
ကျောက်မျက်ရတနာ ကုန်သည်တွေနဲ့ ကျွမ်းကျင်သူတွေကြားမှာ မြန်မာနိုင်ငံက ဝေးလံခေါင်ဖျားတဲ့ မိုးကုတ်ဒေသဟာ ထူးခြားဆန်းကြယ်မှုတခုလို ဖြစ်နေပါတယ်။ ပတ္တမြားမြေလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဒီဒေသဟာ ရာစုနှစ်ပေါင်းများစွာကတည်းက အကောင်းဆုံး ကျောက်မျက်ရတနာတွေကို ထုတ်လုပ်ပေးခဲ့တာပါ။ တောင်စောင်းတွေမှာ တူးဖော်ထားတဲ့ တွင်းကြီးတွေကနေ ဒီရတနာတွေကို တူးဖော်ရရှိတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဈေးကွက်မှာ မိုးကုတ်ပတ္တမြားတွေရဲ့ ဩဇာလွှမ်းမိုးမှု အနည်းငယ် ကျဆင်းသွားပေမဲ့လည်း အခုအချိန်အထိ တန်ဖိုးကြီးနေဆဲပါပဲ။ တောက်ပတဲ့ အရောင်အသွေးကြောင့် “ခိုသွေးရောင်” လို့ ခေါ်ကြတဲ့ အကောင်းဆုံးပတ္တမြားတွေဆိုရင် လေလံပွဲတွေမှာ မယုံနိုင်လောက်အောင် ဈေးကောင်း ရတတ်ပါတယ်။ ၂၀၁၅ ခုနှစ်က ဆိုသဘီလေလံပွဲမှာ ကာတီယာ စိန်လက်စွပ်နဲ့ ကွပ်ထားတဲ့ Sunrise Ruby လို့ နာမည်ပေးထားတဲ့ ပတ္တမြားတပွင့်ကို ဒေါ်လာ သန်း ၃၀ ကျော်နဲ့ ရောင်းချခဲ့ရပါတယ်။
ဒါကြောင့် ၂၀၂၄ ခုနှစ်မှာ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မိုးကုတ်ကို သိမ်းပိုက်လိုက်တဲ့အခါ ပတ္တမြားဟာ သူတို့ရဲ့ အဓိကပစ်မှတ်တခု ဖြစ်လာတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ TNLA ဟာ ဒီလုပ်ငန်းစဉ်ထဲကို ချက်ချင်းပဲ ဝင်ရောက်လာပါတယ်။ တရုတ် သတ္တုတူးဖော်ရေးအဖွဲ့တွေကို လုပ်ပိုင်ခွင့်တွေ ချထားပေးပါတယ်။ ဒေသခံ တွင်းတူးသမားတွေကို လုပ်ကွက် တူးဖော်ခွင့်အတွက် အခကြေးငွေ တောင်းခံပါတယ်။ တူးဖော် ရရှိသမျှရဲ့ အများစုကို သူတို့ရဲ့ မဟာမိတ်တွေဆီ အပ်နှံဖို့လည်း ဒေသခံတွေကို တောင်းဆိုခဲ့ပါတယ်။
မိုးကုတ်ချိုင့်ဝှမ်းဒေသ တခုလုံးမှာ နေရာတိုင်းလိုလို တူးဖော်ခွင့် ရနေပါတယ်။ တချိန်ကဆိုရင် တွင်းတူးသမားတွေဟာ ကျောက်မျက်ပါတဲ့ မြေသားကို ရဖို့အတွက် မြို့ရဲ့ ဂေါက်ကွင်းကိုတောင် စတင်တူးဆွခဲ့ကြပါတယ်။ မကြာခင်မှာပဲ ဂေါက်ကွင်း မြက်ခင်းပြင်ဟာ ပလတ်စတစ် မိုးကာစတွေ မိုးထားပြီး တူးလက်စ တွင်းဟောင်းကြီးတွေ ပြည့်နေတဲ့ လကမ္ဘာမြေပြင်လို ဖြစ်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာတော့ စစ်ကောင်စီက မိုးကုတ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ နိုင်ငံကို ဖျက်ဆီးနေတဲ့ ပြည်တွင်းစစ်ကြီးရဲ့ စစ်မျက်နှာပြင်တွေဟာ အလျင်အမြန် ပြောင်းလဲနေတဲ့အတွက် ဒါဟာလည်း အံ့ဩစရာတော့ မဟုတ်ပါဘူး။ မိုးကုတ်မှာ နေထိုင်ရတာကတော့ အန္တရာယ် များနေဆဲပါပဲ။
“အန္တရာယ်တွေက အမြဲတမ်း ရှိနေတယ်။ ဘယ်သူ့ကိုမှ ယုံလို့မရဘူး။ လက်နက်ကြီးတွေ ဘယ်အချိန် ကျလာမလဲ မသိနိုင်သလို၊ တိုက်ပွဲတွေကလည်း အချိန်မရွေး ဖြစ်ပွားနိုင်ပါတယ်” လို့ ၂၀၂၄ ခုနှစ်က မိုးကုတ်ကနေ ထွက်ပြေးလာခဲ့တဲ့ ကျောက်မျက်ကုန်သည် ကျော်သူရ က မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့မှာ ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ ပြောပြပါတယ်။
ဒါပေမဲ့ တွင်းတူးသမားတွေကတော့ ဆက်လက် အလုပ်လုပ်နေကြဆဲပါ။ မကြာသေးခင်ကပဲ အလေးချိန် ကာရက် ၁၁,၀၀၀ (၅ ပေါင်နီးပါး) ရှိတဲ့ အရည်အသွေးမြင့် ခရမ်းနီရောင် ကျောက်မျက်တပွင့်ကို တူးဖော်ရရှိခဲ့ပါတယ်။ တိုက်ပွဲ ရှေ့တန်းစစ်မျက်နှာတွေကို ဖြတ်ကျော်ပြီး ကျောက်မျက်တွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ ပွဲစားတွေလည်း အလုပ်လုပ်နေကြဆဲပါ။ သူတို့ဟာ လာဘ်ထိုးဖို့ ငွေကြေးတွေအပြင် အလွန်ကြီးမားတဲ့ ကိုယ်ပိုင်သတ္တိတွေကိုပါ ရင်းနှီးပြီး မန္တလေးက ဈေးကွက်တွေနဲ့ တရုတ်နယ်စပ်တလျှောက်ကို သယ်ယူပို့ဆောင်နေကြပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခ အသွင်သစ် စတင်ကတည်းက စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားက ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁ သိန်းခန့် သေဆုံးခဲ့ရပါတယ်။ စကစတပ်တွေဟာ ရွာတွေကို မီးရှို့ပြီး ဒေသခံတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။ အရပ်သားတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ပါတယ်။ စာသင်ကျောင်းတွေနဲ့ ဆေးခန်းတွေကို တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
တော်လှန်ရေးအဖွဲ့တချို့ကလည်း ကျူးလွန်မှုတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် စစ်တပ်ရဲ့ လက်ချက်ကြောင့် ဆိုးဆိုးရွားရွား ခံစားခဲ့ရဖူးတဲ့ နိုင်ငံမဲ့ မွတ်စလင် လူနည်းစု ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံသား သန်းနဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ သူတို့ဟာ ပြည်တွင်းက ခိုလှုံရေးစခန်းတွေမှာ နေထိုင်ရသလို တချို့လည်း နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။
မြန်မာနိုင်ငံက စစ်ပွဲဟာ ဒီလောက် ကြီးမားကျယ်ပြန့်နေပေမဲ့လည်း နိုင်ငံတကာရဲ့ အာရုံစိုက်မှုကိုတော့ အနည်းငယ်သာ ရရှိထားပါတယ်။ အရှေ့အလယ်ပိုင်း ဒါမှမဟုတ် ယူကရိန်းက ပဋိပက္ခတွေကို သတင်းဖော်ပြမှုနဲ့ ယှဉ်ရင် အလွန်သေးငယ်တဲ့ အချိုးအစားလောက်သာ ရှိပါတယ်။
ဒီလိုဖြစ်ရတာဟာ ပဋိပက္ခရဲ့ ရှုပ်ထွေးမှုတွေကြောင့် တစိတ်တပိုင်း ပါဝင်ပါတယ်။ ဒီရှုပ်ထွေးမှုတွေက သပ်ရပ်တဲ့ ဇာတ်လမ်းတပုဒ် ဖန်တီးဖို့ ကြိုးစားမှုတိုင်းကို အဟန့်အတား ဖြစ်စေပါတယ်။ မြန်မာနိုင်ငံ (ယခင်က ဗမာနိုင်ငံ) ဟာ ၁၉၄၈ ခုနှစ် ဗြိတိန်ထံကနေ လွတ်လပ်ရေး ရကတည်းက ပြည်တွင်းပဋိပက္ခတွေ အဆက်မပြတ် ရှိနေခဲ့တာပါ။
ဒီစစ်ပွဲရဲ့ နောက်ဆုံးအဆင့်ကတော့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်က ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထံကနေ အာဏာသိမ်းလိုက်ရာကနေ စတင်ခဲ့တာပါ။ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့ပေါင်း ဒါဇင်နဲ့ချီ ရှိနေပါတယ်။ တချို့က ဒီမိုကရေစီ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြတာပါ။ တချို့ကတော့ တိုင်းရင်းသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒါမှမဟုတ် ရိုးရိုးရှင်းရှင်း အသက်ရှင် ကျန်ရစ်ရေးအတွက် ကြိုးပမ်းနေကြတာပါ။ သူတို့ဟာ စစ်တပ်နဲ့ ရံဖန်ရံခါ တိုက်ပွဲဖြစ်လိုက်၊ ယာယီ သဘောတူညီမှုတွေ ရယူလိုက်နဲ့ ရှိနေကြပါတယ်။
သပွတ်အူလိုက်နေသော ပဋိပက္ခ နိုင်ငံတကာက အာရုံစိုက်မှု နည်းရတဲ့ နောက်ထပ် အကြောင်းရင်းတခုကတော့ သွားရောက်ရ ခက်ခဲလို့ပါပဲ။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို အများဆုံး ဖမ်းဆီးထောင်ချတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ အာဏာသိမ်းပြီးကတည်းက နိုင်ငံခြား သတင်းထောက်တွေအပေါ် ကြီးမားတဲ့ ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။
ဒါပေမဲ့ ဒီနှစ်မှာတော့ စစ်ကောင်စီဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်မဲ့ မဟာဗျူဟာ တစိတ်တပိုင်းအနေနဲ့ Businessweek က သတင်းထောက်တွေ အပါအဝင် နိုင်ငံတကာ မီဒီယာတွေကို ယာယီဝင်ရောက်ခွင့် ပြုခဲ့ပါတယ်။ ကျနော်တို့ မြင်တွေ့ခဲ့ရတာကတော့ ပျက်စီးယိုယွင်းနေတဲ့ မြင်ကွင်းတွေပါပဲ။ မတည်ငြိမ်မှုတွေနဲ့ အထီးကျန်ဆန်မှုတွေကြောင့် တချိန်က စည်ကားခဲ့တဲ့ မြို့ကြီးတွေဟာ ဆင်းရဲမွဲတေနေကြပါတယ်။ တချိန်က သက်သောင့်သက်သာ နေခဲ့ရသူတွေဟာ စစ်တပ်ရဲ့ ဖိနှိပ်တဲ့ နည်းဗျူဟာတွေကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြပါတယ်။ နေရပ်စွန့်ခွာရတဲ့ ရွာသူရွာသားတွေရဲ့ ဘဝတွေဟာ စစ်ပွဲကြောင့် စိစိညက်ညက် ကြေမွသွားခဲ့ပါပြီ။
မြန်မာနိုင်ငံက အဖြစ်အပျက်တွေဟာ ကမ္ဘာ့တခြား စစ်ပွဲဇုန်တွေနဲ့ ဘယ်လိုကွာခြားသလဲ ဆိုတာကိုလည်း ကျနော်တို့ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပါတယ်။ ဘာတွေအတွက် တိုက်ခိုက်နေကြသလဲ ဆိုတာမှာ ကွာခြားချက် ရှိနေပြီး ဒါဟာ နိုင်ငံသားတွေအပေါ် ကြီးမားလှတဲ့ သက်ရောက်မှုတွေ ရှိစေပါတယ်။
