
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ မိုင်းပေါက်ကွဲမှုကြောင့် မူလတန်းကျောင်းသားတယောက် သေဆုံးခဲ့ပြီး တယောက် ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
သြဂုတ် ၂၆ ရက် ညနေ ၃ နာရီ ကျောင်းဆင်းချိန်က ညောင်ဦးမြို့နယ် ချောင်းဝကျေးရွာ လမ်းဘေးရှိ အများသုံး သောက်ရေအိုးစင်နားမှာ မိုင်းနင်းမိခဲ့တာကြောင့် ၃ တန်းကျောင်းသား မောင်ကောင်းပြည့်စုံ (အသက် ၇ နှစ်) သေဆုံးခဲ့ပြီး ၄ တန်းကျောင်းသား မောင်ထွန်းမင်းအောင် (အသက် ၁၂ နှစ်) ကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။
ကူညီဆောင်ရွက်ပေးသူက “ကလေး ၂ ယောက်က ကျောင်းဆင်းချိန် ရေအိုးစင်မှာ ရေဝင်သောက်တာ။ ဘယ်အဖွဲ့ကထောင်ထားတဲ့ မိုင်းမှန်း မသိဘူး။ ပေါက်ကွဲမှုကြောင့် တယောက်က တခါတည်း သေဆုံးသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ ကျောင်းသား ၂ ယောက်ဟာ ညီအစ်ကိုတွေ ဖြစ်ကြပြီး ညောင်ဦးမြို့နယ် ငါ့လင်ပုတ်ကျေးရွာက အခြေခံပညာမူလတန်းကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေ ဖြစ်ပါတယ်။
အသက် ၁၂ နှစ်အရွယ် ကျောင်းသား မောင်ထွန်းမင်အောင်ဟာ လက်၊ ရင်ဘတ်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာရခဲ့ပြီး ညောင်ဦးပြည်သူ့ဆေးရုံမှာ ဆေးကုမှု ခံယူနေရပါတယ်။











