည့် အခြေအနေသို့ ရောက်ရှိနေသည်။ အချို့သော လေ့လာဆန်းစစ်သူများကမူ ပေကျင်းအစိုးရအနေဖြင့် ကျောက်ဖြူမြို့ကို AA က သိမ်းပိုက်လိုက်နိုင်ခြေရှိသည်ကိုပင် လက်ခံထားပုံရသည်ဟု သုံးသပ်ကြသည်။
တချိန်တည်းမှာပင် နိုင်ငံမြောက်ပိုင်းတွင်လည်း တရုတ်နိုင်ငံ Eryuan Engineering Group က ဦးဆောင်နေသည့် မူဆယ်-ကျောက်ဖြူ ရထားလမ်း၏ အစိတ်အပိုင်းတခုဖြစ်သော မူဆယ်-မန္တလေး ရထားလမ်းပိုင်း (အရှည် ၄၁၀ ကီလိုမီတာ၊ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၉ ဘီလီယံ) သည် နှစ်ပေါင်းများစွာကြာသည်အထိ “ပြင်ဆင်မှုအဆင့်” မှာပင် ရပ်တန့်နေခဲ့သည်။
အဆိုပါ ရထားလမ်းသည် ရှမ်းပြည်နယ်နှင့် အလယ်ပိုင်း အညာဒေသများကို ဖြတ်သန်းသွားရမည်ဖြစ်ပြီး ထိုဒေသများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့များက စစ်အုပ်စုတပ်များနှင့် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာများ ဖြစ်သည်။ ၎င်းအဖွဲ့များက စစ်အုပ်စု၏ စီမံခန့်ခွဲမှုအောက်တွင် CMEC စီမံကိန်းများကို တည်ဆောက်ရန် ကြိုးပမ်းလာပါက တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ် သတိပေးထားကြသည်။
မြန်မာနှင့် တရုတ်ခေါင်းဆောင်များ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသည့် နောက်ထပ် အချက်တချက်မှာ CMEC စီမံကိန်းများ၏ စီးပွားရေးအရ တွက်ခြေကိုက်မှုနှင့် ယင်းတို့ကို အပြီးသတ်ရန် မည်သည့်ဘဏ္ဍာရေးနည်းလမ်းများဖြင့် ဆောင်ရွက်မည်ဆိုသည်ပင် ဖြစ်သည်။
တရုတ်သည် CMEC ကို အလကားပေးသည့် အထောက်အပံ့ ဂရန့်ဖြင့် တည်ဆောက်နေခြင်း မဟုတ်ဘဲ ဒေါ်လာဘီလီယံနှင့်ချီသော စီမံကိန်းကုန်ကျစရိတ်များကို အတိုးနှုန်းပါသော ချေးငွေများဖြင့် ပေးချေရမည့် ပုံစံမျိုးနှင့် ဖြစ်သည်။ ယခင်က ကျောက်ဖြူစီမံကိန်း၏ ၉၅ ရာခိုင်နှုန်းကို China Eximbank က ချေးငွေအဖြစ် ထောက်ပံ့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် မင်းအောင်လှိုင်က မြန်မာဘက်မှ သဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ ထိုအချိန်မှစ၍ ယခုအထိ လူသိရှင်ကြား ထပ်မံထုတ်ပြန်ချက်မျိုး မရှိသေးပေ။
မူလက ဆိပ်ကမ်းစီမံကိန်းအတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ ရှိသော်လည်း ၂၀၁၈ ခုနှစ်တွင် NLD အစိုးရက စီမံကိန်းကို ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအထိ လျှော့ချရန် ညှိနှိုင်းခဲ့သည်။ လက်ရှိတွင် အဓိက တည်ဆောက်ရေးလုပ်ငန်းများ မစတင်နိုင်သေးဘဲ ညှိနှိုင်းမှုပြုလုပ်ခဲ့သည်မှာ ၈ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ရာ ငွေကြေးဖောင်းပွမှုကြောင့် စီမံကိန်း ကုန်ကျစရိတ်များမှာလည်း သိသိသာသာ မြင့်တက်လာတော့မည် ဖြစ်သည်။
မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းအတွက် ဘဏ္ဍာငွေရှာဖွေရေး အစီအစဉ်မှာမူ မည်သို့ရှိသည်ကို မသိရသေးသလို ယခုထက်ထိလည်း အတည်မပြုနိုင်သေးသည့် အခြေအနေတွင် ရှိနေသည်။ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ထွက်ပေါ်ခဲ့သော သတင်းများအရ စီမံကိန်း၏ ဘဏ္ဍာရေးပုံစံကို ဆန်းစစ်ရန်နှင့် တရုတ်နိုင်ငံထံမှ အတိုးနှုန်းသက်သာသော ချေးငွေရရှိရေး ဆောင်ရွက်ရန် ကော်မတီတရပ် ဖွဲ့စည်းခဲ့သည်ဟု သိရသော်လည်း ထိုအချိန်မှစ၍ ယနေ့အထိ လူသိရှင်ကြား ထုတ်ပြန်ချက်တစုံတရာ မရှိသေးပေ။