စစ်ကောင်စီနဲ့ အတိုက်အခံအဖွဲ့တွေဟာ နယ်မြေနဲ့ နိုင်ငံရေး အာဏာကို ရဖို့ တိုက်ခိုက်နေကြတာ မှန်ပေမဲ့ အများစုကတော့ ဒါတွေဟာ ငွေကြေးအတွက် အစားထိုး တိုက်ခိုက်နေကြတာပါ။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သယံဇာတ အကြွယ်ဝဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ အမေရိကန်၊ တရုတ်နဲ့ ဥရောပက စားသုံးသူတွေ လိုအပ်တဲ့ သဘာဝဓာတ်ငွေ့၊ ကြေးနီ၊ ကျောက်မီးသွေး၊ ကျွန်းသစ်၊ ကျောက်မျက်ရတနာ၊ သံဖြူ၊ ရွှေနဲ့ မြေရှားသတ္တု (ကမ္ဘာ့စတုတ္ထအများဆုံး ထုတ်လုပ်သည့်နိုင်ငံ) တွေ ထွက်ရှိပါတယ်။
နောက်ထပ် သူတို့ပေးနိုင်တဲ့ အရင်းအမြစ် တခုကတော့ ရုပ်ပိုင်းဆိုင်ရာ နေရာလွတ်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်က တက္ကဆက်ပြည်နယ်လောက် ကျယ်ဝန်းပြီး သွားလာရခက်ခဲတဲ့ သစ်တောထူထပ်တဲ့ ချိုင့်ဝှမ်းတွေ အများအပြား ရှိပါတယ်။ ဒါကြောင့် တရားမဝင် စီးပွားရေးလုပ်ငန်းတွေအတွက် ကာလရှည်ကြာ ခိုအောင်းရာ နေရာတခု ဖြစ်နေခဲ့ပါတယ်။ မက်သာဖက်တမင်း မူးယစ်ဆေး ထုတ်လုပ်တာကနေစလို့ အွန်လိုင်း ငွေလိမ်ဂိုဏ်း/ကျားဖြန့် (Scam) တွေအထိ ရှိနေပါတယ်။ အဲဒီငွေလိမ်ဂိုဏ်းတွေမှာ အလုပ်သမားတွေက နိုင်ငံခြားက လူတွေကို လိမ်လည်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ငွေထည့်ဖို့ ဒါမှမဟုတ် တကယ်မရှိတဲ့ အွန်လိုင်းချစ်သူတွေဆီ ငွေလွှဲဖို့ ဖြားယောင်း သွေးဆောင်ကြပါတယ်။
တပ်တွေ ရှေ့တိုးလာတာ ဒါမှမဟုတ် နောက်ဆုတ်သွားတာနဲ့အမျှ မြန်မာနိုင်ငံက ပြိုင်ဘက် အင်အားစုတွေဟာ ဒီပိုင်ဆိုင်မှုတွေနဲ့ နိုင်ငံတကာ ဈေးကွက်တွေကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကို ရရှိသွားတာ ဒါမှမဟုတ် ဆုံးရှုံးသွားတာတွေ ဖြစ်ပေါ်ပါတယ်။ ဒီပစ္စည်းတွေကို ရဖို့အတွက် လူ့အသက်ပေါင်း ဘယ်လောက်ပဲ ပေးဆပ်ရပါစေ၊ ဒီအဖွဲ့တွေဟာ ဒီပစ္စည်းတွေကို လိုချင်နေတဲ့ နိုင်ငံခြားအစိုးရတွေအတွက် အနည်းနဲ့အများ ဆိုသလို အရေးပါလာပါတယ်။
အဲဒီ နိုင်ငံခြားအစိုးရတွေထဲမှာ စစ်ကောင်စီကို ထောက်ခံပေးနေတဲ့၊ တချိန်တည်းမှာပဲ နယ်စပ်တလျှောက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တချို့နဲ့လည်း ဆက်ဆံရေး ထိန်းသိမ်းထားတဲ့ တရုတ်ခေါင်းဆောင်ပိုင်း ပါဝင်ပါတယ်။ ဒါ့အပြင် စစ်ဗိုလ်ချုပ်တွေက ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ ထရမ့်ပ်အစိုးရလည်း ပါဝင်ပါတယ်။ စစ်ပွဲတိုင်းမှာ လူတယောက်မဟုတ် တယောက်ကတော့ ငွေရှာနိုင်ကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာကတော့ အလွန်ကို ထူးခြားပါတယ်။ ဒီကြီးမားလှတဲ့ စစ်ပွဲကြီးဟာ တိုက်ခိုက်နေသူ အများစုအတွက် အကန့်အသတ်မရှိ ဆက်လက်တိုက်ခိုက်ဖို့ လုံလောက်တဲ့ အမြတ်အစွန်းတွေ ရနေပုံပါပဲ။
မကြာသေးခင်က ကျနော်တို့ နိုင်ငံတွင်းကို သုံးကြိမ် လာရောက်ခဲ့စဉ်မှာ ဘယ်နေရာတွေကို သွားရမယ်ဆိုပြီး စစ်ကောင်စီ အရာရှိတွေဘက်က တရားဝင် ကန့်သတ်ထားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ လုံခြုံရေး အခြေအနေတွေကြောင့် ကျနော်တို့ သွားလာနိုင်တဲ့ နေရာတွေ အကန့်အသတ် ရှိခဲ့ပါတယ်။ မြန်မာပြည်သူ တချို့က ‘မီးခိုးရောင်နယ်မြေ’ လို့ ခေါ်တဲ့ ဒေသတွေဟာ မြို့ကြီးတွေရဲ့ အပြင်ဘက် မိုင်အနည်းငယ် အကွာမှာပဲ စတင်နေပါပြီ။ ဒါကြောင့် ကျနော်တို့ရဲ့ ခရီးစဉ်တွေကို မန္တလေးနဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့တွေမှာပဲ အဓိကထား သွားလာခဲ့ပါတယ်။ ဒီမြို့နှစ်မြို့စလုံးက နှိုင်းယှဉ်ချက်အရ တည်ငြိမ်တယ် ဆိုပေမဲ့ စစ်ပွဲရဲ့ ဆိုးရွားတဲ့ သက်ရောက်မှုတွေကိုတော့ ခံစားနေကြရပါတယ်။ မြောက်ကိုရီးယားကလွဲရင် အာရှတိုက်မှာ ဘယ်နေရာမှ ဒီလောက် ဖွံ့ဖြိုးမှု နောက်ကျတယ်လို့ ခံစားရမှာ မဟုတ်ပါဘူး။
နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေနဲ့ အထီးကျန် စီးပွားရေး မူဝါဒတွေကြောင့် နိုင်ငံခြား လူသုံးကုန် အမှတ်တံဆိပ် အများစုဟာ ပျောက်ကွယ်သွားပါပြီ။ လျှပ်စစ်မီးတွေက တခါပြတ်ရင် နာရီပေါင်းများစွာ ကြာပါတယ်။ ဆီဖိုးတတ်နိုင်သူတွေက မီးစက်တွေ သုံးကြပြီး ကျန်တဲ့သူတွေကတော့ အမှောင်ထဲမှာပဲ နေကြရပါတယ်။ မိုဘိုင်း အင်တာနက်လိုင်းတွေကလည်း နေရာနဲ့ အချိန်ပေါ် မူတည်ပြီး ယုံကြည်စိတ်ချလို့ မရတာကနေ လုံးဝမရတဲ့အထိ ရှိပါတယ်။ အင်တာနက် ရပြန်ရင်လည်း အိမ်နီးချင်းနိုင်ငံတွေမှာ သာမန်အသုံးပြုနေကြတဲ့ ဆက်သွယ်ရေး ကိရိယာတိုင်းလိုလိုကို စစ်အုပ်စုရဲ့ Firewall က ပိတ်ဆို့ထားပါတယ်။ နေဝင်သွားပြီ ဆိုတာနဲ့ ချိုင့်ခွက်တွေနဲ့ မီးလင်းမနေတဲ့ လမ်းတွေဟာ အလျင်အမြန်ပဲ ခြောက်ကပ်သွားပါတယ်။ လမ်းမပေါ်မှာ အုပ်စုလိုက် ပြေးလွှားနေကြတဲ့ လမ်းဘေးခွေးတွေရဲ့ ဟောင်သံတွေကလွဲရင် တိတ်ဆိတ်နေပါတော့တယ်။
ဒါပေမဲ့ တချို့သော စီးပွားရေးလုပ်ငန်းတွေကတော့ ဖြစ်ထွန်းနေပါတယ်။ မန္တလေး ကျောက်ဝိုင်းဟာ မြို့ရဲ့ သမိုင်းဝင်အချက်အချာနေရာမှာ တည်ရှိပြီး ပွဲစားတွေ၊ ကျောက်ဖြတ်သမားတွေနဲ့ ကျောက်တန်ဖိုးဖြတ်သူ ရာနဲ့ချီ အလုပ်လုပ်နေတဲ့ ဆိုင်ခန်းလေးတွေ စုဝေးနေတဲ့ နေရာပါ။ နေ့လယ်ဘက် အပြင်းထန်ဆုံး နေပူချိန်မှာတောင် ကျောက်ဝိုင်းထဲက လမ်းသွယ်လေးတွေမှာ စကားပြောသံတွေ၊ အရောင်းအဝယ် ပြောဆိုသံတွေ ဆူညံနေပါတယ်။
တောက်ပတဲ့ မီးချောင်းတွေအောက်က ဆိုင်ခန်းတွေထဲမှာတော့ ကျောက်စိမ်း ကုန်သည်တချို့ဟာ သူတို့ရဲ့ စမတ်ဖုန်းတွေကို ကင်မရာဒေါက်တိုင် Tripod တွေပေါ် တင်ထားကြပါတယ်။ ကင်မရာကို အောက်ဘက် သူတို့လက်ထဲက ကျောက်တွေကို စစ်ဆေးနေတဲ့ နေရာဆီ ချိန်ထားပါတယ်။ သူတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု Livestream ကို ကြည့်ရှုနေသူ အများစုကတော့ တရုတ်နိုင်ငံက ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့ကျောက်စိမ်း သုံးစွဲမှုရဲ့ အများစုကို ရယူထားတာပါ။ အဲဒီမှာ ‘အင်ပီရီရယ် အစိမ်းရောင် (Imperial green)’ လို့ ခေါ်တဲ့ အရည်အသွေး အကောင်းဆုံး မြန်မာ့ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ လက်ဝတ်ရတနာတွေဟာ ဒေါ်လာ သိန်းချီ ဒါမှမဟုတ် အဲဒီထက်ပိုပြီး စျေးကောင်းရနိုင်ပါတယ်။
ဒီလုပ်ငန်းရဲ့ အရွယ်အစားနဲ့ ပတ်သက်တဲ့ စာရင်းအင်း အချက်အလက်တွေက ရှားပါးလှပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြစ်တဲ့ Global Witness ကတော့ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းထုတ်လုပ်မှုဟာ ဒေါ်လာ ၃၁ ဘီလီယံအထိ တန်ဖိုးရှိခဲ့တယ်လို့ ၂၀၁၅ ခုနှစ်မှာ ခန့်မှန်းခဲ့ပါတယ်။ ဒီပမာဏဟာ ဘရာဇီးနိုင်ငံရဲ့ လက်ရှိ နှစ်စဉ် သံရိုင်းတင်ပို့မှု ပမာဏနဲ့ တန်းတူလောက် ရှိပါတယ်။
ကျောက်စိမ်းတွင်းတွေဟာ ကချင်ပြည်နယ်၊ မန္တလေးမြို့ရဲ့ မြောက်ဘက် ဖားကန့်မြို့ ပတ်ဝန်းကျင်က ချိုင့်ဝှမ်းတွေမှာ စုစည်းနေပါတယ်။ ကျနော်တို့ ကျောက်ဝိုင်းကို ရောက်သွားတဲ့ အချိန်မှာ စကစတပ်တွေဟာ ဖားကန့်ကို ထိန်းချုပ်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လို့ခေါ်တဲ့ အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တောင်တန်းထူထပ်တဲ့ ဒေသတွေမှာ တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့ KIA ဟာ အာဏာသိမ်းပြီးနောက် တရုတ်နယ်စပ်အနီးက မြေရှားသတ္တုတွင်းတွေ အပါအဝင် ပြည်နယ်ရဲ့ နယ်မြေ အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါကြောင့် သူတို့ဟာ လျှပ်စစ်ကား မော်တာတွေနဲ့ လေအားလျှပ်စစ် တာဘိုင်တွေအတွက် အရေးပါတဲ့ သတ္တုနှစ်မျိုးဖြစ်တဲ့ ဒစ္စပရိုဆီယမ်နဲ့ တာဘီယမ်ဈေးကွက်မှာ အဓိက နေရာကနေ ချက်ချင်း ရောက်ရှိလာခဲ့ပါတယ်။ တူးဖော်ရရှိတဲ့ သတ္တုတွေကို တရုတ်နိုင်ငံကို ကားတွေနဲ့ တင်ပို့ပြီးတဲ့နောက် ကမ္ဘာ့ မော်တော်ကားနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေး ကွင်းဆက်တွေကို ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေက ဆက်လက် သန့်စင်ကြတာ ဖြစ်ပါတယ်။
အခုအခါမှာတော့ စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်မှာ KIA က အများစု သိမ်းပိုက်ထားခဲ့တဲ့ ဖားကန့်က အကျိုးအမြတ်များတဲ့ ကျောက်စိမ်းထွက်တဲ့ နေရာတွေနားကနေ KIA ကို ဖယ်ရှားဖို့ ကြိုးစားနေပါတယ်။ စစ်တပ်ဟာ တော်လှန်ရေး စစ်စခန်းတွေကို ရှင်းလင်းဖို့ တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေကို အသုံးပြုခဲ့ပြီး အဲဒီလို လုပ်ဆောင်ရာမှာ အရပ်သားတွေရဲ့ အဆောက်အအုံတွေကိုပါ မကြာခဏ ထိမှန်ခဲ့ပါတယ်။
