
မေး။ ။ မြန်မာ့ပြည်တွင်းစစ်က ၅ နှစ်ထဲကို ဝင်လာနေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင် (EAOs) အဖွဲ့ပေါင်း ၂၀ လောက်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ တခြား ပြည်သူ့စစ်အဖွဲ့ငယ်လေးတွေက စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေကြပါတယ်။ လက်ရှိ ထိခိုက်သေဆုံးမှု စာရင်းတွေက ဘယ်လောက်ရှိနေပြီလဲခင်ဗျာ။
ဖြေ။ ။ ကံမကောင်းစွာနဲ့ပဲ သေဆုံးသူအရေအတွက်ဟာ ဂဏန်း ၆ လုံး (သိန်းဂဏန်း) နီးပါးကို ရောက်လာနေပါပြီ။ အရပ်သားတွေနဲ့ လက်နက်ကိုင်တွေ အပါအဝင် သေဆုံးသူ တသိန်းနီးပါး ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ သေဆုံးသူအရေအတွက် တခုတည်းကသာ ပဋိပက္ခရဲ့ ပြင်းထန်မှုကို တိုင်းတာတဲ့ အရာတော့ မဟုတ်ပါဘူး။ စစ်မီးဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးကို ကူးစက်သွားပါပြီ။ နိုင်ငံတဝန်းက မြို့နယ်ပေါင်း ၃၃၀ မြို့နယ်မှာ ၃၂၃ မြို့နယ်အထိ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတာကို ကျနော်တို့ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ တနိုင်ငံလုံးနီးပါး ဖြစ်နေတာပါ။ ဒီပဋိပက္ခဟာ အရပ်သားတွေအတွက် အင်မတန် အန္တရာယ်ကြီးပါတယ်။ အဲဒါကို ဘယ်လိုတိုင်းတာလဲဆိုတော့၊ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၂၀,၀၀၀ လောက် ရှိနေလို့ပါပဲ။
မေး။ ။ လက်ရှိ ပဋိပက္ခရဲ့ အနေအထားကို ဘယ်လိုမြင်လဲ။ တိုင်းရင်းသား လက်နက်ကိုင် (EAO) တွေက သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေကြတယ်။ ကရင်ပြည်နယ်မှာဆိုရင် နယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေတပ်မတော် (KLTA) က ခွဲထွက်ကြောင်း ကြေညာခဲ့လို့ KNU လို တခြား EAO တွေနဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ စစ်တပ်ကလည်း ထိုးစစ်ဆင်နေပေမဲ့ ၂၀၂၃ နဲ့ ၂၀၂၄ မှာ သူတို့ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကို ပြန်ရနိုင်မယ်လို့ ယုံကြည်သူကတော့ နည်းပါးပါတယ်။
ဖြေ။ ။ မဟာဗျူဟာကျတဲ့ လမ်းကြောင်းတွေကို ပြန်သိမ်းနိုင်တာက စစ်အာဏာရှင်အတွက် အကျိုးကျေးဇူး ၂ ခုရှိပါတယ်။ ပထမတခုက သူတို့ရဲ့ စီးပွားရေးလမ်းကြောင်းတွေ ပြန်စနိုင်သလို၊ စစ်တပ်ခေါင်းဆောင်တွေအနေနဲ့လည်း သူတို့မှာ စွမ်းဆောင်ရည်ရှိသေးတယ်လို့ ဟန်ပြနိုင်ပါတယ်။ ဒုတိယတခုကတော့ တော်လှန်ရေးအဖွဲ့တွေကြားက ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်သွားတာပါပဲ။
အခုဆိုရင် ဒေသတွေကို ဆက်သွယ်ထားတဲ့ အဲဒီမဟာဗျူဟာမြောက် လမ်းတွေကို စစ်တပ်က ပြန်သိမ်းနိုင်ခဲ့တဲ့အတွက်၊ ထောက်ပို့လမ်းကြောင်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဆက်သွယ်မှုတွေကို ဖြတ်တောက်နိုင်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၅ လအတွင်း တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ရလိုက်တဲ့ အဓိက အားသာချက် ၂ ခုပါပဲ။
