DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် ဒီလပ်တပ်ဖွဲ့ဝင် ၁၄ ဦး ရှိလာ
DVB
·
August 24, 2026
ရခိုင်တွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် ဒီလပ်တပ်ဖွဲ့ဝင် ၁၄ ဦး ရှိလာ
1 / 2
ပုဏ္ဏားကျွန်းမြို့နယ်တွင်း မူးယစ်မှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဒီလပ်တပ်ဖွဲ့ဝင်များ။ (Photo: APM)
Donate to DVB

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ဒီလပ်တပ်ဖွဲ့ဝင် ၁၄ ယောက်အထိ ရှိလာနေပြီလို့ ဒီလပ်တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြို့နယ်တွေမှာ ပုဏ္ဏားကျွန်းမြို့နယ်က ဒီလပ်တပ်ဖွဲ့ဝင် ၇ ယောက်နဲ့ ကျောက်တော်မြို့နယ်က ၇ ယောက်တို့ ဖြစ်ကြပြီး သူတို့ဟာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှုနဲ့ သုံးစွဲမှုတွေကြောင့် ဒီလပ်တပ်ဘက်က ဖမ်းဆီး အရေးယူထားတာလည်း ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဩဂုတ် ၃၀ ရက်က ပုဏ္ဏားကျွန်းမြို့နယ်မှာ တာဝန်ကျနေတဲ့ ဒီလပ်တပ်ဖွဲ့ဝင် ၇ ယောက်ကို မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းဝယ်မှု၊ သုံးစွဲမှုတွေနဲ့ ဖမ်းဆီးခဲ့ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်းကလည်း ကျောက်တော်မြို့နယ်က ဒီလပ်တပ်ဖွဲ့ဝင် ၇ ယောက်ကို မူးယစ်ဆေးဝါး သုံးစွဲမှုတွေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) အနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျ ပပျောက်ရေးအတွက် အထူးဆောင်ရွက်နေပြီး ဖြန့်ဖြူးရောင်းချတာနဲ့ သုံးစွဲတာတွေမှာ ပါဝင်ပတ်သက်သူ ဟူသမျှကို ဥပဒေအရ အရေးယူဖို့ မူဝါဒရှိပြီးသားလို့ ဒီလပ်တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

“ဒီလပ်တပ်ဖွဲ့ အနေနဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချတာ၊ သုံးစွဲတာတွေ ပပျောက်ဖို့ အထူးအလေးပေး ဆောက်ရွက်နေတာ ရှိတယ်။ ဖြန့်ဖြူးရောင်းချနေတာပဲဖြစ်ဖြစ်၊ သုံးစွဲတာပဲဖြစ်ဖြစ် တိကျတဲ့ သတင်းအချက်အလက်နဲ့ သက်သေခံပစ္စည်းတွေ လက်ဝယ်တွေ့ရှိရင် ဘယ်သူ့ကိုမဆို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်မှုတွေရှိတယ်။”

ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လအတွင်းက ကျောက်တော်မြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းချသူနဲ့ သုံးစွဲသူ ၇၇ ယောက်ကို အာရက္ခတပ်တော်ရဲ့ ထောက်လှမ်းရေးတပ်နဲ့ ဒီလပ်ဌာနတို့ ပူးပေါင်း ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီ ဖမ်းဆီးခံရတဲ့ ၇၇ ယောက်ထဲမှာ ကျောင်းသား ၁၃ ယောက်နဲ့ ဒီလပ်တပ်ဖွဲ့ဝင် ၇ ယောက်တို့ ပါဝင်ကြပြီး အဲဒီအထဲက ကျောင်းသား ၁၃ ယောက်နဲ့ အသက် ၂၀ အောက် လူငယ် ၆ ယောက်ကို ဝန်ခံလက်မှတ်ရေးထိုးစေပြီး မိဘတွေလက်ကို ဩဂုတ် ၁၁ ရက်မှာ ပြန်လည်အပ်နှံခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ အရင် စစ်အစိုးရတွေ လက်ထက်ကတည်းက မူးယစ်ဆေးဝါး ရောင်းချမှုနဲ့ သုံးစွဲမှုတွေ ရှိနေပြီး လက်ရှိ စစ်ရေးပဋိပက္ခ ကာလအကြားမှာ ပိုမိုမြင့်တက်လာနေတဲ့ အနေအထားမှာ ရှိနေတာကြောင့် အစိုးရအနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲမှုတွေကို စနစ်တကျ ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ကျောက်တော်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ဝင်ရောက်နေတာ အခုမှတော့ မဟုတ်ဘူးဗျ။ ဆယ်စုနှစ် နှစ်ခုလောက် ရှိနေပြီ။ ဒါပေမဲ့ အခု စစ်ရေးပဋိပက္ခ ကာလအတွင်းမှာ လူငယ်တွေဟာ ပညာရေးပြင်ပ ရောက်ရှိသွားတာ၊ အလုပ်အကိုင် အခွင့်အလမ်း မရှိတာတွေကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ သုံးစွဲမှုတွေဟာ အရင်ကထက် ပိုများလာတဲ့ အနေအထားမှာ ရှိတယ်။ မူယစ်ဆေးဝါးက အဆက်အသွယ်ရှိရင် ကြိုက်တဲ့နေရာက ဝယ်လို့ရတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ ဒီလို မူးယစ်ဆေးဝါးတွေ ပြန့်ပွားနေတာတွေကို အစိုးရအနေနဲ့ စနစ်တကျ ကိုင်တွယ်ဖြေရှင်နိုင်ဖို့ အရေးကြီးတယ်။”

ရခိုင်ပြည်နယ် အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေနဲ့ သုံးစွဲသုံးတွေကို ဒီလပ်တပ်ဖွဲ့က လစဉ်လတိုင်း ဖမ်းဆီးမှုတွေရှိနေပြီး မူးယစ်ဆေးဝါး ဥပဒေတွေနဲ့ ပြစ်ဒဏ်ချမှတ်နေတာတွေ ဆက်တိုက်ရှိနေတယ်လို့ ဒီလပ်တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတည်းက စစ်အာဏာရှင်တပ်နဲ့ AA တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြတာဖြစ်ပြီး ဒေသခံတွေအကြားလည်း ဆင်းရဲမွဲတေမှုတွေနဲ့ ဆက်တိုက်မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013