တိုက်ပွဲတွေ ဖြစ်နေပေမဲ့လည်း ဘော်လီဘောလုံး အရွယ်အစားရှိတဲ့ အရိုင်းတုံး ကျောက်စိမ်းတွေဟာ မန္တလေးကို ဆက်လက် ဝင်ရောက်နေဆဲပါ။ မန္တလေး ကျောက်ဝိုင်း အပြင်ဘက်က ကွန်ကရစ်ခုံတွေပေါ်မှာ အဲဒီကျောက်တွေကို ချပြထားပါတယ်။ ဝယ်လက်တွေက ကျောက်တွေရဲ့ အတွင်းပိုင်း အပြစ်အနာအဆာတွေကို မြင်ရဖို့ အလင်းတန်း စုစည်းပေးတဲ့ အထူး လက်နှိပ်ဓာတ်မီးတွေ သုံးပြီး ကျောက်တတုံးချင်းစီကို စစ်ဆေးကြပါတယ်။
အသက် ၃၀ အရွယ် ပွဲစား ဇော်အောင်ထိုက်ဟာ အဲဒီလို ကျောက်တတုံးနဲ့အတူ ကျောက်ဝိုင်းကို ရောက်လာပါတယ်။ တဘက်နဲ့ ပတ်ထားတဲ့ အဲဒီကျောက်ကို ထက်ပိုင်းဖြတ်ထားပြီး အတွင်းက အလွန်လှပတဲ့ အစိမ်းရောင်ကို မြင်တွေ့နေရပါတယ်။ သူက အဲဒီကျောက်ကို ပွဲစားတယောက်ဆီကနေ ကျပ်သိန်း ၂,၀၀၀ (ပေါက်ဈေးအရ ဒေါ်လာ ၄၇,၀၀၀ ခန့်) နဲ့ ဝယ်ထားတာလို့ ပြောပါတယ်။ ပြီးတော့ အရင်းထက် တဝက်လောက် အမြတ်တင်ပေးမဲ့ ဝယ်လက်ကို ရှာနေတယ်လို့ ဆိုပါတယ်။
ဇော်အောင်ထိုက်က ဒီလို ကောင်းမွန်တဲ့ ကျောက်တတုံး ရဖို့အတွက် တလလောက် အချိန်ယူရနိုင်တယ်လို့ ရှင်းပြပါတယ်။ ပြီးတော့ ဖားကန့်ကနေ ကြီးကြီးမားမား အခက်အခဲမရှိဘဲ သယ်ထုတ်လာနိုင်ဖို့ အဆင့်များစွာ လိုအပ်တယ်လို့ ဆိုပါတယ်။ “သဘောတူညီချက်ကတော့ ခင်ဗျားဆီမှာ အရမ်းကောင်းတဲ့ ကျောက်တတုံး ရလာရင် KIA က ငွေတစိတ်တပိုင်း ရပါတယ်” လို့ သူက ပြောပါတယ်။ အဲဒီဝေစုက ခန့်မှန်းတန်ဖိုးပေါ် မူတည်ပေမဲ့ ယေဘုယျအားဖြင့် ၅ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။
အဲဒီနောက် မြို့ကိုရောက်ဖို့ ဖြတ်သန်းရမဲ့ နယ်မြေအများစုကို စကစ တပ်တွေက ထိန်းချုပ်ထားတဲ့အတွက် စစ်တပ်ကလည်း ဝေစုတရပ် ရယူပါတယ်။ ခိုးသယ်လို့ ရပေမဲ့လည်း စစ်သား တဦးချင်းစီကို ပေးရမဲ့ လာဘ်ငွေတွေက ပုံမှန်ပေးရတဲ့ အခွန်အခတွေထက် ပိုများသွားနိုင်ပါတယ်။ “ယေဘုယျအားဖြင့်တော့ အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ နှစ်ဖက်စလုံးအတွက် ကောင်းမွန်တဲ့ ငွေကြေးစီးဆင်းမှုတခု ဖြစ်နေလို့ပါပဲ” လို့ ဇော်အောင်ထိုက်က ဆိုပါတယ်။
မိုးကုတ်က ပတ္တမြားပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံအလယ်ပိုင်း ပဲခူးရိုးမက ကျွန်းသစ်ပဲဖြစ်ဖြစ်၊ သာမန် လူသုံးကုန်ပစ္စည်းတွေပဲဖြစ်ဖြစ် တခြား ဘယ်ကုန်ပစ္စည်းမဆို ဒီသဘောတရား အတိုင်းပါပဲ။ ခရီးတိုလေး သွားရင်တောင် လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဖြတ်သန်းရပါတယ်။ အဖွဲ့တိုင်းက လုံခြုံစွာ ဖြတ်သန်းခွင့်အတွက် အခကြေးငွေ တောင်းခံကြပါတယ်။
မန္တလေးမြို့လယ် အပြင်ဘက်က ဖုန်ထူတဲ့ ကားလမ်းမဘေးမှာ ထရပ်ကားမောင်းသူ ကိုအေးက မိုင် ၃၅၀ ဝေးတဲ့ ဖားကန့်ကို အချိုရည်နဲ့ သရေစာတွေ တင်သွားတဲ့ သူ့ရဲ့ ၁၂ ဘီးတပ် နစ်ဆန်း ကားကြီးနဲ့ ဖြတ်သန်းရတဲ့ အခက်အခဲတွေကို ပြောပြပါတယ်။
ကိုအေးက “တိုက်ပွဲတွေ ဖြစ်နေရင် ကားမီးတွေ၊ အင်ဂျင်တွေ ပိတ်ပြီး လမ်းပေါ်မှာပဲ စောင့်နေရတယ်” လို့ ဆိုပါတယ်။
ကြားညပ်မသွားဖို့ မျှော်လင့်ရင်း စောင့်နေရတာပါ။ ပစ်ခတ်မှုတွေ ရပ်သွားပြီ ဆိုရင်တော့ ရှေ့ဆက်သွားဖို့အတွက် သူပုန်တွေ ဒါမှမဟုတ် စစ်ကောင်စီကို ကျနော်တို့ ငွေပေးရတယ်လို့ သူက ပြောပါတယ်။
သူတို့ အနည်းဆုံး တောင်းတာက ကျပ် ၆ သိန်း (ဒေါ်လာ ၁၄၀ ခန့်) လောက် ရှိတယ်လို့ ကိုအေးက ပြောပြပါတယ်။
ဒီငွေတွေထဲက ဘယ်ငွေမှ မြန်မာပြည်သူတွေဆီ မရောက်ပါဘူး။ ရန်ကုန်နဲ့ မန္တလေးကြားမှာ စနစ်တကျ တည်ဆောက်ထားတဲ့ နိုင်ငံရေး မြို့တော်ဖြစ်တဲ့ နေပြည်တော်ဆီကိုပဲ စီးဝင်သွားပါတယ်။ ၂၀၀၅ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ နေပြည်တော်ကို မြန်မာနိုင်ငံမှာ မကြာခဏ ဖြစ်လေ့ရှိတဲ့ လမ်းပေါ်ထွက် လူထုလှုပ်ရှားမှုတွေ အလွယ်တကူ ထိုးဖောက်ဝင်ရောက်လို့ မရအောင် ခံတပ်မြို့တခုလို တည်ဆောက်ထားတာပါ။
အဓိက အဝေးပြေးလမ်းမကြီးကနေ ချဉ်းကပ်လာတဲ့ ယာဉ်တွေကို စိုးရိမ်ထိတ်လန့်နေပုံရတဲ့ လူငယ်စစ်သားတွေ စောင့်ကြပ်နေတဲ့ ဂိတ်မှာ တားဆီးစစ်ဆေးပါတယ်။ ရောက်လာတဲ့ ကားတွေကို စက်သေနတ်နဲ့ ချိန်ရွယ်ထားပါတယ်။ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေက ကားပေါ်က ဆင်းပြီး မှတ်ပုံတင်အချက်အလက်တွေ စာရင်းသွင်းဖို့ ယာယီရုံးခန်းဆီ သွားရပါတယ်။ မီတာအနည်းငယ်အကွာက အစောင့်တဲလေး တခုမှာတော့ တရုတ်လုပ် လုံခြုံရေးကင်မရာတွေက လမ်းကို စောင့်ကြည့်နေပါတယ်။
ဒီမြို့ကြီးကို သာမန်ဘဝရဲ့ လက္ခဏာရပ်တွေ သိပ်မတွေ့ရတဲ့အတွက် မြို့လို့တောင် ခေါ်လို့ရမလား မသိပါဘူး။ တီယန်အန်မင် ရင်ပြင်ကို အမှတ်ရစေမဲ့ အစိုးရ အဆောက်အအုံကြီးတွေကပဲ လွှမ်းမိုးထားပါတယ်။ နေရောင်ကို ကာကွယ်ဖို့ ခေါင်းအစ ခြေအဆုံး ဖုံးအုပ်ထားတဲ့ လမ်းသန့်ရှင်းရေး အလုပ်သမားတွေကလွဲရင် ကျယ်ဝန်းလှတဲ့ လမ်းမကြီးတွေပေါ်မှာ လမ်းလျှောက်နေသူဆိုတာ လုံးဝ မရှိသလောက်ပါပဲ။
လမ်းမကြီးတခုဆိုရင် ကားလမ်းကြော ၂၀ တောင် ကျယ်ဝန်းပြီး စိတ်ဓာတ်ကျစရာ ကောင်းလောက်အောင် ကြီးမားလှပါတယ်။ ဆန္ဒပြသူတွေ အဲဒီကို ရောက်လာခဲ့ရင်တောင် အတားအဆီးတွေ ချထားဖို့ ခက်ခဲမဲ့ အကျယ်အဝန်းမျိုးပါ။ နိုင်ငံခြားသား မျက်နှာတွေကို မြင်ရင် အလိုအလျောက် သံသယဝင်တတ်ကြပါတယ်။ ကျနော်တို့က ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ဖို့ မျှော်လင့်ချက်နဲ့ အလှဆင်ထားတဲ့ အဝိုင်းလေးတခုဆီ လမ်းလျှောက်သွားတဲ့အခါ စစ်သားတွေက သူတို့ဂိတ်ကနေ ကတ္တရာလမ်းကို ဖြတ်ပြီး ပြေးလာကြပါတယ်။ သူတို့ရဲ့ လက်ချောင်းတွေက ချေမှုန်းရေး ရိုင်ဖယ်သေနတ်ခလုတ်တွေနားကို အန္တရာယ်ရှိလောက်အောင် ကပ်ထားပါတယ်။ ဓာတ်ပုံရိုက်ခွင့် မရှိဘူးလို့ သူတို့က တင်းတင်းမာမာ ရှင်းပြပါတယ်။
နေပြည်တော်ရဲ့ ရည်ရွယ်ချက် တခုကတော့ စစ်ကောင်စီဟာ နိုင်ငံရဲ့ ထက်ဝက်တောင် မပြည့်တဲ့ နယ်မြေကိုပဲ ထိန်းချုပ်ထားနိုင်ပေမဲ့ သူတို့ကိုယ်သူတို့ အင်အားကြီးမားကြောင်း ပုံဖော်ပြသဖို့ ဖြစ်ပါတယ်။ မြန်မာလို တပ်မတော်လို့ ခေါ်တဲ့ စစ်တပ်ရဲ့ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ တပ်မတော်နေ့ အခမ်းအနားမှာ ဒါကို အထူးသဖြင့် တွေ့ရပါတယ်။ ကျနော်တို့ ဒီနှစ် အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ တွေ့ရတဲ့ အာဏာပြမှုနဲ့ သံသယလွန်ကဲမှု လေထုဟာ မြို့တော်ရဲ့ ယေဘုယျ အငွေ့အသက်နဲ့ ကိုက်ညီနေပါတယ်။
အမည်းရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ အထူးတပ်ဖွဲ့ဝင်တွေက ပွဲကြည့်စင် ဘေးတလျှောက်မှာ နေရာယူထားပြီး ဖြတ်သွားဖြတ်လာတွေကို သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်နေကြပါတယ်။ သိပ်မကြာခင်မှာပဲ အရပ်ဝတ် လုံခြုံရေးတွေက အင်တင်နာ အထူကြီးတွေ တပ်ဆင်ထားတဲ့ သေတ္တာပုံစံ ကိရိယာတွေကို ဖြန့်ကြက်ချထားပါတယ်။ ဒါတွေဟာ မိုဘိုင်းကွန်ရက်ကို အသုံးပြုပြီး ဒရုန်းနဲ့ တိုက်ခိုက်တာမျိုး မလုပ်နိုင်အောင် တားဆီးဖို့ အသုံးပြုတဲ့ လှိုင်းဖြတ်စက် (Signal jammers) တွေ ဖြစ်ဖို့များပါတယ်။
စစ်ရေးပြ အခမ်းအနားကိုတော့ ဖိတ်ကြားထားတဲ့ အစိုးရ အရာရှိတွေနဲ့ တရုတ်၊ ပါကစ္စတန် အပါအဝင် နိုင်ငံတချို့က ဂုဏ်ထူးဆောင် ဧည့်သည်တော်တွေပဲ တက်ရောက်ကြည့်ရှုခွင့် ရကြပါတယ်။ ဒီအခမ်းအနားဟာ ကမ္ဘာတဝန်းက အာဏာရှင်စနစ်တွေမှာ အမြဲတွေ့ရလေ့ရှိတဲ့ ပုံစံအတိုင်းပါပဲ။ စစ်သား ထောင်ပေါင်းများစွာရဲ့ တိကျညီညာတဲ့ စစ်ရေးပြ ချီတက်မှုတွေ၊ နားကွဲမတတ် ဆူညံလှတဲ့ အမြောက် တင်ဆက်မှုတွေနဲ့ မြင်းစီးတပ်ဖွဲ့တွေရဲ့ အခမ်းအနား ချီတက်မှုတွေ ပါဝင်ပါတယ်။
ကုန်ကျစရိတ်ကို လုံးဝ မချွေတာပါဘူး။ အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်သွားတဲ့အတွက် မြန်မာ့စီးပွားရေးမှာ စက်သုံးဆီ ပြတ်လပ်မှု ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်။ စစ်ရေးပြပွဲ မစခင်လေးမှာတင် ဆီဖြည့်ဖို့ အနည်းဆုံး ၃ နာရီလောက် စောင့်နေရတဲ့ ယာဉ်မောင်းတွေကို ကျနော်တို့ အင်တာဗျူးခဲ့ရပါသေးတယ်။ ဒါပေမဲ့ အခမ်းအနားမှာတော့ ဒီဇယ်မီးခိုးငွေ့တွေ မှုတ်ထုတ်နေတဲ့ သံချပ်ကာ ကားတန်းကြီးတွေအပြင် ရဟတ်ယာဉ်တွေနဲ့ MiG-29 တိုက်လေယာဉ်တွေက ပရိသတ်တွေရဲ့ အထက်ကနေ အင်ဂျင်သံ အကျယ်ကြီးနဲ့ ဖြတ်ပျံသန်း သွားခဲ့ကြပါတယ်။