တရုတ်နိုင်ငံနဲ့ အိန္ဒိယသမုဒ္ဒရာကို ထွက်နိုင်တဲ့ ဆိပ်ကမ်းတွေရှိတဲ့အတွက် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်လို မဟာဗျူဟာကျတဲ့ နေရာတွေကို စစ်တပ်က အဓိက ပစ်မှတ်ထားနေပါတယ်။ ဒါပေမဲ့ ဒီနှစ် ဒုတိယနှစ်ဝက်လောက်မှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းလို ကျန်တဲ့ဒေသတွေကို စစ်တပ်က ပစ်မှတ်ထားလာပါလိမ့်မယ်။ ပဋိပက္ခက အဲဒီဘက်ကို ဦးတည်နေပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တော်တော်များများက သူတို့ရဲ့ ရှင်သန်ရပ်တည်ရေးနဲ့ သူတို့ရဲ့ ကိုယ်ပိုင် မဟာဗျူဟာ အကျိုးစီးပွားတွေအတွက်ပဲ လှုပ်ရှားနေကြတာပါ။ သူတို့ကြားက ပူးပေါင်းဆောင်ရွက်မှုက အရင်ကလောက် မကောင်းတော့ပါဘူး။ စစ်တပ်က အဖွဲ့အစည်း အသီးသီးနဲ့ နှစ်ဖက် အပစ်အခတ်ရပ်စဲမှုတွေ လုပ်ပြီး သွေးခွဲအုပ်ချုပ်တဲ့ မူဝါဒတွေကို သုံးနေတဲ့အတွက် သူတို့အချင်းချင်းကြားမှာ ယုံကြည်မှု ပြဿနာတွေလည်း ရှိနေပါတယ်။ ဒါကြောင့်မို့လို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်တပ်ကို အသာစီးပြန်ရယူနိုင်မဲ့ ဆွေးနွေးပွဲတွေမှာ အပေါ်စီးကနေ ပါဝင်နိုင်မဲ့ မဟာဗျူဟာမျိုးနဲ့ အမြန်ဆုံး ပြန်လည်ခေါင်းထောင်လာနိုင်လိမ့်မယ်လို့ ကျနော် မထင်ပါဘူး။”
မေး။ ။ အခုအခြေအနေက ရှေ့မတိုး၊ နောက်မဆုတ်သာအကျပ်အတည်း တခုဖြစ်နေတယ်ဆိုတာကို သဘောတူပါသလား။
ဖြေ။ ။ “ဟုတ်ကဲ့၊ ဒီသုံးသပ်ချက်ကို ကျနော်အတော်လေး သဘောတူပါတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်က အရေးပါတဲ့ နယ်မြေတချို့ကို ပြန်သိမ်းနိုင်ခဲ့ပေမဲ့ အဲဒီနေရာတွေမှာ သူတို့ရဲ့ အာဏာကို ပြန်လည်သက်ဝင်အောင် ကြိုးစားရင်းနဲ့ မတည်ငြိမ်မှု မျိုးစုံကို ရင်ဆိုင်နေရလို့ပါပဲ။ စစ်တပ်က နယ်မြေတွေကို ပြန်သိမ်းလေ၊ အဲဒီနယ်မြေတွေမှာ သူတို့ရဲ့ အုပ်ချုပ်မှုကို သက်ဝင်အောင် လုပ်လေ၊ ဒေသခံ အရပ်သားတွေအပေါ် ဖိနှိပ်မှုတွေက ပိုများလာလေပါပဲ။
အဲဒီလို အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ဖို့ ကြိုးစားနေတာက အချိန်ယူရမှာဖြစ်သလို၊ စစ်တပ်ကလည်း အင်အားပြန်မွေးပြီး တန်ပြန်ထိုးစစ်တွေကို အရှိန်မြှင့်နေပါတယ်။ တော်လှန်ရေးအဖွဲ့တွေကလည်း သူတို့ရဲ့ ရည်မှန်းချက်တွေ ရောက်ဖို့ဆိုရင် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ သူတို့လည်း အင်အားတွေ ပြန်စုစည်းနေကြပါတယ်။ စစ်တပ်က ဥပမာ ရခိုင်ပြည်နယ်လို နေရာတနေရာတည်းကိုပဲ အာရုံစိုက်နေတဲ့အချိန်မှာ၊ နိုင်ငံရဲ့ တခြားနေရာက တော်လှန်ရေးအဖွဲ့တွေက လူသစ်စုဆောင်းတာ၊ အင်အားပြန်ဖြည့်တာနဲ့ သူတို့ရဲ့ မဟာဗျူဟာတွေကို အသစ်ပြန်ချတာတွေ လုပ်နေကြပါတယ်။ စစ်အာဏာရှင်ကလည်း ဒီတော်လှန်ရေးကို အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုအခြေအနေဟာ ဘယ်သူမှ အပြတ်အသတ် မနိုင်သေးတဲ့ သူမသာ၊ ကိုယ်မသာ အကျပ်အတည်းကာလတခု ဖြစ်နေတယ်ဆိုတဲ့ သုံးသပ်ချက်ကို ကျနော်သဘောတူတာပါ။”
