
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ အမျိုးသမီးတယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်သွားတဲ့ သံသယတရားခံ ၃ ယောက်ကို ဒီလပ်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်လောက်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာအနီးက ဥယျာဉ်ခြံတခုနားမှာ ရက်ရက်စက်စက်သတ်ဖြတ်ခံထားရတဲ့ အမည်မသိအမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းကို ဒေသခံတယောက်က တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်)က ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်နေပါတယ်။
အမျိုးသမီးငယ်ရဲ့ အလောင်းကိုတွေ့စဉ်က အောက်ပိုင်းအဝတ်ဗလာနဲ့ လက်နှစ်ဖက်ကို လက်ထိပ် ခတ်ထားပြီး ကိုယ်ခန္ဓာအင်္ဂါအစိတ်အပိုင်းတချို့ လှီးဖြတ်ခံထားရတယ်လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
"အသားစတွေ ပဲ့နေတယ်။ ဆံပင်တွေကိုလည်းဖြတ်ပြီး ကတုံးလိုမျိုးတုံးထားတယ်။ တကယ်ကြောက်ဖို့ ကောင်းတယ်လုပ်ရပ်က။ ကိုယ့်ညီမကိုယ့်သားသမီးသာဆိုရင် ရင်ကွဲ လောက်တယ်။”
လက်ရှိမှာတော့ သံသယတရားခံ ၃ ယောက်ကို ဖမ်းဆီးပြီး ဒီလပ်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်ဆေးနေတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။
AA ရဲ့ထုတ်ပြန်ချက်ထဲမှာ သတ်ဖြတ်ခံထားရသူအမျိုးသမီးအမည်ကို မဖော်ပြထားပေမဲ့ သတ်ဖြတ်ခံရသူဟာ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်ကျေးရွာမှ အသက် ၂၄ နှစ် အရွယ် အမျိုးသမီး တယောက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူဟာ ဇူလိုင် ၁၈ ရက် နေ့လယ် ၁၂ နာရီခန့်က ပျောက်ဆုံးနေပြီး ယိုးတရုပ်မြောင်မှအပြန် လမ်းခုလပ်မှာ ရက်စက်စွာ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
မုဒိမ်းကျင့်လူသတ်တဲ့ တရားခံကိုဖမ်းမိပါက သေဒဏ်ပေးဖို့ ရခိုင်ပြည်သူလူထုတရပ်လုံးက လိုလားနေကြတယ်လို့ ရခိုင်ဒေသခံပရဟိတလုပ်ကိုင်သူအမျိုးသမီးတယောက်က ပြောပါတယ်။
"တရားခံမိရင် ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်တာကို ဒေသခံတွေကို သိအောင်ချပြရမယ်။ နောက် ဒီလိုဖြစ်စဥ်တွေမဖြစ်ဖို့ အဓိကသေဒဏ်ပဲချမှတ်စေချင်တယ်။ ကျမလိုပဲ ရခိုင်တမျိုးသားလုံးက ဒီသေဒဏ်ချမှတ်တာကိုပဲ လိုလားနေကြတယ်။ ဒီအမှုက တကယ်ရက်စက်တဲ့အမှုပဲ။"
AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီး ဒေါ်နှင်းဇာဖြူနဲ့ ပရဟိတလုပ်ကိုင်နေတဲ့ ရခိုင် စာရေးဆရာ ဝေဟင်အောင်တို့ကလည်း တရားခံကို သေဒဏ်ပေးဖို့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ တဆင့် တောင်းဆိုထားပါတယ်။