မကြာခင်မှာပဲ မင်းအောင်လှိုင်ဟာ အမိုးပွင့်ကား တစီးပေါ်မှာ မတ်မတ်ရပ်လျက် ရောက်ရှိလာပါတယ်။ စစ်ရေးပြကွင်းအလယ်ကို ရောက်တဲ့အခါ သူက တန်းစီနေတဲ့ စစ်သားတွေကို အလေးပြုပြီး စင်မြင့်နောက်မှာ နေရာယူပါတယ်။ အဲဒီနောက် မိန့်ခွန်းကို စတင်ဖတ်ကြားခဲ့ပြီး စာရွက်ပေါ်ကနေ ခေါင်းမော့ကြည့်တာ ရှားပါတယ်။
သူက “အကြမ်းဖက် လမ်းစဉ်ကို ဆက်လက် ကိုင်စွဲနေတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေ” ကို ရှုတ်ချခဲ့ပါတယ်။ စစ်တပ်ရဲ့ ဩဇာလွှမ်းမိုးမှုကို ခြိမ်းခြောက်နေတဲ့ လက်ရှိ အန္တရာယ်တွေဟာ အသစ်အဆန်း မဟုတ်ဘူးလို့ ပုံဖော်ခဲ့ပြီး ဒီလိုလုပ်ခြင်းအားဖြင့် စစ်တပ်ရဲ့ ခိုင်မာတည်မြဲမှုကို အလေးပေး ပြောဆိုသွားပါတယ်။ "တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အနာဂတ်ကို ကာကွယ်စောင့်ရှောက်ဖို့ ဆိုတဲ့ မွန်မြတ်တဲ့တာဝန်ကို မယိမ်းမယိုင် ထမ်းဆောင်နေပါတယ်” လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီး သူက “အတိတ်မှာရော ပစ္စုပ္ပန်မှာပါ နိုင်ငံခြား ကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာ နိုင်ငံရေး အခွင့်အရေးသမားတွေဟာ ကျနော်တို့ တပ်မတော်ရဲ့ အင်အားနဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားအောင် အဆက်မပြတ် ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့ ဒီလို အဆက်မပြတ် ခြိမ်းခြောက်မှုတွေကြားမှာတောင် ကျနော်တို့ရဲ့ သန္နိဋ္ဌာန်ဟာ ဘယ်တော့မှ ယိမ်းယိုင်သွားမှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
မင်းအောင်လှိုင်ဟာ နိုင်ငံ့အကြီးအကဲ တယောက်ရဲ့ ပုံစံမျိုး မပေါက်ပါဘူး။ အရပ်ပုပု၊ မျက်နှာ ဝိုင်းဝိုင်းနဲ့ တရားဝင် အခမ်းအနားတွေမှာ ဝတ်စုံပြည့် တပ်ဆင်ထားတဲ့ ဆုတံဆိပ် အများအပြားရဲ့ အလေးချိန်အောက်မှာ ရုန်းကန်နေရသလိုမျိုး မြင်ရတတ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ သူ ဖြုတ်ချခဲ့တဲ့ အစိုးရအဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို သဘာဝကျတဲ့ ခေါင်းဆောင်မှု ဆွဲဆောင်အားမျိုး သူ့မှာ မရှိပါဘူး။
ဒါပေမဲ့ သူဟာ မြန်မာ့အာဏာနိုင်ငံရေးကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ပြီး တပ်မတော်နဲ့ နိုင်ငံရေး ကိုယ်စားလှယ်ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ သစ္စာစောင့်သိမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး မကြာသေးခင်ကမှ သူ့ကို သမ္မတအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒီအပြောင်းအလဲဟာ သူ့ရဲ့အုပ်ချုပ်မှုကို နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ လမ်းကြောင်း ဖန်တီးပေးတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။
မင်းအောင်လှိုင်ကို အာဏာရလာစေတဲ့ အာဏာသိမ်းမှုဟာ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ စစ်အုပ်ချုပ်ရေးအောက်မှာ ရှိနေခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဖြေလျှော့မှု ကာလတခု အပြီးမှာ ပေါ်ပေါက်လာတာပါ။ ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းမှာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ကျခံနေရရာကနေ လွှတ်ပေးခဲ့ပါတယ်။
အတိုက်အခံ ခေါင်းဆောင်ဟာ သူ့ရဲ့ တက်ကြွလှုပ်ရှားမှုတွေနဲ့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေအနှစ်တွေကြောင့် နိုင်ငံသား အများအပြားအတွက် အလွန်ကြီးမားတဲ့ ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ခဲ့ပြီး အခုအချိန်အထိလည်း ဖြစ်နေဆဲပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့သမိုင်းမှာ အမေရိကန်က ဂျော့ချ် ဝါရှင်တန်လို နေရာမျိုးမှာ ရှိတဲ့ လွတ်လပ်ရေးဖခင်ကြီး ဖြစ်ပါတယ်။
အချိန်အတိုင်းအတာ တခုအထိတော့ မြန်မာနိုင်ငံဟာ ဆင်းရဲမွဲတေမှုနဲ့ အထီးကျန်ဆန်မှုကနေ လွတ်မြောက်မဲ့ လမ်းကြောင်းတခု ရရှိနေပြီလို့ ထင်ရပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဘာရက် အိုဘားမား လာရောက်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်သမ္မတ တဦးရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာလည်း ထပ်မံလာရောက်ခဲ့ပါတယ်။
နောက်တနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါတယ်။ ဒီလို တံခါးဖွင့်လိုက်ခြင်းရဲ့ ရလဒ်တခုကတော့ စီးပွားရေး အသွင်ကူးပြောင်းမှုပါပဲ။ စစ်ဗိုလ်ချုပ်တွေ လက်ထက်မှာ မြန်မာနိုင်ငံဟာ ပိတ်ဆို့အရေးယူမှုတွေနဲ့ အထီးကျန်နေခဲ့ပြီး ၂၁ ရာစု လူ့အဖွဲ့အစည်းရဲ့ အခြေခံ အဆောက်အအုံတွေ မရှိဘဲ ဘဏ္ဍာရေးအရ ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။ (မိုဘိုင်းကွန်ရက်တွေ အရမ်းရှားပါးလွန်းလို့ ၂၀၁၀ ပြည့်လွန်နှစ်တွေအထိ လမ်းဘေးဈေးသည်တွေက လမ်းသွားလမ်းလာတွေကို ကြိုးဖုန်းတွေ ငှားရမ်းပြီး ဖုန်းခေါ်ဆိုခိုင်းတဲ့ လုပ်ငန်းတွေ လုပ်ခဲ့ရပါတယ်။) နိုင်ငံတကာ ကုမ္ပဏီတွေက ဈေးကွက်သစ်ကို ထိုးဖောက်ဖို့နဲ့ သဘာဝ သယံဇာတတွေကို ထုတ်ယူဖို့ စိတ်ဝင်စားလာတာကြောင့် မြန်မာနိုင်ငံဟာ မကြာခင်မှာ ပဲ အလျင်အမြန် တိုးတက်လာခဲ့ပါတယ်။
အဲဒီအချိန်က မင်းအောင်လှိုင်ဟာ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ထမ်းဆောင်နေပြီး သူ့ကို လက်နက်ကိုင်တပ်ဖွဲ့သက်သက် မဟုတ်တဲ့ အဖွဲ့အစည်းတခုရဲ့ ထိပ်ဆုံးမှာ နေရာရစေခဲ့ပါတယ်။ ဒီအဖွဲ့အစည်းဟာ နိုင်ငံရေးနဲ့ စီးပွားရေးအပေါ် ကြီးမားတဲ့ ဩဇာလွှမ်းမိုးမှု ရှိပါတယ်။ တာဝန်ထမ်းဆောင်ဆဲနဲ့ အငြိမ်းစား အရာရှိတွေဟာ သတ္တုတူးဖော်ရေး၊ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေးနဲ့ ဘီယာချက်စက်ရုံတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေး လုပ်ငန်းတွေ ပါဝင်တဲ့ စီးပွားရေး အင်ပါယာတခုကို ထိန်းချုပ်ထားပါတယ်။
“စစ်ဗိုလ်ချုပ်တိုင်းက ချမ်းသာကြတယ်" လို့ ဝါရင့် ဒီမိုကရေစီရေး လှုပ်ရှားသူ သီဟရာဇာက ပြောပါတယ်။ "သူတို့က ဂရုမစိုက်ဘူး။ တိုင်းပြည်နဲ့ ပြည်သူတွေ ဘာပဲဖြစ်ဖြစ်၊ သူတို့ အာရုံစိုက်တာက သူတို့ မိသားစုတွေပဲ" လို့ သူက ဆိုပါတယ်။
စစ်ရေး လုပ်ငန်းစဉ်တွေမှာ တပ်မတော်ဟာ ဥပမာ - အမေရိကန် စစ်တပ်နဲ့ လုံးဝ မတူပါဘူး။ သူတို့ဟာ နိုင်ငံတကာ စစ်ပွဲကြီးတွေကို တခါမှ မဆင်နွှဲဖူးပါဘူး။ အဲဒီအစား သူတို့ရဲ့ လုပ်နေကျ အခန်းကဏ္ဍကတော့ လူနည်းစု တိုင်းရင်းသားတွေရဲ့ ပုန်ကန်မှုတွေကို တိုက်ခိုက်ဖို့နဲ့ ဗုဒ္ဓဘာသာဝင်၊ ဗမာစကားပြော လူများစုရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့လို့ ဟန်ပြထားပါတယ်။ ဒီလိုနည်းနဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်သူတွေအဖြစ် ရှုမြင်လာကြပါတယ်။ နိုင်ငံပြိုကွဲမသွားအောင် ကာကွယ်ပေးနေတဲ့ တံတိုင်းကြီးအဖြစ် ယူဆပြီး ဒါကို အဆက်မပြတ်ဆိုသလို အကြမ်းဖက်မှုတွေနဲ့ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
NLD အစိုးရလက်ထက်မှာ တပ်မတော်နဲ့ မင်းအောင်လှိုင်တို့ဟာ အဓိက ပြည်တွင်းရန်သူ တစုအပေါ် အထူးအာရုံစိုက်ခဲ့ပါတယ်။ အဲဒါကတော့ ရိုဟင်ဂျာတွေပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ စစ်တပ်ဟာ အဲဒီ မွတ်စလင်အဖွဲ့ကို ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးတခု စတင်ခဲ့ပါတယ်။ နောက်ဆုံးမှာ လူပေါင်း ၇ သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးစေခဲ့ပြီး ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်မှုက သူ့ကိုထောက်ခံတဲ့ အနောက်နိုင်ငံသား အများအပြားကို အံ့အားသင့်စေခဲ့ပါတယ်။ သူဟာ ဒီအကြမ်းဖက်မှုကို ရှုတ်ချဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပြီးတော့ ၂၀၁၉ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို သွားရောက်ပြီး ဂျီနိုဆိုက်စွဲချက်တွေကနေ တပ်မတော်ကို ကာကွယ်ပေးခဲ့ပါတယ်။ စစ်သားတွေအနေနဲ့ “အချိုးအစား မမျှတတဲ့ အင်အား” ကို အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်လို့သာ သူက ဝန်ခံခဲ့ပါတယ်။
အကောင်းဘက်က တွေးကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လိုလုပ်လုပ် ရှုံးမဲ့ အခြေအနေမျိုး (Lose-lose situation) နဲ့ ရင်ဆိုင်နေရတာပါ။ မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ် မလိုမုန်းထားမှုက အများအပြား ရှိနေပြီး ရိုဟင်ဂျာတွေကို ကာကွယ်ပေးတာက ရွေးကောက်ပွဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူ ဖြစ်သွားနိုင်ပါတယ်။