မေး။ ။ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) က အောင်ပွဲတွေ ရနေပေမဲ့ အရပ်သားတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။ ဒါကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က စုံစမ်းစစ်ဆေးတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေ သူတို့ရဲ့ နေရပ် ရခိုင်ပြည်နယ်ကို ပြန်လာနိုင်ဖို့ အလားအလာ ရှိပါသလား။
ဖြေ။ ။ “အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာ အရပ်သားတွေအပေါ် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။ အဲဒီအထဲမှာ ထန်းရှောက်ခံ ကျေးရွာက လူအစုလိုက်အပြုံလိုက် အသတ်ခံရမှုနဲ့၊ နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ရိုဟင်ဂျာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှုတွေလည်း ပါဝင်ပါတယ်။ ဒီဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တဲ့ အချိန်ကာလကလည်း စဉ်းစားစရာပါ။ အဲဒီဖြစ်ရပ် နှစ်ခုစလုံးဟာ စစ်တပ်က ရိုဟင်ဂျာတွေကို စစ်မှုထမ်းခိုင်းပြီး နောက်ပိုင်းနဲ့ AA ကို တန်ပြန်ဖို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တာပါ။
အဲဒီနောက်ပိုင်း ရိုဟင်ဂျာ လက်နက်ကိုင်တွေနဲ့ AA ကြား တိုက်ပွဲတွေ ပိုများလာသလို၊ စစ်တပ်၊ AA နဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် လက်နက်ကိုင်အဖွဲ့မျိုးစုံက ရိုဟင်ဂျာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း တိုးလာခဲ့ပါတယ်။ ဒီအခြေအနေတွေအရ ရခိုင်ပြည်နယ်ကို ဘယ်သူပဲ ထိန်းချုပ်ထားပါစေ၊ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ဆိုတာ မလုံခြုံသေးဘူးဆိုတာကို ပြသနေပါတယ်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ လိုလားနေတဲ့ စစ်တပ်နဲ့ AA ကြား အပစ်အခတ်ရပ်စဲရေး ရသွားမယ်ဆိုရင်တောင် ကြီးမားတဲ့ အတားအဆီးတွေ ရှိနေပါသေးတယ်။
နောက်တချက်က ရခိုင်ပြည်နယ်မှာ ပိုမိုရှုပ်ထွေးလာနေတဲ့ လူမျိုးရေး၊ လူ့အဖွဲ့အစည်းနဲ့ ဘာသာရေး တင်းမာမှုတွေကို ပြန်လည်ကုစားဖို့ဆိုတာ စစ်တပ်နဲ့ AA ကြား တိုက်ပွဲတွေ ရပ်သွားရင်တောင် တော်တော်လေးကို ခက်ခဲပါလိမ့်မယ်။
တဖက်မှာလည်း AA က ရိုဟင်ဂျာအရေးဟာ ရခိုင်ပြည်နယ်မှာ သူတို့ရဲ့ အာဏာကို ခိုင်မာစေဖို့နဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရဖို့အတွက် အဓိကသော့ချက် ဖြစ်နေဆဲပဲဆိုတာကို နားလည်ထားပါတယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေး တခုတည်းနဲ့တင် သူတို့တွေ ဘေးကင်းကင်း ပြန်လာနိုင်ဖို့ မလုံလောက်ပါဘူး။ နေရပ်ပြန်ရေးဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးဘက်က ယုံကြည်ရတဲ့ လုံခြုံရေး အာမခံချက်တွေ ပေးနိုင်ဖို့နဲ့၊ လက်ရှိ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ အသိုက်အဝန်းကို ခြိမ်းခြောက်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းပြောင်းလဲပေးနိုင်မဲ့ နိုင်ငံရေးအစီအမံတွေအပေါ်မှာပဲ မူတည်နေပါတယ်။
