
ရန်ကုန်-မော်လမြိုင် DEMU ရထားပေါ်မှာ စည်းကမ်းမဲ့နေထိုင်ခဲ့လို့ ပုဒ်မ ၈၈ (က) နဲ့ အမှုဖွင့်အရေးယူခံရတဲ့ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်မြသန်းအပါအဝင် ၅၄ ယောက်ကို ဇူလိုင် ၂၇ ရက်မှာ မော်လမြိုင်မြို့နယ်တရားရုံးက ဒဏ်ငွေ ၁ သိန်းစီ အမိန်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မော်လမြိုင်တရားရုံးက ဒီနေ့ နေ့လယ် ၁ နာရီမှာ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်မြသန်းအပါအဝင် ၅၄ ယောက်ကို ဒဏ်ငွေ ၁ သိန်းစီ ပေးဆောင်ဖို့ အမိန့်ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“လိုင်းပေါ်ရောက်သွားလို့သာ အရေးယူရတာ၊ အမှုဖွင့်ကတည်းက အာမခံပေးပြီးသား။ ဒဏ်ငွေနဲ့ ပြီးမယ်ဆိုတာလည်း သိတယ်။ အဲ့ဒီအဖွဲ့ထဲမှာ ဌာနဆိုင်ရာလူကြီး မိန်းမတွေ၊ စစ်တပ်ကအရာရှိကတော်တွေ ပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေက စည်းကမ်းမဲ့တာချင်းအတူတူ မရှိဆင်းရဲသားဆို ထောင်ချမယ် ဒါပဲ။”
ဇူလိုင် ၂၃ ရက်က ရန်ကုန် -မော်လမြိုင် အမှတ် ၈၄ DEMU အစုန်ရထားပေါ်မှာ ရထားလျှောက်လမ်း ပိတ်ဆို့ပြီး ထမင်းဝိုင်းဖွဲ့ စားသောက်တာ၊ Tik Tok ရိုက်ကူးတာ၊ ရထားလက်ရန်းခုံပေါ်မှာ ထိုင်တာနဲ့ ဆူညံစွာ အော်ဟစ်သီချင်းဆိုတာတွေကြောင့် အငြိမ်းစားကျောင်းအုပ်ဆရာမကြီးဒေါ်မြသန်း အပါအဝင် မော်လမြိုင်ကမ်းနားလမ်း အားကစားအဖွဲ့မှ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၅၃ ယောက်ကို ဇူလိုင် ၂၆ ရက်မှာ မော်လမြိုင်ဘူတာရုံ ပိုင်က ပုဒ်မ ၈၈ (က) နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ဇူလိုင် ၂၄ ရက်ကလည်း ရန်ကုန်-မန္တလေး အမှတ် ၃ အဆန် DEMU ရထားပေါ်မှာ ကွမ်းတံတွေးထွေးလို့ ဖမ်းဆီးပြီး ပုဒ်မ ၈၈ နဲ့ အမှုဖွင့်ထားတဲ့ မခင်မာလွင်၊ မဖြူဖြူလွင်၊ မသန်းသန်းထွေး၊ ဒေါ်ခင်သန္တာအောင်တို့ ၄ ယောက်ကို ပျဥ်းမနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ လ အမိန့်ချခဲ့ပါတယ်။
အလားတူ ဇူလိုင် ၂၀ ရက်က ရန်ကုန်-မန္တလေး အမှတ် ၃ အဆန်ရထားပေါ်မှာ အရက်သောက်ခဲ့တဲ့ မတ္တရာမြို့နယ်နေ ဦးကံကောင်း၊ ဦးဇော်လင်းနဲ့ တံတားဦးမြို့နယ်နေ ဦးဉာဏ်ပိုတို့ကို ရမည်းသင်းမြို့နယ် ရဲစခန်းက (ပ) ၁၆၇/၂၀၂၆၊ ရထားပို့ဆောင်ရေးဥပဒေပုဒ်မ ၈၈ နဲ့ အမှုဖွင့်ထားပါတယ်။










