
ချင်းပြည်နယ် ဟားခါးမြို့မှာ စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီက ဆည်မြောင်းဦးစီးဌာန ဒုညွှန်ကြားရေးမှူးတယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဟားခါးမြို့ မြို့သစ်ရပ်ကွက် ဂေါက်ကွင်းလမ်းခွဲရှိ ဆည်မြောင်းဦးစီးဌာနရုံးမှာ ဒုညွှန်ကြားရေးမှူး ဦးအောင်ပိုင်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာဖမ်းသွားတာလို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“ရုံးထဲထိဝင်ပြီး ဖမ်းသွားတာ၊ အခုထိ အဆက်အသွယ်မရဘူး။ တခြားဝန်ထမ်းတွေလည်း ကြောက်နေတယ်။ ပြီးခဲ့တဲ့လကလည်း ဒုရဲမှူးကြီး ပစ်သတ်ခံရတယ်။ အခု အဖမ်းခံရတဲ့ ဒုညွှန်မှူးကလည်း ပြောင်းလာတာ ၃ လ မပြည့်သေးဘူး။”
ဖမ်းဆီးခံရတဲ့ ဆည်မြောင်းဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးအောင်ပိုင်မှာ ဇူလိုင်လအတွင်းက ရာထူးတိုးပြီး ဟားခါးမြို့နယ်ကို ရောက်ရှိလာတာလို့ သူက ဆိုပါတယ်။
ဟားခါးမြို့နယ်မှာ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလအတွင်း ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှုနဲ့ Non CDM ဝန်ထမ်းတွေ ဖမ်းဆီးခံရတာရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
ဇူလိုင် ၁၇ ရက်ကလည်း ဟားခါးမြို့ပေါ်ကို အရပ်ဝတ်နဲ့သွားစဥ် အမှတ် ၁၄ လုံခြုံရေးရဲတပ်ရင်းမှ တပ်ရင်းမှူး ဒုရဲမှူးကြီး ဇော်ဇော်အောင်နဲ့ ကိုယ်ရေးအရာရှိရဲတပ်သားတို့ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်ကလည်း ဟားခါးမြို့ ပြည်တော်သာရပ်ကွက် CB ဘဏ်ရှေ့မှာ ဗုံးပေါက်ကွဲခဲ့ပြီး လုံခြုံရေးယူထားတဲ့ စစ်အာဏာရှင်တပ်နဲ့ လက်အောက်ခံရဲတွေ သေဆုံး ဒဏ်ရာရရှိခဲ့ပါတယ်။