သူ့ကို ထောက်ခံသူတွေကတော့ သူဟာ အာဏာလျော့ကျလာလို့ ဒေါသထွက်နေတဲ့ စစ်ဗိုလ်ချုပ်တွေကို သူ့ကိုဖြုတ်ချဖို့ အကြောင်းပြချက် မပေးချင်လို့ ရှောင်ရှားခဲ့တာလို့ ဆိုကြပါတယ်။ တကယ်လို့ ဒါဟာ သူ့ရဲ့ မဟာဗျူဟာ ဆိုရင်တောင်မှ အဲဒီမဟာဗျူဟာ ကျရှုံးသွားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းမှာ NLD ဟာ နောက်ထပ် ရွေးကောက်ပွဲတခုမှာ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် မခေါ်နိုင်ခင်လေးမှာတင် မင်းအောင်လှိုင်က အာဏာသိမ်းခဲ့ပါတယ်။
တပ်မတော်က မဲစာရင်း မှားယွင်းမှုတွေ ရှိတယ်လို့ စွပ်စွဲပြီး စစ်သားတွေက နေပြည်တော်တဝိုက် ဖြန့်ကြက်ကာ အဓိက အဆောက်အအုံတွေကို သိမ်းပိုက်ပြီး NLD ခေါင်းဆောင်တွေကို လိုက်လံရှာဖွေခဲ့ပါတယ်။ ဝင်ရောက်စွက်ဖက်မှုတွေ မရှိအောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပါတယ်။ အစပထမမှာ စကားပြောစက် ဝေါ်ကီတော်ကီတွေကို တရားမဝင် တင်သွင်းတယ်ဆိုတဲ့ ယုတ္တိမတန်တဲ့ စွဲချက်နဲ့ ဖမ်းဆီးခဲ့ပြီးနောက် စစ်တပ်ရဲ့ ထိန်းသိမ်းမှုအောက်မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။
သူ့ကို ပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို လေးစားဖို့ တောင်းဆိုတဲ့ ဆန္ဒပြသူ သိန်းနဲ့ချီ နိုင်ငံတဝန်း စုဝေးခဲ့ကြပါတယ်။ မကြာခင်မှာပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့ကို ကျည်အစစ်တွေ သုံးပြီး ပစ်ခတ်ခဲ့ပါတယ်။ ဆန္ဒပြသူ အများအပြား ထွက်ပြေးခဲ့ကြပြီး ကာလရှည်ကြာ ရပ်တည်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းတာ ဒါမှမဟုတ် “ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defence Force - PDF)” ဆိုတဲ့ နာမည်နဲ့ အဖွဲ့ငယ်လေးတွေ ဖွဲ့စည်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ကြပါတယ်။
သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကလည်း စစ်တပ်အပေါ် သူတို့ရဲ့ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်တာ ဒါမှမဟုတ် ပြန်လည်စတင်တာတွေ လုပ်လာကြပါတယ်။ ရလဒ်ကတော့ ရှုပ်ထွေးပွေလီတဲ့ စစ်ရေးအခင်းအကျင်းကြီး ဖြစ်လာပြီး စစ်တပ်လိုလားတဲ့ အဖွဲ့တွေနဲ့ အတိုက်အခံအဖွဲ့တွေရဲ့ ဖွဲ့စည်းပုံတွေက အမြဲတမ်း ပြောင်းလဲနေပါတယ်။ ထိုင်းနယ်စပ်အနီး ရှမ်းပြည်နယ်ရဲ့ ထောင့်တနေရာမှာဆိုရင် ဆက်တိုက်ရှိနေတဲ့ တောင်ကုန်း ၄ ခုကို မတူညီတဲ့ လက်နက်ကိုင်အဖွဲ့ လေးဖွဲ့က ထိန်းချုပ်ထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကတော့ ပုံမှန် စစ်တပ်တွေလိုပါပဲ။ ကြီးမားကျယ်ပြန့်တဲ့ နယ်မြေတွေက ပြည်သူတွေနဲ့ သယံဇာတတွေကို အုပ်ချုပ်နေကြပါတယ်။ တချို့ကတော့ ဓားပြဂိုဏ်းတွေနဲ့ ပိုတူပါတယ်။ အခြေအနေတွေကို ခြုံငုံပြသဖို့ ကြိုးစားဆွဲထားတဲ့ ဘယ်မြေပုံမဆို ရက်ပိုင်းအတွင်းမှာပဲ ပြောင်းသွားတတ်ပါတယ်။
စစ်ပွဲရဲ့ ပွင့်လင်းမြင်သာလွန်းတဲ့ သဘောသဘာဝနဲ့ အောင်မြင်ဖို့ မသေချာပေမဲ့ မွန်မြတ်တဲ့ အကြောင်းပြချက်တခုအတွက် ပါဝင်ချင်တဲ့ စိတ်ဆန္ဒတွေကြောင့် ပြင်ပလူ တချို့ကိုလည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူတို့ထဲမှာ ကြေးစားစစ်သားပုံစံ စွန့်စားသူတွေကနေ (Free Burma Rangers) အထိ ပါဝင်ပါတယ်။ အဲဒီအဖွဲ့က အမေရိကန် ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေရဲ့ ရန်ပုံငွေနဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ လူသားချင်းစာနာမှုနဲ့ ဆေးဝါးအကူအညီတွေ ပေးနေတဲ့ ခရစ်ယာန်အဖွဲ့တခု ဖြစ်ပါတယ်။
အဲဒီရှေ့တန်းနေရာတွေမှာ အကြမ်းဖက်မှုအဆင့်က အလွန်ဆိုးရွားပါတယ်။ “တရုတ်နဲ့ ရုရှား တိုက်လေယာဉ်တွေ၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ကျနော်တို့ မတားဆီးနိုင်ဘူး” လို့ အဖွဲ့ကို ဦးဆောင်နေတဲ့ အမေရိကန် အထူးတပ်ဖွဲ့ဝင်ဟောင်း ဒေးဗစ် အူးဘန့်ခ်က ပြောပါတယ်။ မကြာသေးခင်က သူ ကြုံတွေ့ခဲ့ရတဲ့ တိုက်ပွဲတခုမှာဆိုရင် “နေ့ခင်းဘက်တွေမှာ တိုက်လေယာဉ်တွေက ကျနော်တို့အပေါ်ကနေ ပျံသန်းပြီး ဗုံးကြဲတာ၊ စက်သေနတ်နဲ့ ပစ်တာ၊ တိတိကျကျ ပစ်မှတ်ထား တိုက်ခိုက်တာတွေ မလုပ်တဲ့ အချိန်ဆိုတာ မရှိသလောက်ပါပဲ” လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ အတိုက်အခံတွေဘက်မှာလည်း အားသာချက်တချို့ ရှိပါတယ်။ နယ်မြေတွေ သိမ်းပိုက်နိုင်မှုကနေ ရရှိလာတဲ့ ဝင်ငွေတွေကနေ စတင်ပါတယ်။ စီးပွားရေးသမားတွေဆီကနေ အခကြေးငွေ ကောက်ခံတာ ဒါမှမဟုတ် မြေရှားသတ္တုတွင်းတွေ တူးဖော်တာလိုမျိုး ပိုကြီးမားတဲ့ လုပ်ငန်းတွေကနေ ဝင်ငွေရရှိကြပါတယ်။
ပြောင်းပြန်အားဖြင့် အကျင့်ပျက်ခြစားမှုတွေက စစ်တပ်ကို အားနည်းစေပါတယ်။ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မြန်မာရေတပ် အရာရှိဟောင်းတဦးက ပြောတာတော့ သူ့တပ်က တပ်မှူးတွေဟာ ရေယာဉ်သုံးဆီတွေ တောင်းခံရာမှာ မှတ်တမ်းတွေကို ပုံမှန်ပြင်ဆင်ပြီး မှောင်ခိုဈေးကွက်မှာ ပြန်ရောင်းစားကြတယ်လို့ ဆိုပါတယ်။ တချို့ကလည်း လက်နက်စနစ်တွေရဲ့ ဈေးနှုန်းတွေကို ဖောင်းပွအောင်လုပ်ပြီး ပိုထွက်လာတဲ့ ငွေတွေကို သူတို့ဘာသာ ယူကြတယ်လို့ သူက ပြောပါတယ်။ (ဒီလို ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မြန်မာသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုး ကို မေးမြန်းတဲ့အခါ သူမက “ယုံကြည်စိတ်ချရမှု မသေချာတဲ့ သတင်းရင်းမြစ်တွေအပေါ် အခြေခံတဲ့ မေးခွန်းကို မှတ်ချက်မပေးလိုပါဘူး” လို့ ဖြေကြားခဲ့ပါတယ်။)
ယူကရိန်းကို ကာကွယ်နေတဲ့ စစ်သားတွေလိုပဲ အတိုက်အခံအဖွဲ့တွေဟာ ဒရုန်းလိုမျိုး နည်းပညာတွေကို ထိထိရောက်ရောက် အသုံးပြုနေကြပြီး ရှုပ်ထွေးတဲ့ စစ်ဆင်ရေးတွေကို ဆင်နွှဲနိုင်ကြပါတယ်။ ၂၀၂၃ ခုနှစ် အစပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့လို့ ခေါ်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကြီးမားတဲ့ ထိုးစစ်ကြီးတခုကို စတင်ခဲ့ပါတယ်။ တချိန်ကဆိုရင် မန္တလေးမြို့ကိုတောင် ခြိမ်းခြောက်နိုင်မဲ့ အနေအထား ရောက်ခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ တိုးတက်မှုတွေကို တရုတ်နိုင်ငံက အကြိမ်ကြိမ် တားဆီးခဲ့ပါတယ်။ တရုတ်က စစ်ကောင်စီရဲ့ အရှုံးတွေအတွက် စိုးရိမ်လာတာပါ။ ပေကျင်းက အပစ်အခတ် ရပ်စဲရေးတွေကို ကြားဝင်စေ့စပ်ပေးပြီး မဟာမိတ်အဖွဲ့ကို တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ဖိအားပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တော်လှန်ရေးတပ်တွေဟာ ပတ္တမြားထွက်တဲ့ မိုးကုတ်နဲ့ အရေးပါတဲ့ ကုန်သွယ်ရေး အချက်အချာ လားရှိုး အပါအဝင် နယ်မြေတချို့ကို ပြန်လည်ပေးအပ်ဖို့ သဘောတူခဲ့ကြပါတယ်။
အဲဒီအချိန်ကစပြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ လက်အောက်ခံတွေဟာ စစ်မျက်နှာပေါင်းစုံကနေ ထိုးစစ်တွေ စတင်ခဲ့ပါတယ်။ စစ်မြေပြင်မှာ အခြေအနေတွေ မတင်မကျ ဖြစ်နေပေမဲ့ စစ်တပ်အနေနဲ့ အာဏာစွန့်လွှတ်ဖို့ ဆန္ဒမရှိဘူး ဆိုတဲ့အကြောင်း မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ ယုံကြည်လာအောင် ဆွဲဆောင်ဖို့ ကြိုးစားနေတာပါ။ နိုင်ငံရဲ့ သယံဇာတတွေကို လိုချင်သူတိုင်း သူတို့နဲ့ ဆက်ဆံရမယ်ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။
ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ စစ်တပ်က အတုအယောင်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရတဲ့ ရွေးကောက်ပွဲတခုကို ကျင်းပခဲ့ပါတယ်။ NLD ပါတီကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ Businessweek က သွားရောက်ခဲ့တဲ့ ရန်ကုန်က မဲရုံတွေမှာဆိုရင် ငွေကြေးဖောင်းပွမှုနဲ့ စစ်ပွဲတွေကို စတင်စေခဲ့တဲ့ စစ်တပ်အပေါ် မဲဆန္ဒရှင်တွေက မကျေမနပ်ဖြစ်နေကြတယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ USDP က အပြတ်အသတ် အနိုင်ရခဲ့ပြီး ပါတီဝင်တွေက မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်ဖို့ မဲပေးခဲ့ကြပါတယ်။
