
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ်ဘာဂါအီက မေ ၂၃ ရက်မှာ အီရန်နဲ့ အမေရိကန်အစိုးရတွေအကြား ပါကစ္စတန်က ကြားဝင်စေ့စပ်ညှိနှိုင်းမှုလုပ်ငန်းစဉ်ဟာ ပြီးခဲ့တဲ့အပတ်အတွင်း သဘောထားကွဲလွဲနေတဲ့ အချက်တွေကို လျှော့ချဖို့ ဦးတည်နေတယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဘာဂါအီက ဆွေးနွေးဖို့လိုတဲ့ ပြဿနာတွေ ရှိနေသေးတယ်လို့လည်း ထပ်ပြောခဲ့ပါတယ်။
ကြားဝင်ညှိနှိုင်းသူတွေက အီရန်နဲ့ အမေရိကန်ရဲ့ အပစ်အခတ်ရပ်စဲရေးကို ရက်ပေါင်း ၆၀ တိုးချဲ့ဖို့နဲ့ အီရန်အစိုးရရဲ့ နျူကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲတွေအတွက် မူဘောင်တခု ချမှတ်ဖို့ သဘောတူညီချက် ရတော့မယ်လို့ ယုံကြည်တဲ့အကြောင်း ဆွေးနွေးပွဲတွေနဲ့ ပတ်သက်သူတွေရဲ့ ရှင်းလင်းတင်ပြချက်တွေကို ကိုးကားပြီး Financial Times သတင်းစာက ဖော်ပြပါတယ်။
သဘောတူညီချက်ထဲမှာ ဟော်မုဇ် ရေလက်ကြားကို တဖြည်းဖြည်းပြန်ဖွင့်ခြင်း၊ အီရန်ရဲ့ သိုလှောင်ထားတဲ့ ယူရေနီယမ်တွေကို လျှော့ချ လွှဲပြောင်းပေးခြင်းဆိုင်ရာ ဆွေးနွေးဖို့၊ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာ လျှော့ချဖို့နဲ့ ပိတ်ဆို့မှုတွေကို ဖြေလျှော့ဖို့ အမေရိကန်အစိုးရရဲ့ ခြေလှမ်းတွေပါမယ်လို့ အစီရင်ခံစာထဲမှာ ထပ်လောင်းဖော်ပြထားပါတယ်။
Source: Reuters