မေး။ ။ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။ သူတို့က ဆွေးနွေးပွဲတွေဖြစ်အောင် ကြိုးစားနေပေမဲ့ AA အပေါ်မှာရော ဩဇာလွှမ်းမိုးမှု ရှိရဲ့လား။
ဖြေ။ ။ သူတို့ (တရုတ်တွေ) ကြိုးစားခဲ့ကြပါတယ်။ ဆွေးနွေးမှုတွေ၊ ဆက်သွယ်မှုတွေ အခုထိ ရှိနေတုန်းပဲလို့ ကျနော်ယုံကြည်ပါတယ်။ ဒါပေမဲ့ တရုတ်-မြန်မာ နယ်စပ်မှာ လှုပ်ရှားနေတဲ့ တခြား EAO တွေအပေါ် ဩဇာလွှမ်းမိုးနိုင်သလိုမျိုး AA အပေါ်မှာတော့ သိပ်မလွှမ်းမိုးနိုင်ပါဘူး။ ရခိုင်ပြည်နယ်က မဟာဗျူဟာအရ အရမ်းအရေးပါသလို၊ အဲဒီမှာ အိန္ဒိယကလည်း ပါဝင်ပတ်သက်နေလို့ပါပဲ။
မေး။ ။ စစ်တပ်က တရုတ်လုပ် ဒရုန်းတွေ သုံးနေတယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ။ ။ ဟုတ်ပါတယ်။ စစ်တပ်က တရုတ်လုပ် ဒရုန်းတွေကို သုံးနေတယ်လို့ ကြားရသလို၊ နည်းပညာ အထောက်အပံ့တွေလည်း ရနေပါတယ်။ စစ်မြေပြင်မှာ ကျနော်တို့ တွေ့နေရတဲ့ တိုက်ခိုက်ရေး ဒရုန်းအများစုဟာ တရုတ်နိုင်ငံထုတ်တွေပါ။ အဲဒါတွေက ဈေးလည်းပိုပေါတယ်၊ အသုံးပြုရတာလည်း ပိုလွယ်ကူသလို၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက တပ်ရင်းတွေ၊ အဆင့်ဆင့်သော စစ်သားတွေကို သင်တန်းပေးရတာလည်း ပိုလွယ်ကူလို့ ဖြစ်ပါတယ်။
မေး။ ။ ရုရှားကလည်း စစ်အာဏာရှင်ကို ထောက်ပံ့နေသလို၊ အီရန်ကလည်း အရပ်သားတွေကို ပစ်မှတ်ထားနေတဲ့ လေတပ်အတွက် လေယာဉ်ဆီတွေ ထောက်ပံ့နေတယ်လို့ စွပ်စွဲခံရပါတယ်။ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ရဲ့ စစ်ပွဲတွေကြောင့် လေယာဉ်ဆီရရှိမှု လျော့ကျသွားတာမျိုး ရှိပါသလား။
ဖြေ။ ။ ဒါဟာ ပုံစံသစ်တခုပါ။ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေရုံသာမက တိုက်လေယာဉ်တွေကို ပိုသုံးလာပြီး၊ ၄ နာရီလောက် ဆက်တိုက် ဗုံးကြဲတာမျိုးတွေ လုပ်လာတာကို ကြည့်ရင်၊ သူတို့ဆီမှာ လေယာဉ်ဆီအလုံအလောက် သိုလှောင်ထားနိုင်တာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် တခြားနေရာကနေ အလွယ်တကူ ရနေတာပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတို့မှာ လေယာဉ်ဆီ ပြတ်လပ်တဲ့ ပြဿနာ မရှိပါဘူး။ အီရန် တနိုင်ငံတည်းဆီကနေ ရနေတာလည်း မဟုတ်ပါဘူး။
မေး။ ။ ခင်ဗျားဟာ မကြာသေးခင်ကပဲ အသက် ၈၁ နှစ်ပြည့်သွားပြီဖြစ်တဲ့၊ ၂၀၂၁ အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရဆဲဖြစ်တဲ့ NUG ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက်ပြုလုပ်ပေးတဲ့ မွေးနေ့ပွဲကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပြည်သူတွေက သူ့အပေါ် အများကြီး သံယောဇဉ်ရှိကြသလို၊ သူရဲ့သား ကင်မ် အဲရစ်ရဲ့ သက်ရှိထင်ရှားရှိကြောင်း သက်သေပြရေး (Proof of Life) လှုပ်ရှားမှုလည်း ရှိနေပါတယ်။ သူ အသက်ရှင်လျက် ရှိနေသေးတယ်လို့ ထင်ပါသလား။
