ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ အက်သလက်တီကို မက်ဒရစ်ကို (၂-၀) ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ဒုတိယအကျော့မှာ အနိုင်ရဖို့အတွက် အသည်းအသန် လိုက်ကစားရဖို့ ရှိနေပါတယ်။
ပွဲကစားချိန်တလျှောက် ဘာစီလိုနာက ပိုကောင်းခဲ့ပေမဲ့ ပထမပိုင်းပြီးခါနီးမှာ နောက်ခံလူ ကျူဘာစီ အနီကတ်ပြသခံလိုက်ရတာက ပွဲရဲ့အလှည့်အပြောင်း ဖြစ်သွားခဲ့တာပါ။
အနီကတ်ကနေ ရလာတဲ့ ဖရီးကစ်ကို ဂျူလီယန်အယ်လ်ဗာရက်ဇ်က တိုက်ရိုက်ကန်သွင်းပြီး အက်သလက်တီကိုအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဘာစီလိုနာအသင်းဟာ ၁၀ ယောက်တည်းနဲ့ အစွမ်းကုန် တိုက်စစ်ဆင်ခဲ့ပြီး ရက်ရှ်ဖို့ဒ်ရဲ့ကန်ချက် ဂိုးတိုင်ထိခဲ့သလို လာမိန်းယာမဲလ်ရဲ့ ဂိုးလည်း လူကျွံအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ပွဲပြီးခါနီးမှာတော့ ဆောလော့သ်က အက်သလက်တီကိုအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ အခုရှုံးပွဲကြောင့် ဘာစီလိုနာဟာ နောက်တပတ် မက်ဒရစ်မြေမှာ ကစားရမဲ့ ဒုတိယအကျော့မှာ အသည်းအသန် ပြန်ကစားရမဲ့ အခြေအနေ ဖြစ်သွားပါတယ်။