ဒီလို အောင်ပွဲရပြီးနောက် စစ်အစိုးရဟာ နိုင်ငံတကာရဲ့ သဘောထားကို လိုက်လျောမှုတချို့ လုပ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေ နေအိမ်တအိမ်မှာ ပြောင်းရွှေ့ ချုပ်နှောင်ပေးတာ၊ တခြား နိုင်ငံရေးအကျဉ်းသားတချို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာတွေ လုပ်ခဲ့ပါတယ်။ ဝါရှင်တန်အစိုးရနဲ့ ဆွေးနွေးမှုတွေ ပြန်စဖို့လည်း ကြိုးစားနေပါတယ်။
အမေရိကန် အစိုးရအဆက်ဆက်ဟာ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အမြဲခပ်ခွာခွာ နေခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံတာကိုပဲ ပိုသဘောကျခဲ့ကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုနဲ့ တခြား သယံဇာတ အရင်းအမြစ်တွေကြောင့် သမ္မတ ဒေါ်နယ်ထရမ့်ပ် လက်ထက်မှာတော့ ကွာခြားသွားနိုင်ပါတယ်။
အမေရိကန် တရားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကောင်စီဟာ အမေရိကန်အစိုးရ အသိုက်အဝန်းအတွင်းမှာ သူတို့အကျိုးအတွက် လော်ဘီလုပ်ဖို့ McKeon Group နဲ့ DCI Group ဆိုတဲ့ ကုမ္ပဏီနှစ်ခုကို ငှားရမ်းထားတယ်လို့ သိရပါတယ်။ DCI Group ဟာ ခြေအိတ်မဝတ်တတ်တဲ့ ရီပတ်ဘလစ်ကန် (GOP) လှုပ်ရှားသူနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရ ရာဇဝတ်ကောင်ဟောင်း ရော်ဂျာ စတုန်းကို တလ ဒေါ်လာ ၅၀,၀၀၀ နဲ့ အတိုင်ပင်ခံအဖြစ် ငှားရမ်းထားပါတယ်။ ရွေးကောက်ပွဲအပြီးမှာ DCI က “ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းခြင်း” ဆိုပြီး ချီးကျူးတဲ့ သတင်းထုတ်ပြန်ချက်တစောင် ဖြန့်ဝေခဲ့ပါတယ်။ တကယ်တော့ အဲဒီအာဏာလွှဲပြောင်းမှုဟာ မင်းအောင်လှိုင်ဆီကနေ မင်းအောင်လှိုင်ဆီကိုပဲ လွှဲပြောင်းခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ လက်ရှိမှာ မန္တလေးမြို့မြောက်ဘက် စစ်ကိုင်းတိုင်းဒေသကြီးမှာ သွေးထွက်သံယို အများဆုံး ဖြစ်နေပါတယ်။ ခြောက်သွေ့တဲ့ လယ်ယာစိုက်ပျိုးရေး ရွာတွေနဲ့ သွားလာရခက်ခဲတဲ့ တောင်တန်းတွေ ပါဝင်တဲ့ တံစဉ်ပုံသဏ္ဌာန် စစ်ကိုင်းဒေသမှာ ရွှေ၊ ကြေးနီ အပါအဝင် နိုင်ငံရဲ့ တန်ဖိုးအကြီးဆုံး သယံဇာတတွေ ရှိပါတယ်။ ဒါ့အပြင် အငြင်းပွားနေတဲ့ ကျောက်စိမ်းတွင်းတွေဆီ သွားရာလမ်းကြောင်းတွေလည်း ရှိပါတယ်။
မနှစ်က မြန်မာနိုင်ငံအလယ်ပိုင်းမှာ ပြင်းအားပမာဏ ၇ ဒသမ ၇ ရှိတဲ့ ငလျင်လှုပ်ခတ်ပြီး လူပေါင်း ၃,၈၀၀ ကျော် သေဆုံးခဲ့ရတဲ့ အဖြစ်အပျက် မတိုင်ခင်ကဆိုရင် ဒီဒေသကို မန္တလေးနဲ့ ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး တံတားနှစ်စင်း ရှိခဲ့ပါတယ်။ အခုတော့ တစင်းပဲ ကျန်ပါတော့တယ်။ ကျန်တဲ့တစင်းကနေ ကြည့်လိုက်ရင် ရေထဲကို ကျွံကျနေတဲ့ ကျိုးကျနေတဲ့ တံတားရဲ့ သံမဏိဘောင်တွေကို မြင်တွေ့နိုင်ပါတယ်။ တောင်ကုန်းတွေပေါ်က ဘုရားတွေနဲ့ ဘုန်းကြီးကျောင်းတွေလည်း ဆိုးဆိုးရွားရွား ပျက်စီးနေပြီး တချို့နံရံတွေဆိုရင် မြေနီခဲပုံတွေအဖြစ် ပြိုကျပျက်စီးနေပါပြီ။
မန္တလေးနဲ့အနီးဆုံး စစ်ကိုင်းမြို့မှာတော့ တိုက်ပွဲတွေ မဖြစ်ပါဘူး။ ဒါပေမဲ့ မန္တလေးလောက်တော့ မလုံခြုံဘူးလို့ ယူဆကြပါတယ်။ ဧပြီလတုန်းက အထက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်း နှစ်ကျောင်းဆီ သွားဖို့ ကျန်နေတဲ့တံတားကို မဖြတ်ခင်မှာ ကျနော်တို့ကို သတိပေးချက် နှစ်ခု ပေးခဲ့ပါတယ်။
ပထမတခုက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တွေ့ရင် ကျနော်တို့ကို အထူးစစ်ဆေးခံရနိုင်တယ် ဆိုတာပါ။ ဒုတိယ တခုကတော့ တဖက်ကမ်းရောက်ပြီး မိုင်အနည်းငယ် အကွာမှာတင် မီးခိုးရောင်နယ်မြေ စတင်ပြီ ဆိုတာပါပဲ။ တော်လှန်ရေး အဖွဲ့ဝင်တွေ ဒါမှမဟုတ် စစ်ကောင်စီက အန္တရာယ်ရှိတယ်လို့ ယူဆသူတွေကို ဖမ်းဆီးဖို့ မြစ်ကမ်းဘေးတွေမှာ စစ်ဆေးရေးဂိတ် အများအပြား ချထားပါတယ်။ ကားနှစ်စီးခွဲပြီး စစ်တပ်ဂိတ်တွေကို ချဉ်းကပ်သွားတဲ့အခါ ကျနော်တို့ ကားအရှိန်ကို လျှော့လိုက်ပါတယ်။ ကင်မရာ ပစ္စည်းတွေကို အလွယ်တကူ မမြင်ရအောင် ဖျောက်ထားပြီး တင်းကျပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေအတွက် ပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမဲ့ စစ်သားတွေက ကျနော်တို့ကို ဖြတ်သွားခွင့် ပေးခဲ့ပါတယ်။
ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင် (IDP) တွေအတွက် အစားအစာနဲ့ အခြေခံ လိုအပ်ချက်တွေ ရနိုင်သလို အတိုင်းအတာ တခုအထိ တည်ငြိမ်မှုလည်း ရှိပါတယ်။ ဒါပေမဲ့ သူတို့ မလုံခြုံပါဘူး။ စစ်ကောင်စီက စစ်ဘေးရှောင်တွေကို သူတို့ရွာတွေဆီ ပြန်ဖို့ မကြာခဏ တောင်းဆိုတတ်ပါတယ်။ ဒါဟာ အိမ်တွေ ပျက်စီးပြီး လယ်ကွင်းတွေထဲမှာ မြေမြှုပ်မိုင်းတွေ ပြည့်နေရင်တောင်မှ အင်အားသုံးပြီး ပုံမှန်အခြေအနေ ပြန်ရောက်အောင် လုပ်တဲ့ နည်းဗျူဟာ တခုပါပဲ။
စစ်တပ်ဘက်မှာ အသေအပျောက်တွေနဲ့ ထွက်ပြေးသူတွေကြောင့် အင်အားနည်းလာတဲ့အတွက် စစ်ကောင်စီက တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်မှုထမ်းဥပဒေကို ကျင့်သုံးခဲ့ပါတယ်။ စစ်တိုက်ဖို့ အမျိုးသားတွေကို မကြာခဏ ဆင့်ခေါ်လေ့ရှိပါတယ်။ စစ်ကိုင်းတိုင်းမှာတော့ ဒီလုပ်ငန်းစဉ်က လူပြန်ပေးဆွဲပြီး ငွေညှစ်တဲ့ လုပ်ငန်းလို ဖြစ်နေပြီး ဒါဟာ စစ်ပွဲကြောင့် ပွင့်လာတဲ့ နောက်ထပ် အကျိုးအမြတ်ရှာစရာ လမ်းကြောင်းတခု ဖြစ်လာပါတယ်။
ဒီအလုပ်တွေကို အများအားဖြင့် ပျူစောထီး လို့ခေါ်တဲ့ စစ်ကောင်စီ လိုလားတဲ့ ပြည်သူ့စစ် အဖွဲ့တွေက လုပ်ဆောင်ကြပါတယ်။ နေပြည်တော်က သူတို့ကို လူသစ်စုဆောင်းဖို့ အရေအတွက် သတ်မှတ်ပေးထားပြီး လူတဦးအတွက် အခကြေးငွေ ပေးပါတယ်။ စစ်ဘေးရှောင် အမျိုးသားတွေဟာ အဲဒီအဖွဲ့တွေနဲ့ မတွေ့အောင် ပုန်းရှောင်နေတတ်ကြပါပြီ။ အဲဒီအဖွဲ့တွေက လမ်းပေါ်မှာ တွေ့ရင် ဖမ်းဆီးတာ ဒါမှမဟုတ် ကားပေါ်ကနေ ဆွဲချတာမျိုးတွေ လုပ်နိုင်တဲ့အတွက် အလုပ်လုပ်ဖို့တောင် အရမ်းအန္တရာယ် များနေပါတယ်။
"သူတို့က ခင်ဗျားတို့ မိသားစုဆီ ဖုန်းဆက်ပြီး 'လာရွေးလို့ ရတယ်' လို့ ပြောလိမ့်မယ်" လို့ ဒေသတွင်းက စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဘုန်းတော်ကြီး ဩဘာသက မိန့်ပါတယ်။ ရွေးငွေက ဒေါ်လာ ၂,၅၀၀ ဝန်းကျင်လောက် ရှိနိုင်တယ်လို့ သူက ဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံက လူအများစုအတွက် မဖြစ်နိုင်တဲ့ ပမာဏပါ။ အထူးသဖြင့် ရပ်ရွာကို စွန့်ခွာထွက်ပြေးလာရလို့ အသက်မွေးဝမ်းကျောင်း အလုပ်တွေနဲ့ ဆွေမျိုးအသိုက်အဝန်း အဆက်အသွယ် ပြတ်တောက်နေသူတွေအတွက် ပိုဆိုးပါတယ်။
ရွေးငွေပေးရင်တောင်မှ ပြည်သူ့စစ်တွေက ငွေသာယူပြီး လူမလွှတ်ပေးတာမျိုးလည်း ရှိတတ်ပါတယ်။ ဆွေမျိုးတွေက ငွေမပေးနိုင်တဲ့ သူတွေကိုတော့ ရက်သတ္တပတ် အနည်းငယ်လောက်ပဲ သင်တန်းပေးပြီး ရှေ့တန်းကို ပို့လိုက်ပါတယ်။ အဲဒီမှာ သူတို့အများစု သေဆုံးကြရပါတယ်။ (စစ်ကောင်စီကတော့ စစ်မှုထမ်းခေါ်ယူရေး လုပ်ငန်းစဉ်မှာ အလွဲသုံးစားလုပ်မှုတွေ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။)
စိမ်းလန်းတဲ့ သရက်ပင်တွေနဲ့ အရိပ်ရနေတဲ့ ဘုန်းကြီးကျောင်းတခုမှာ ကျနော်တို့ စစ်ဘေးရှောင် မိသားစု အများအပြားနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျောင်းဝင်းလေးဟာ လေဝင်လေထွက်ကောင်းအောင် သစ်သားပြတင်းပေါက်တွေ ဖွင့်ထားတဲ့ အဆောက်အအုံပုလေးတွေနဲ့ စုဝေးနေတာပါ။ လူတွေ စိတ်ကူးထဲမှာ မြင်လေ့ရှိတဲ့ တဲလေးတွေ ထိုးထားတဲ့ ဒုက္ခသည်စခန်းမျိုးနဲ့ လုံးဝ မတူပါဘူး။
နေထိုင်သူတွေက ဘုရားကျောင်းဆောင်တွေနဲ့ စာသင်ခန်းတွေကို နေရာယူထားကြပါတယ်။ အိပ်ရာတွေခင်းထားပြီး သူတို့ရဲ့ ပစ္စည်းတွေဖြစ်တဲ့ အဝတ်အစားတွေ၊ အရုပ်တွေ၊ ကလေးကစားစရာ ပုံဆွဲဘုတ်လေးတွေကို ရနိုင်တဲ့ နေရာတိုင်းမှာ ပုံထားကြပါတယ်။ ရံဖန်ရံခါ သင်္ကန်းရောင်ရင့်ရင့်ဝတ်ထားတဲ့ ဘုန်းကြီးတပါး ထွက်လာတတ်ပေမဲ့ အများအားဖြင့်တော့ မိသားစုတွေဟာ ကိုယ့်ဘာသာကိုယ် စုပေါင်း ထမင်းဟင်းချက်တာ၊ နေရာကို သန့်ရှင်းရေး လုပ်တာတွေ လုပ်နေကြပါတယ်။