ဖြေ။ ။ ကျနော်တို့တွေ ခန့်မှန်းရုံပဲ ခန့်မှန်းနိုင်ပြီး သေချာတော့ မသိရပါဘူး။ ဘာလို့လဲဆိုတော့ ကင်မ်ပြောသလိုပဲ ဘယ်သူမှ သူနဲ့ အဆက်အသွယ် မရကြလို့ပါ။ သူ အသက်ရှင်နေသေးလား၊ မရှိတော့ဘူးလားဆိုတဲ့ ထင်ကြေးပေးမှုတွေက သူ အကျဉ်းကျနေစဉ်မှာ ဘယ်လိုပစ္စည်းတွေ တောင်းဆိုခဲ့သလဲ ဆိုတာပေါ်မှာပဲ အခြေခံနေရပါတယ်။ ဥပမာ စာအုပ်တွေ မှာတယ်ဆိုရင် ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်လေ့လုပ်ထရှိတဲ့ စရိုက်လက္ခဏာပါပဲ။
စစ်တပ်က ဧပြီ ၃၀ ရက်နေ့တုန်းက သူ့ကို ထောင်ကနေ နေပြည်တော်က သီးသန့်နေအိမ်တခုကို ပြောင်းရွှေ့ အကျဉ်းချပေးလိုက်ပြီလို့ ကြေညာခဲ့ပေမဲ့ သူ့ဆီက ဘာသံမှ မကြားရတာ နှစ်နဲ့ချီ ရှိနေပါပြီ။ သူ့ရဲ့ ရှေ့နေတွေ၊ အဆက်အသွယ်တွေကတောင် သူ့ဆီကနေ ဘာတောင်းဆိုမှုမှ မရတာ ကြာပါပြီ။ ဒါကြောင့် လူတိုင်းက စိုးရိမ်နေကြတာပါ။
သူ့ရဲ့ မွေးနေ့ပွဲနဲ့ ပတ်သက်ပြီး အချက်တချို့ကို ကျနော် ပြောချင်ပါတယ်။ ပဋိပက္ခတွေကို သုတေသနလုပ်နေသူ တယောက်အနေနဲ့ အဓိက ၂ ချက်ကို ထောက်ပြချင်ပါတယ်။ ပထမတချက်က လူတော်တော်များများဟာ ပန်းပန်တဲ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ လူတွေက နှင်းဆီပန်းကို ပန်ကြတယ်၊ ဒါမှမဟုတ် ကိုင်ထားကြတယ်။ ဒါဟာ ပန်းသပိတ် လှုပ်ရှားမှုတွေလိုပါပဲ။ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတခုကို ပြသတာပါ။ နှစ်တိုင်း သူ့ရဲ့ မွေးနေ့တွေမှာ တွေ့ရလေ့ရှိတဲ့ ဆန္ဒပြမှုတွေနဲ့လည်း တသားတည်းပါပဲ။
ကင်မ်ကလည်း သူရဲ့မွေးနေ့မှာ ၈၁ နှစ်အတွက် ၈၁ (81 for 81) ဆိုတဲ့ လှုပ်ရှားမှုတခုကို စတင်ခဲ့ပါတယ်။ အဲဒါကတော့ လူတွေအနေနဲ့ ကီလိုမီတာ ၈၁၀ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ဒါမှမဟုတ် စာအုပ် ၈၁ အုပ် ဖတ်တာမျိုးတွေ လုပ်ကြဖို့ပါ။ ဒါတွေဟာ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေပါ။
နောက်တချက် ကျနော်တို့ တွေ့ရတာကတော့ လက်နက်ကိုင် တော်လှန်ရေးသမားတွေက သူတို့ရဲ့ သေနတ်တွေကို ချပြီး ပန်းတွေပန်ကာ ဒီလှုပ်ရှားမှုမှာ အင်တိုက်အားတိုက် ပါဝင်လာကြတာပါပဲ။ ဒါဟာ သူ့ရဲ့ မွေးနေ့ဖြစ်သလို၊ သူ့ကို ထောက်ခံသူတွေ၊ နောက်လိုက်တွေက ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတခုနဲ့ ဆင်နွှဲတဲ့ ပွဲတခုလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပုံရိပ်၊ သူ့ရဲ့ သင်္ကေတဟာ ငြိမ်းချမ်းရေးပါပဲ။ နိုင်ငံကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာချင်သူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက်ရော၊ နိုင်ငံအတွက်ပါ သူ့ကို အကျဉ်းထောင်ကနေ လွတ်မြောက်လာအောင်လုပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ နိုင်ငံတကာ အသိုက်အဝန်းကလည်း အသက် ၈၁ နှစ်အရွယ် နိုဘယ်လ်ဆုရှင်ကို လွှတ်ပေးဖို့ စစ်အာဏာရှင်ကို ဆက်လက် ဖိအားပေးသွားရမှာ ဖြစ်ပါတယ်။
လုခ်ဟန့်တ်
Ref: UCA News
“Where is the civil war in Myanmar heading next?” By Luke Hunt