ထို့အပြင် စစ်အုပ်စုအနေဖြင့် တရုတ်နိုင်ငံ၏ ဘဏ္ဍာရေး အထောက်အပံ့မှအပ အခြားသော ရွေးချယ်စရာ နည်းလမ်းများစွာ မရှိ ဖြစ်နေသည်။ ဤအချက်ကပင် တရုတ်နိုင်ငံဘက်ကို အသာစီးရစေပြီး အတိုးနှုန်းလျှော့ချပေးရန် ညှိနှိုင်းရာတွင် စစ်အာဏာရှင်အတွက် အပေးအယူ လုပ်နိုင်စွမ်း အားနည်းနေရပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသည် တရုတ်နိုင်ငံအပေါ် မခံမရပ်နိုင်လောက်အောင် အကြွေးနွံနစ်မည့်ဘေးမှ ရှောင်ရှားနိုင်ရန်အတွက် CMEC စီမံကိန်းများကို တခုချင်းစီ ခွဲထုတ်ပြီး ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် ကဲ့သို့သော နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများထံမှ ရန်ပုံငွေရှာဖွေရန် ကြိုးပမ်းခဲ့ကြသည်။
သို့သော်လည်း ယခုပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအပြီးတွင်ပင် ထိုသို့သော အခြေအနေမျိုး ဖြစ်မလာနိုင်တော့ပေ။ ထို့အပြင် ပြည်တွင်းရှိ အရင်းအနှီးများသည်လည်း ဒေါ်လာဘီလီယံနှင့် ချီသော စီမံကိန်းများကို မဆိုထားနှင့် ဒေါ်လာသန်းပေါင်း ရာနှင့်ချီ၍ ကုန်ကျမည့် စွန့်စားရမှုများသော စီမံကိန်းများကိုပင် ဘဏ္ဍာငွေ ထောက်ပံ့နိုင်သည့် အနေအထားတွင် မရှိကြပေ။
လက်ရှိပုံစံအတိုင်းဆိုက ထိုစီမံကိန်းများမှ ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ် ပြန်လည်ရရှိနိုင်မည့် အခြေအနေမျိုး ယခုထက်ထိ မရှိသေးဟု ဆိုရပေလိမ့်မည်။
သာဓကအားဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထွက်ပေါ်ခဲ့သော သတင်းများအရ ကျောက်ဖြူမြို့ရှိ တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုထားသည့် ဒေါ်လာ ၁၄၀ သန်းတန် VPower လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အနီးနားတွင် တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ဖျက်သိမ်းကာ တခြားတနေရာသို့ ပြောင်းရွှေ့ခဲ့ရသည်။
အဆိုပါစက်ရုံသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန်သို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ရန်အတွက် ၂၀၂၂ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ခြင်း ဖြစ်သော်လည်း ဒေါ်လာပြတ်လပ်မှုကြောင့် စစ်အုပ်စုဘက်က လိုအပ်သော သဘာဝဓာတ်ငွေ့များကို လုံလောက်အောင် မထောက်ပံ့နိုင်သဖြင့် ၂၀၂၃ ခုနှစ်တွင် လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။
လုံခြုံရေး မတည်ငြိမ်မှုနှင့် စီးပွားရေးဆိုင်ရာ ချို့ယွင်းချက်များကြောင့် ရပ်တန့်သွားရသည့် ကံကြမ္မာမျိုးသည် CMEC စီမံကိန်းများ အပေါ်လည်း ကျရောက်လာနိုင်သည်။ သို့သော် ဆိပ်ကမ်းများနှင့် ရထားလမ်းများသည် လျှပ်စစ်စက်ရုံကဲ့သို့ အရင်းအနှီး ပြန်ရရန်အတွက် ဖျက်သိမ်းကာ ပြောင်းရွှေ့၍ မရနိုင်ခြင်းပင် ဖြစ်သည်။