တချို့ စစ်ဘေးရှောင်တွေဟာ ထွက်ပြေးနေရတာ နှစ်နဲ့ချီနေပါပြီ။ တချို့ကတော့ ရှေ့တန်းစစ်မျက်နှာတွေကို ဖြတ်ပြီး အသက်လု ခရီးနှင်ပြီးမှ မကြာသေးခင်ကမှ ရောက်လာကြတာပါ။ အသက် ၃၀ အရွယ် အမျိုးသမီး ဇင်မာဝေက စစ်တပ်ရောက်လာတော့ သူတို့ရွာကနေ ထွက်ပြေးလာခဲ့ရတယ်လို့ ပြောပါတယ်။ ထွက်ပြေးနေတဲ့ လူအုပ်ကြီးနဲ့ ပြည့်ကျပ်နေတဲ့ လမ်းတွေပေါ် ရောက်သွားခဲ့ပြီး "ညနေဘက် နွားအုပ်ကြီး လွှတ်လိုက်သလိုပဲ" လို့ သူက ဆိုပါတယ်။
သူဟာ အသက် ၄ နှစ်အရွယ် သမီးတယောက်၊ ၃ လအရွယ် သမီးတယောက်နဲ့အတူ အိတ်ကပ်ထဲမှာ ဒေါ်လာ ၁ ဒသမ ၅ (တဒေါ်လာကျော်လေး) နဲ့ ညီမျှတဲ့ ငွေလေးကိုင်ပြီး ခရီးထွက်လာခဲ့တာပါ။ ခိုလှုံစရာ နေရာတခုရဖို့ လပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။ အဲဒီလို နေရာရပြီးတဲ့နောက်မှာတော့ "ငလျင်ကြီး လှုပ်ပါတော့တယ်" လို့ သူက ပြောပါတယ်။ သူ့ရဲ့ သမီးကြီး တက်နေတဲ့ ကျောင်းက သုံးထပ်တိုက်ကြီး ပြိုကျသွားခဲ့ပါတယ်။ "လေးရက်မြောက်နေ့ကျမှ သမီးလေးရဲ့ ရုပ်အလောင်းကို ကျမတို့ တွေ့ခဲ့တယ်" လို့ သူက ဆိုပါတယ်။ အခု အသက် ၄ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ ဇင်မာဝေရဲ့ အသက်ရှင်ကျန်ရစ်တဲ့ သမီးလေးဟာ သူ စကားပြောနေတုန်း အနားမှာ တိတ်ဆိတ်စွာ ကစားနေပါတယ်။
အသက် ၄၈ နှစ်အရွယ် ဒေါ်မိုးကြည်ကတော့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ရွှေထွက်တဲ့ နေရာတွေဆီ သွားရာ တံခါးပေါက်ဖြစ်တဲ့ ကောလင်းမြို့အနီးက လာတာပါ။ KIA နဲ့ မဟာမိတ် တပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ်မှာ အဲဒီမြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ နောက်နှစ် အစောပိုင်းမှာတော့ နိုင်ငံပိုင် မီဒီယာတွေက "အကြမ်းဖက် နှိမ်နင်းမှု စစ်ဆင်ရေး" လို့ ဖော်ပြတဲ့ ဒေသကို ပြန်လည်သိမ်းပိုက်မဲ့ စစ်ဆင်ရေးကို တပ်မတော်က စတင်ခဲ့ပါတယ်။
လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဒီလိုအခြေအနေမျိုးမှာ စစ်တပ်က သုံးလေ့ရှိတဲ့ နည်းဗျူဟာတွေကို အကျယ်တဝင့် မှတ်တမ်းတင်ထားပါတယ်။ အဲဒီအထဲမှာ ညဘက် သတိပေးချက်မရှိဘဲ အရပ်သား ပစ်မှတ်တွေကို လေကြောင်းကနေ ဒါမှမဟုတ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပါဝင်ပါတယ်။ တိုက်ပွဲတွေ နီးကပ်လာတဲ့ ညသန်းခေါင်ယံ အချိန်မှာတော့ ဒေါ်မိုးကြည်ဟာ သူ့ရဲ့ ကလေးငါးယောက်၊ သက်ကြီးရွယ်အို မိခင်တို့နဲ့အတူ ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
"ကျမတို့ နောက်ကနေ သေနတ်သံတွေ ကြားရတယ်၊ ရှေ့မှာက လူတွေ ပြေးလွှားနေကြတယ်၊ အပေါ်ကနေလည်း လေယာဉ်နဲ့ ဗုံးကြဲနေတယ်" လို့ သူက ပြန်ပြောပြပါတယ်။ "အဲဒီကြားထဲကနေ ကျမတို့ ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။"
သူတို့ဟာ ပထမ ဆိုင်ကယ်နဲ့ သွားခဲ့ပြီး ဆိုင်ကယ်သွားလို့ မရတော့တဲ့အခါ တောလမ်းတွေ တလျှောက် ခြေလျင်လျှောက်ခဲ့ကြရပါတယ်။ ထန်းပင်က ထန်းဆူးတွေက သူတို့ခြေထောက်တွေကို ခြစ်မိကြပါတယ်။ ရှုပ်ထွေးပွေလီနေတဲ့ အခြေအနေမှာ မိသားစုတွေ အတူတူရှိနေဖို့ ခက်ခဲလှပါတယ်။ "ကလေးတွေက အရမ်းကြောက်နေကြတယ်" လို့ သူက ဆိုပါတယ်။ "ရွာသားတွေဆီ ကလေးတွေကို အပ်ထားခဲ့ရပြီး နောက်မှ တရွာဝင် တရွာထွက် လိုက်ရှာပြီး ပြန်စုခဲ့ရတယ်။"
ဒေါ်မိုးကြည်တို့မိသားစုဟာ လပေါင်းများစွာ ထွက်ပြေးပုန်းရှောင်နေခဲ့ရပြီး ရသမျှ အစားအစာ အနည်းငယ်နဲ့ အသက်ဆက်ခဲ့ရပါတယ်။ တခါက လယ်တဲတခုကို ရောက်သွားတော့ ဝက်စာခွက်ထဲကို နှိုက်ပြီး စားလို့ရနိုင်မဲ့ဟာတွေကို လိုက်ရှာခဲ့ရပါတယ်။ မြေကြီးပေါ်မှာ အိပ်ခဲ့ရပြီး တိုက်ပွဲဖြစ်ပွားတဲ့ အသံတွေ ဒါမှမဟုတ် ကြောက်ရွံ့မှုတွေကြောင့် အမြဲတမ်း လန့်နိုးနေခဲ့ရပါတယ်။
အဲဒီအချိန်အတွင်းမှာပဲ သူ့ရဲ့အိမ်နဲ့ ရွာအများစုဟာ မီးရှို့ခံလိုက်ရတယ်လို့ ဒေါ်မိုးကြည် သိခဲ့ရပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ဖြစ်ဖို့ သေချာသလောက်ပါပဲ။ တော်လှန်ရေးအဖွဲ့တွေကို အားပေးတယ်လို့ စစ်ကောင်စီက ယူဆတဲ့ ရွာတွေကို အပြစ်ပေးတဲ့ အနေနဲ့ မီးရှို့တာတွေဟာ စစ်ကိုင်းတိုင်းမှာ အမြဲတွေ့နေကျပါပဲ။ မကြာသေးခင်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာတစောင်မှာ ဒါဟာ စစ်အာဏာရှင်တပ် ကျင့်သုံးတဲ့ မဟာဗျူဟာရဲ့ "အဓိက လက္ခဏာရပ်တခု" လို့ ဖော်ပြထားပါတယ်။
"ကျမတို့ ဘာမှ မလုပ်နိုင်ခဲ့ဘူး" လို့ ဒေါ်မိုးကြည်က ဆိုပါတယ်။ "အခုအချိန်အထိတောင် တောင်ပေါ်တက်ပြီး ကျမရဲ့ ခံစားချက်တွေကို အကျယ်ကြီး အော်ထုတ်ပစ်ချင်နေတုန်းပဲ။"
မြန်မာနိုင်ငံအရှေ့ဘက်နယ်စပ်၊ ထိုင်းနိုင်ငံနဲ့ ခြားထားတဲ့ သောင်ရင်းမြစ်လေးရဲ့ တဖက်ကမ်းမှာတော့ တချိန်က စပါးခင်းတွေ နေရာမှာ ဖန်ချပ်တွေ၊ ကွန်ကရစ်တွေနဲ့ တည်ဆောက်ထားတဲ့ မိုးမျှော်တိုက်ကြီးတွေ အစီအရီ ပေါ်ထွက်လာပါတယ်။ ဧပြီလက ကျနော်တို့ ထိုင်းနိုင်ငံဘက်ခြမ်းကို သွားရောက်ခဲ့စဉ်က ရွှေကုက္ကိုလ်လို့ ခေါ်တဲ့ အဲဒီစီမံကိန်းကြီးဟာ အရှေ့တောင်အာရှရဲ့ ဝေးလံခေါင်ဖျားတဲ့ ထောင့်တနေရာမှာ ခေတ်မီ မြို့လယ်ခေါင်ကြီးတခု ရောက်လာသလို လုံးဝ ကိုက်ညီမှု မရှိပါဘူး။ ဒီလောက် ကြီးမားရတဲ့ အကြောင်းရင်းကတော့ စစ်ပွဲကြားမှာ ကြီးထွားလာနေတဲ့ နောက်ထပ် စီးပွားရေး လုပ်ငန်းတခုဖြစ်တဲ့ ကျားဖြန့်/ငွေလိမ်ဂိုဏ်းတွေကြောင့်ပဲ ဖြစ်ပါတယ်။
အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုရဲ့ ၂၀၂၄ ခုနှစ် ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ ၁၂၀,၀၀၀ လောက် ရှိတယ်လို့ သိရပါတယ်။ သူတို့ထဲက အများစုဟာ ရုံးခန်းတွေထဲမှာ ပိတ်လှောင်ခံထားရပြီး ထွက်ပြေးဖို့ ကြိုးစားရင် ရိုက်နှက်ခံရမယ် ဒါမှမဟုတ် အဲဒီထက် ဆိုးရွားတာတွေ ခံရမယ်လို့ ခြိမ်းခြောက်ခံထားရသူတွေပါ။ ဒီလုပ်ငန်းကနေ တနှစ်ကို ဒေါ်လာ ၁၅ ဘီလီယံထက်မက ဝင်ငွေရနေပါတယ်။
"ငွေလိမ်စင်တာတွေဟာ နိုင်ငံရဲ့ အကြီးဆုံး ဝင်ငွေရင်းမြစ် တခုတည်းပါပဲ" လို့ နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ရဲ့ အာရှရေးရာ အကြီးတန်းအကြံပေး ရစ်ချတ် ဟိုဆေးက ပြောပါတယ်။ "စစ်ပွဲရဲ့ နိုင်ငံရေး စီးပွားရေးအကြောင်း ပြောမယ်ဆိုရင် ငွေလိမ်လုပ်ငန်းတွေ အကြောင်း မပြောလို့ မရပါဘူး။"
မှတ်တမ်းတင်ထားတဲ့ ငွေလိမ်စခန်း အများစုကို လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသတွေမှာ တည်ဆောက်ထားကြပါတယ်။ တချို့အဖွဲ့တွေက စစ်တပ်နဲ့ မဟာမိတ်ဖွဲ့ထားပြီး တချို့ကတော့ ကြားနေတယ်လို့ ဆိုကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ ပုဂ္ဂလိက စုံစမ်းစစ်ဆေးသူတွေကတော့ အစိုးရ အရာရှိတွေဟာ ဒီလုပ်ငန်းကနေ အကျိုးအမြတ် ရနေတယ်လို့ ဆိုကြပါတယ်။
မိုဘိုင်းဖုန်းတွေရဲ့ ရွေ့လျားမှုကို စုစည်းဖော်ပြတဲ့ ၂၀၂၄ ခုနှစ်က တည်နေရာ အချက်အလက် (Geolocation data) တွေကို အသုံးပြုပြီး ဝါရှင်တန်အခြေစိုက် အကျိုးအမြတ်မယူတဲ့အဖွဲ့ C4ADS က ပြီးခဲ့တဲ့နှစ်မှာ လေ့လာမှုတခု လုပ်ခဲ့ပါတယ်။ တချို့ဖုန်းတွေဟာ "လူသိများတဲ့ ငွေလိမ်စခန်းတွေနဲ့ နေပြည်တော်က အစိုးရ အဆောက်အအုံတွေကြား မကြာခဏ ဆက်သွယ် သွားလာနေတာကို တွေ့ရတဲ့အတွက် ရာဇဝတ်ဂိုဏ်းတွေနဲ့ စစ်အစိုးရကြား ဆက်သွယ်မှုရှိနေတယ် ဆိုတာကို ပြသနေပါတယ်" လို့ တွေ့ရှိခဲ့ပါတယ်။
ရွှေကုက္ကိုလ်ရဲ့ ဥပမာက သင်ခန်းစာ ယူစရာပါ။ ဒီစီမံကိန်းကို ၂၀၁၀ ပြည့်လွန်နှစ်တွေ နှောင်းပိုင်းမှာ တရုတ်စီးပွားရေးသမား ရှီကျစ်ကျန်းက တည်ထောင်ခဲ့တာပါ။ စစ်တပ်ရဲ့ မဟာမိတ်ဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားတဲ့ နယ်မြေမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး သူတို့လည်း အစုရှယ်ယာ ပါဝင်ခဲ့ပါတယ်။ ရွှေကုက္ကိုလ်ဟာ မကြာခင်မှာပဲ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက "ဒစ်ဂျစ်တယ် ငွေကြေး ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုတွေအတွက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အချက်အချာနေရာ" လို့ သတ်မှတ်ရတဲ့အထိ ပြောင်းလဲသွားပါတယ်။ ကရင် BGF ရဲ့ အကာအကွယ်အောက်မှာ လည်ပတ်နေတာပါ။ (ရှီကျစ်ကျန်းကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ခွင့်ပြုချက်မရှိဘဲ လောင်းကစားလုပ်ငန်း လုပ်ကိုင်မှု စွဲချက်နဲ့ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို တရားခံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ သူကတော့ တရားမဝင် လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။)
