
အမေရိကန်ဟာ ရုရှားရေနံအပေါ် အရေးယူပိတ်ဆို့ထားတာတွေကို ဆက်လက် ဖြေလျှော့ ပေးနေတာနဲ့ ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇလန်းစကီးက အပြင်းအထန် ဝေဖန်သွားပါတယ်။
ဒါဟာ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် မြင့်တက်လာတဲ့ စွမ်းအင်ဈေးနှုန်းတွေအပေါ် ထိန်းချုပ်နိုင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။
အဲဒီနောက် “ရုရှားရေနံအတွက် ပေးချေလိုက်တဲ့ ဒေါ်လာတိုင်းဟာ စစ်ပွဲအတွက်ပါပဲ” ဆိုပြီး ဧပြီ ၁၉ ရက်က X လူမှုကွန်ရက်ပေါ်မှာ ဇလန်းစကီး ကိုယ်တိုင် ရေးသားထားပါတယ်။
အခုလိုမျိုး ဒေါ်လာဘီလီယံနဲ့ချီအောင် အသုံးပြုပြီး ရုရှားက ယူကရိန်းကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထရမ့်ပ် အစိုးရကတော့ ရုရှား ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေရဲ့ ဒဏ်ခတ်ကင်းလွတ်ခွင့် သက်တမ်းကို တလထပ်တိုးပြီး မေ ၁၆ ရက်အထိ ရောင်းချခွင့် ပေးထားပါတယ်။
အဲဒီမှာ အမေရိကန်ဆိုပြီး တိုက်ရိုက်ရည်ညွှန်းခဲ့တာမျိုး မရှိပေမဲ့လည်း ဇလန်းစကီးက “ဆန်ရှင်တွေ ကို လျှော့ပေါ့ပေးလိုက်တဲ့အတွက် နောက်ဆက်တွဲ အရေးယူခံတာမျိုး မရှိဘဲ ထပ်ပြီး ရောင်းချ နိုင်တော့မှာ ဖြစ်တယ်” လို့ မှတ်ချက်ပြုပါတယ်။
လက်ရှိ ပင်လယ်ပြင်မှာ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ရုရှားရေနံစိမ်း တန်ချိန်ပေါင်း ၁၂ သန်းကျော် တင်ဆောင်လာတဲ့ သင်္ဘောအစင်းရေ ၁၁၀ နဲ့အထက် ရှိနေပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဇလန်းစကီးက “အဲဒီပမာဏဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖိုးလောက်ရှိပြီး ယူကရိန်းကို တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်နိုင်မဲ့ အရင်းအမြစ်တခုအဖြစ် ပြောင်းလဲသွားမှာပါ” လို့ ဖြည့်စွက် ပြောပါတယ်။
လွန်ခဲ့တဲ့ တပတ်တည်းမှာတင် ရုရှားဘက်က ဒရုန်းပေါင်း ၂,၃၆၀ ကျော်၊ ပဲ့ထိန်းလေကြောင်းဗုံး ၁,၃၂၀ ဝန်းကျင်၊ ဒုံးကျည်မျိုးစုံပါဝင်တဲ့ အစင်း ၆၀ နီးပါးနဲ့ ယူကရိန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ ပါသေးတယ်။
ဒါ့အပြင် “မတ်လထဲမှာ ရုရှားရေနံဝင်ငွေ နှစ်ဆလောက် တက်လာတာကို ကြည့်မယ်ဆိုရင် အီရန်အပေါ် သမ္မတ ထရမ့်ပ် ဆင်နွှဲနေတဲ့ စစ်ပွဲအတွင်း ပူတင်ဟာ အကျိုးအမြတ် အများဆုံး ရနေသူတွေထဲက တယောက်ဖြစ်တယ်” ဆိုပြီး ဒီမိုကရက်တွေရဲ့ ပူးတွဲထုတ်ပြန်ချက်အရ သိရပါတယ်။
တချိန်တည်းမှာပဲ ကိယက်ဗ်မြို့တော်တောင်ပိုင်းက အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအတွင်း လူ ၆ ယောက် သေဆုံးကာ နောက်ထပ် ၁၄ ယောက်ကို ဒဏ်ရာရစေခဲ့ပါတယ်။
ယူကရိန်းအတွက် အသေအပျောက်အများဆုံး ဖြစ်ခဲ့တဲ့ ဒီပစ်ခတ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့တယ်လို့လည်း ဆိုပါတယ်။
အခင်းဖြစ်ပွားချိန်မှာ ထွက်ပြေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အရ ရဲအရာရှိ ၂ ယောက်ကို ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ယူကရိန်းကင်းလှည့်ရဲတပ်ဖွဲ့ အကြီးအကဲ ယက်ဗ်ဟန် ဇူးကော့ဗ်ဟာ ရာထူးကနေ နုတ်ထွက်သွားပါတယ်။
Source: Reuters