သို့ဆိုက “တရုတ်နိုင်ငံသည် အဘယ်ကြောင့် CMEC ကို အကောင်အထည်ဖော်ရန် ဆက်လက်တောင်းဆိုနေသနည်း” ဟု မေးစရာရှိလာသည်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက တရုတ်၏ မဟာဗျူဟာမြောက် ရည်မှန်းချက်မှာ ပြောင်းလဲသွားခြင်း မရှိပေ။ စီမံကိန်းများ အကောင်အထည်ဖော်ရန် တိုက်တွန်းပြောဆိုမှုများ ရှိနေသော်လည်း တရုတ်နိုင်ငံသည် ဖိအားပေးစေခိုင်းသည့် နည်းလမ်းထက် မြန်မာနိုင်ငံ၏ အခြေအနေနှင့် အရှိန်အဟုန်အတိုင်းသာ လိုက်ပါဆောင်ရွက်ရန် ဆန္ဒရှိနေသည်။
တရုတ်နှင့် မြန်မာသည် ရှည်လျားသော နယ်စပ်မျဉ်းဖြင့် ထာဝရဆက်နွှယ်နေပြီး မူဆယ်-ကျောက်ဖြူ စင်္ကြံမှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရှိရေးမှာ ပေကျင်းအစိုးရ၏ အဓိက မဟာဗျူဟာမြောက် ရည်မှန်းချက်အဖြစ် ဆက်လက်တည်ရှိနေသည်။ ထို့အပြင် တရုတ်အစိုးရသည် ၎င်းတို့၏ အကျိုးစီးပွားများကို စွန့်လွှတ် ရုပ်သိမ်းလိုက်မည် ဆိုက ပြိုင်ဘက်များဖြစ်သော အိန္ဒိယ၊ ဂျပန်နှင့် ဒေါ်နယ်ထရမ့်ပ် ဦးဆောင်သော အမေရိကန်တို့က ထိုနေရာတွင် အစားထိုး ဝင်ရောက်လာမည်ကို စိုးရိမ်လျက်ရှိသည်။
တရုတ်နိုင်ငံသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုမှတဆင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်မည့် ရလဒ်မျိုး (သို့မဟုတ် ငြိမ်းချမ်းမှ ဖွံ့ဖြိုးမည့် ရလဒ်မျိုး) ကို ဆယ်စုနှစ်ပေါင်းများစွာ ကြာဦးမည်ဖြစ်သော်လည်း ဆက်လက်မျှော်လင့်နေဆဲ ဖြစ်သည်။ ထိုသို့စောင့်ဆိုင်းနေစဉ်အတောအတွင်း မြန်မာနိုင်ငံ၌ ၎င်းတို့၏ မဟာဗျူဟာမြောက် ခြေကုပ်ကို ဆက်လက်ထိန်းထားနိုင်ရန်အတွက် စစ်ခေါင်းဆောင်များအား CMEC အပေါ် ဆက်လက် အာရုံစိုက်နေစေရရန် တရုတ်က ဆက်လက်တွန်းအားပေးနေဦးမည် ဖြစ်သည်။
စစ်အုပ်စုက တရုတ်နိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသည်ဟု ထုတ်ဖော်ပြောဆိုနေသော်လည်း မြန်မာပြည်သူ အများစုကဲ့သို့ပင် တရုတ်နိုင်ငံအပေါ် သမိုင်းကြောင်းအရ စိုးရိမ်မကင်းဖြစ်မှုများ ရှိနေဆဲဖြစ်သည်။ တရုတ်ကို မြန်မာနိုင်ငံအား စီးပွားရေးအရ လက်အောက်ခံဖြစ်စေရန် ကြိုးပမ်းနေသည့် ကျူးကျော်သူနိုင်ငံအဖြစ် ရှုမြင်ကြသည်။
တချိန်တည်းမှာပင် တရုတ်နိုင်ငံအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် (EAO) များကို လက်နက်ခဲယမ်း ထောက်ပံ့ပေးနိုင်စွမ်း ရှိနေခြင်းနှင့် တရုတ်၏ အကျိုးစီးပွားကို ထိပါးလာပါက ၎င်းတို့ကို ၁၀၂၇ ကဲ့သို့ အပြစ်ပေးရန် အဆိုပါ လက်နက်ကိုင်အဖွဲ့များကို အသုံးချနိုင်စွမ်း ရှိနေခြင်းအပေါ် စစ်တပ်က အလွန်မုန်းတီးနေကြသည်။
အချုပ်အခြာအာဏာကို ထိပါးစေနိုင်သည်ဟု ရှုမြင်ရသော စီမံကိန်းများ၊ အထူးသဖြင့် အကြွေးဝန်ထုပ်ဝန်ပိုးကြီးမားသော CMEC အခြေခံအဆောက်အအုံ စီမံကိန်းများသည် နေပြည်တော်၏ ရည်ရွယ်ချက်ရှိရှိဖြင့် မသိမသာ အချိန်ဆွဲနေမှုများကြောင့် ဆက်လက်ရပ်တန့်နေဖွယ် ရှိသည်။ ထို့ကြောင့် CMEC ၏ အလားအလာသည် မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲ မတိုင်မီကကဲ့သို့ပင် ဆက်လက်၍ မှေးမှိန်နေဆဲပင် ဖြစ်နေပေဦးမည်။
လှစိုးဝေ
Ref: The Diplomat
(The Diplomat မဂ္ဂဇင်းတွင် ပါရှိသော Shah Suraj Bharat ၏ “The Uncertain Future of the China-Myanmar Economic Corridor” ဆောင်းပါးမှ ကောက်နုတ်တင်ပြသည်။)











