
နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနူးဘူရဲ့ အစိုးရကို အကြမ်းဖက် ဖြုတ်ချဖို့ကြံစည်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ လုံခြုံရေးအရာရှိဟောင်း ၆ ယောက်ဟာ ဧပြီ ၂၂ ရက်နေ့ ရုံးထုတ်မှာ သူတို့မှာ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြပြီး မြို့တော် အဘူဂျာရှိ တရားရုံးကတော့ ဒီအမှုကို ဧပြီ ၂၇ ရက် အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။
တရားလိုဘက်ကတော့ အငြိမ်းစား စစ်တပ်ဗိုလ်ချုပ်ကြီးတယောက်အပါအဝင် တခြားသူတွေကို နိုင်ငံတော်ပုန်ကန်မှု၊ အကြမ်းဖက်မှုနဲ့ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှု စတဲ့ ရာဇဝတ်မှု ၁၃ ခုနဲ့ တရားစွဲဆိုထားတာပါ။
၇ ယောက်မြောက် သံသယရှိသူဖြစ်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းတယောက်ကတော့ အခုထိ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
ဖက်ဒရယ်တရားရုံးမှာ စွဲချက်တင်တဲ့အချိန်မှာ သံသယရှိသူတွေက စွပ်စွဲချက်တွေကို မကျူးလွန် ကြောင်း ငြင်းဆိုခဲ့ကြပြီး တရားသူကြီး ဂျွိုက်စ် အဗ္ဗဒူမာလစ်က ကြားနာစစ်ဆေးမှုကို ဧပြီ ၂၇ ရက် အထိ ရွှေ့ဆိုင်းလိုက်တာပါ။
ဒီအမှုဟာ ၂၀၂၃ ခုနှစ်မှာ သမ္မတ တီနူးဘူ တာဝန်ယူပြီးနောက်ပိုင်း အပြင်းထန်ဆုံး နိုင်ငံတော် ပုန်ကန်မှုဆိုင်ရာ တရားစွဲဆိုမှု ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ စီးပွားရေးအခက်အခဲတွေ၊ မြောက်ပိုင်းမှာ အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှု ပိုများလာတာနဲ့ နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာတဲ့အချိန်မှာ ပြည်တွင်းလုံခြုံရေး ကို ပိုမိုတင်းကျပ်စေဖို့ ကြိုးစားနေတဲ့ အခြေအနေကို ပြသနေပါတယ်။
Source: Reuters











