
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲ ပြန်လည် ပြင်းထန်နေပြီး စစ်တပ်က ရေကြောင်း၊ လေကြောင်းကနေ ပစ်ကူပေးနေရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အောက်တိုဘာ ၂ ရက် မနက်အစောပိုင်းကတည်းက အဝတောင်စခန်းအပါအဝင် တောင်မော်ဦး(ကြီး) ကာကင်းစခန်း နေရာသုံးခုထက်မနည်းပတ်ဝန်းကျင်မှာ AA နဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းကနေ တောက်လျှောက်ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။
“မနက်ကတည်းက ပြင်းနေတာ။ စနဲမြစ်က နေဗီ၊ တောင်မော်ဦးရေတပ်က နေဗီ၊ လက်နက်ကြီး ပစ်ကူတယ်။ ပြီးတော့ ဂျက်လာပစ်တယ်။ ပြန်သွားတယ် ပြန်လာပစ်တယ်။ တနေကုန်ဆိုလို့ရတယ်” လို့ ပြောပါတယ်။
ဂျက်ဖိုက်တာနဲ့ Y12 တို့က ကျောက်ဖြူကို မနက်ကနေ ညနေအထိ အကြိမ် ၂၀ ထက်မနည်း ဗုံးလာကြဲနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ထပ်ပြီး တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ဝါဘို၊ အမြင့်ကျွန်း၊ ရွှေမင်းဂံ ပတ်ဝန်းကျင်မှာလည်း စက်တင်ဘာ ၂၉ ရက် မနက်ကတည်းက ဒီကနေ့ထိ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောဆိုပါတယ်။
“အဓိက ရွှေမင်းဂံအနား။ ပြီးတော့ ဝါဘို၊ အမြင့်ကျွန်း အဲဒီအနားတွေဖြစ်တယ်။ စကစဘက်ကတော့ ပတ်ဝန်းကျင်နေရာတွေနဲ့ မိုးစဲကမ်း၊ ကွမ်းတောင်၊ ပုဏ္ဏားကျွန်းမြို့ အနီးအနားတွေကို ဗုံးလာကြဲတယ်”
စက်တင်ဘာ ၂၈ ရက်နေ့က စစ်တပ်ဟာ ကျောက်တော်မြို့နယ်က အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားကို ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချလို့ ကလေးအပါအဝင် အယောက် ၅၀ သေဆုံး၊ ၆၀ လောက် ဒဏ်ရာရရှိခဲ့ပြီး နောက်နေ့စက်တင်ဘာ ၂၉ ရက် အနက်ပိုင်းမှာ စစ်တွေနဲ့ ပုဏ္ဏားကျွန်းကြား တိုက်ပွဲပြင်းထန်လာခဲ့ပါတယ်။
အောက်တိုဘာ ၃ ရက် ဒီမနက် အစောပိုင်းမှာတော့ ရသေ့တောင်မြို့ပေါ်ရပ်ကွက်တချို့၊ ပြားချောင်းကြီးကျေးရွာ၊ ပြင်ခေါင်ကျေးရွာ၊ အငူမော် ကျေးရွာအပါအဝင် ရွာတချို့ကို စစ်တပ်က ဗုံးကြဲတာကြောင့် ဒေသခံ ၂ ယောက် သေဆုံးခဲ့ပါသေးတယ်။










