
မန္တလေးတိုင်း၊ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ ညောင်ဦးမြို့နယ်မှာ စစ်အာဏာရှင် လက်အောက်ခံ ဆည်မြောင်းဦးစီးအရာရှိ တယောက်ကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
ညောင်ဦးခရိုင် ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဦးစီးအရာရှိ (လျှပ်စစ်) ဦးဇင်မင်းထိုက်ဖြစ်ပြီး စက်တင်ဘာ ၃ ရက် ညနေ ၃ နာရီလောက်က ဖမ်းဆီးခေါ်ဆောင် ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဝန်ထမ်းတစ်ယောက်က “ဦးဇင်မင်းထိုက်က ပုဂံမြို့မှာနေတာ။ အလုပ်ကနေ အိမ်ကို ပြန်လာချိန် ဖမ်းခေါ်ခံရတာ။ ဘယ်အဖွဲ့အစည်းက ဖမ်းတာလဲဆိုတာ မသိရသေးပါဘူး” လို့ ပြောပါတယ်။
ဦးဇင်မင်းထိုက်ဟာ လောကနန္ဒမြစ်ရေတင်စီမံကိန်းကနေ ပုဂံမြို့ကို ဆိုင်ကယ်နဲ့ပြန်လာချိန် ပုဂံမြို့ နွားကြိုးအိုင်ကျေးရွာအနီးမှာ အသင့်စောင့်နေတဲ့ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင် သွားတာလို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “နွားကြိုးအိုင်ကျေးရွာအနီးအရောက်မှာ လက်နက်ကိုင် တွေက မော်တော်ဆိုင်ကယ်ကို တားဆီးရပ်တန့်ခိုင်းပြီး ဖမ်းဆီးခေါ်သွားတာပါ။ သက်ဆိုင်ရာက လိုအပ်တာတွေကို စစ်ဆေးဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဦးစီးအရာရှိဟာ ဒီနေ့ စက်တင်ဘာ ၄ ရက်အထိ ပြန်မလွတ်လာသေးဘဲ ဖမ်းဆီးခံရတဲ့ဝန်ထမ်းကို ပြန်လည်ကယ်တင်နိုင်ရေးဆိုကာ စစ်အာဏာရှင်တပ်နဲ့ ရဲတွေက စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် မနက်ပိုင်းက မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်မှုထမ်းထောက်ပံ့ကြေး ခေါင်းစဉ်နဲ့ ဖိအားပေးငွေကောက်ယူနေတဲ့ စစ်အာဏာရှင်ခန့် ဝါးခင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးကို လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