ငွေလိမ်စင်တာက အလုပ်သမားတိုင်းဟာ လူကုန်ကူးခံရပြီး အကျဉ်းသားတွေအဖြစ် ဖမ်းဆီးခံထားရတာတော့ မဟုတ်ပါဘူး။ တချို့က ကိုယ့်သဘောနဲ့ကိုယ် လာလုပ်ကြတာပါ။ သူတို့နိုင်ငံမှာ ရနိုင်တာထက် အများကြီး ပိုများတဲ့ ဝင်ငွေရမယ်ဆိုတဲ့ မက်လုံးကြောင့်ပါ။ အသက် ၃၄ နှစ်အရွယ် ထိုင်းလူမျိုး ဆွမ်ချိုင်းအတွက်တော့ အဲဒါကပဲ တွန်းအား ဖြစ်ခဲ့ပါတယ်။ သူဟာ ရွှေကုက္ကိုလ်နဲ့ အနီးနားက စခန်းတခုမှာ ၂ နှစ်ကြာ အလုပ်လုပ်ခဲ့ပြီးမှ အိမ်ပြန်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ (လုံခြုံရေးကြောင့် သူ့နာမည်ကို ပြောင်းထားပါတယ်။)
အင်တာဗျူးတခုမှာ သူက လုပ်ငန်းရဲ့ ကြီးမားကျယ်ပြန့်မှုအပေါ် အံ့ဩခဲ့ရပုံကို ပြန်ပြောပြပါတယ်။ "အရမ်းကြီးမားပြီး အရာအားလုံး ရှိတယ်။ ဒါပေမဲ့ တော်တော်လေး ကြောက်စရာ ကောင်းတယ်" လို့ ဆွမ်ချိုင်းက ဆိုပါတယ်။ စခန်းအတွင်း လှည့်လည်သွားလာနေတဲ့အပြင် ရွှေကုက္ကိုလ်နဲ့ ပတ်ဝန်းကျင် ကျေးလက်ဒေသကို ခြားထားတဲ့ ဂိတ်တွေမှာပါ လက်နက်ကိုင် စစ်သားတွေကို နေရာတိုင်းမှာ တွေ့ခဲ့ရတယ်လို့ သူက မှတ်မိနေပါတယ်။
ဆွမ်ချိုင်းဟာ ထိုင်းနိုင်ငံက လူတွေကို ပစ်မှတ်ထားတဲ့အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ သူ့အလုပ်က အွန်လိုင်း Chat တွေကနေတဆင့် သူတို့နဲ့ မိတ်ဆွေဖွဲ့ပြီး သင်ပေးထားတဲ့ အတုအယောင် ရင်းနှီးမြှုပ်နှံမှုတွေအကြောင်းကို ဖြည်းဖြည်းချင်း စကားစပ် ပြောရတာပါ။ ရည်ရွယ်ချက်ကတော့ "သူတို့ကို အနည်းဆုံး သုံးကြိမ် လိမ်ဖို့ပါပဲ" လို့ သူက ဆိုပါတယ်။ အစပထမ ဒေါ်လာ ၁၀၀ လောက် ပေးဖို့ သွေးဆောင်ပြီး နောက်တော့ ဒေါ်လာ ၁,၀၀၀၊ ပြီးရင် ဒေါ်လာ ၁၀,၀၀၀ ဒါမှမဟုတ် အဲဒီထက်ပိုပြီး ပေးလာအောင် ဆွဲဆောင်တာပါ။
ဆွမ်ချိုင်းကိုတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ဒါပေမဲ့ တခြား အလုပ်သမားတွေကိုတော့ ရိုက်နှက်နှိပ်စက်တာတွေ ရှိတယ်လို့ သူက ဆိုပါတယ်။ "တခါတလေ သူတို့က ကျနော်တို့ အဆောက်အအုံကို အကူအညီ လာတောင်းတတ်ပေမဲ့ တရုတ်အစောင့်တွေက သူတို့ကို အတင်း ပြန်ဆွဲခေါ်သွားကြတယ်။"
တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ငွေလိမ်လုပ်ငန်းတွေကို ရပ်တန့်ဖို့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေကြောင့် စစ်ကောင်စီဟာ ဒီလုပ်ငန်းနဲ့ သူတို့ ကင်းရှင်းကြောင်း ပြသဖို့ ကြိုးစားလာပါတယ်။ ဒီလုပ်ငန်းတွေကနေ အကျိုးအမြတ် ရနေတာ သူတို့နဲ့ သူတို့ရဲ့ မဟာမိတ်တွေ မဟုတ်ဘဲ တော်လှန်ရေးအဖွဲ့တွေသာ ဖြစ်တယ်လို့ စွပ်စွဲလာပါတယ်။ တပ်မတော်နေ့ မိန့်ခွန်းမှာ မင်းအောင်လှိုင်က အစိုးရအနေနဲ့ "ဒီအန္တရာယ်ကို ပြတ်သားတဲ့ ဆုံးဖြတ်ချက်၊ သန္နိဋ္ဌာန်တွေနဲ့ တိုက်ဖျက်ဖို့" လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကစပြီး စစ်တပ်နဲ့ ဒေသခံ မဟာမိတ်အဖွဲ့တွေဟာ ရွှေကုက္ကိုလ်နဲ့ အနီးနားက နောက်ထပ်စခန်းကြီးတခုဖြစ်တဲ့ KK Park တို့ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အလုပ်သမားတွေကို ဖမ်းဆီးပြီး Starlink အင်တာနက်စက်တွေလို ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ဒါဟာ ငွေလိမ်စင်တာတွေကို ရပ်တန့်ဖို့ဆိုတာ "အမျိုးသားရေးတာဝန်" ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ထင်ဟပ်နေတာပါလို့ ဆိုပါတယ်။ ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးမဲ့ မကြာသေးခင်ကမှ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကိုလည်း သူက ရည်ညွှန်းခဲ့ပြီး "တကယ်လို့ အစိုးရသာ တကယ် ပါဝင်ပတ်သက်နေမယ်ဆိုရင် ဒီလိုဥပဒေမျိုးကို ကျမတို့ ပြဋ္ဌာန်းပါ့မလား" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးသူတွေနဲ့ ထိုင်းအရာရှိတွေကတော့ မြန်မာနိုင်ငံက ငွေလိမ်လုပ်ငန်းတွေဟာ ဆက်လက် ရှင်သန်နေဆဲဖြစ်ပြီး နိုင်ငံတွင်း ပိုမိုနက်ရှိုင်းတဲ့ နေရာတွေဆီ ပြန့်ကျဲသွားတာပဲ ရှိတယ်လို့ ယုံကြည်နေကြပါတယ်။
သောင်ရင်းမြစ် တဖက်ကမ်းကနေ အဲဒီစီမံကိန်းတွေကို ကျနော်တို့ ကြည့်လိုက်တဲ့အခါ နှစ်နေရာလုံးက လူသူကင်းမဲ့နေပုံ ရပါတယ်။ ရွှေကုက္ကိုလ်ဟာ ကြောက်စရာ ကောင်းလောက်အောင် တိတ်ဆိတ်နေပြီး ကားတွေ၊ လူတွေ လုံးဝ မတွေ့ရသလောက်ပါပဲ။ KK Park မှာတော့ အဆောက်အအုံတချို့ဟာ တဝက်တပျက် ဖြိုချခံထားရပြီး အပြင်ဘက် နံရံတွေဟာ လိမ်ကောက်နေတဲ့ သံထည်တွေနဲ့ ကြေမွနေတဲ့ ကွန်ကရစ် အစအနတွေအဖြစ် ပြိုကျနေပါတယ်။
ဒီနေရာနှစ်ခုမှာ အခု ဘာတွေပဲ ဖြစ်နေပါစေ၊ စစ်ပွဲကတော့ ဆက်ဖြစ်နေဆဲပါ။ ဒါနဲ့အတူ ငွေရှာဖို့ အခွင့်အလမ်းနဲ့ လိုအပ်ချက်တွေကလည်း ဆက်ရှိနေပါတယ်။ ထိုင်းဘုရင့်တပ်မတော်က စစ်သားတွေက ကျနော်တို့ကို သူတို့ ကင်းလှည့်နေတဲ့ နယ်မြေနဲ့ သိပ်မဝေးတဲ့ KK Park ရဲ့ အစွန်အဖျားအထိ လိုက်ပို့ပေးပါတယ်။ အဲဒီအချိန်မှာ ခပ်လှမ်းလှမ်းက တိုက်လေယာဉ်တစင်းရဲ့ အသံကို ကြားလိုက်ရပြီး သိပ်မကြာခင်မှာပဲ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ဆက်တိုက် ကြားလိုက်ရပါတယ်။ တောင်ကြားတဖက်မှာတော့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေကြပြန်ပါပြီ။
ထိုင်းနိုင်ငံဘက်ခြမ်းမှာတော့ မြန်မာနိုင်ငံက ပဋိပက္ခတွေကြောင့် ထွက်ပြေးလာသူတွေဟာ ရတဲ့အလုပ်ကို လုပ်ပြီး အသက်ဆက်နေကြရပါတယ်။ တချို့ ဒုက္ခသည်တွေဟာ ဒီကိုရောက်နေတာ ဆယ်စုနှစ်နဲ့ချီ ကြာနေပါပြီ။ လူပေါင်း ၂၉,၀၀၀ ကျော် နေထိုင်တဲ့ မယ်လ စခန်းလို သစ်သားအိမ်လေးတွေရှိတဲ့ နေရာမှာပဲ သူတို့ဘဝ တသက်တာလုံးကို ကုန်ဆုံးခဲ့ရတာပါ။
အဲဒီမှာ သူတို့ အစားအစာနဲ့ ဆေးဝါးအကူအညီလေးတွေတော့ ရနိုင်ပါတယ်။ ဒါပေမဲ့ ထရမ့်ပ်အစိုးရ လက်ထက်က အကူအညီတွေကို အကြီးအကျယ် ဖြတ်တောက်လိုက်တဲ့အတွက် စခန်းဆေးရုံဟာ လုံးဝနီးပါး ရပ်နားလိုက်ရပြီးနောက် ဆေးဝါးစောင့်ရှောက်မှုက ပိုပြီး အကန့်အသတ် ဖြစ်သွားခဲ့ပါတယ်။ တချို့လူတွေမှာဆိုရင် ဆေးဝါးစောင့်ရှောက်မှုတောင် မရှိကြပါဘူး။ လူတစုဟာ သောင်ရင်းမြစ်ဘေးက သဲသောင်ပြင် (တကယ့်ကို ဘယ်သူမှ မပိုင်တဲ့ နယ်မြေ) မှာ နေထိုင်ကြပြီး အဲဒီမှာ ဖြစ်သလို တဲလေးတွေ ဆောက်ထားကြပါတယ်။ ထိုင်းနိုင်ငံထဲကို တရားဝင် ဝင်ခွင့်မရတဲ့အတွက် သူတို့ဟာ တီထွင်ဖန်တီးမှုရှိတဲ့ စီးပွားရေး လုပ်ငန်းတခုကို စတင်ခဲ့ပါတယ်။ ခါးလောက်မြင့်တဲ့ ဆူးကြိုးတွေနဲ့ ထိုင်းမြေကို ခြားထားတဲ့ တဲဆိုင်လေးတွေ ဖွင့်ပြီး အကောက်ခွန်လွတ် အရက်နဲ့ စီးကရက်တွေကို ရောင်းချနေကြတာပါ။
ထိုင်းအစိုးရ အဆက်ဆက်ဟာ ဒုက္ခသည်တွေကို သူတို့လူ့အဖွဲ့အစည်းမှာ ပေါင်းစည်းပေးဖို့ တွန့်ဆုတ်နေခဲ့ကြပါတယ်။ အခြေချခွင့် ပေးလိုက်ရင် နယ်စပ်ကနေ အလုံးအရင်းနဲ့ ဝင်လာကြမှာကို စိုးရိမ်လို့ပါ။ မကြာသေးခင်က မြန်မာနိုင်ငံသားတွေအတွက် အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပေမဲ့ ဆင်းရဲမွဲတေမှုနဲ့ မသေချာမရေရာမှုတွေကတော့ ပုံမှန် အခြေအနေလို ဖြစ်နေဆဲပါ။
ကံကောင်းလို့ နိုင်ငံခြားကို ပြောင်းရွှေ့အခြေချခွင့် ရသွားသူ အနည်းငယ်ကလွဲရင် အများစုကတော့ အနာဂတ် မရေရာတဲ့ အခြေအနေမှာ အချိန်အကန့်အသတ်မရှိ ဆက်ရှိနေဦးမှာပါ။ စစ်ပွဲကလည်း ပြည့်စုံတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်လာမဲ့ အလားအလာ မရှိဘဲ သွေးထွက်သံယို အခြေအနေမှာ ပိတ်မိနေဆဲပါ။
တချိန်တည်းမှာပဲ မင်းအောင်လှိုင်က သူ့ရဲ့အာဏာကို ပိုမိုခိုင်မာအောင် လုပ်နေပါတယ်။ ဇွန်လမှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ နှစ်ဦးစလုံးက သူ့ကို သူတို့မြို့တော်တွေမှာ အသီးသီး ကြိုဆိုခဲ့ကြပါတယ်။ ဒါဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ ကမ်ပိန်း အောင်မြင်နေတယ် ဆိုတာကို ပြသနေတဲ့ သက်သေပါပဲ။
အိမ်ပြန်ဖို့ မျှော်လင့်ချက် မရှိတော့သူတွေထဲက တယောက်ကတော့ အသက် ၃၈ နှစ်အရွယ် မေသဇင်အောင်ပါ။ သူ့ကို မီရှဲလ်လို့လည်း ခေါ်ကြပါတယ်။ အာဏာမသိမ်းခင်က သူဟာ မန္တလေးမြို့မှာ အလယ်တန်းပြ ကျောင်းဆရာမ တယောက်အဖြစ် သက်တောင့်သက်သာ နေထိုင်ခဲ့တာပါ။ ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေ အာဏာသိမ်းလိုက်တဲ့အခါ သူ့ရဲ့ခင်ပွန်းက တခုခုလုပ်မှ ဖြစ်မယ်လို့ ခံစားခဲ့ရပါတယ်။ သူဟာ မြန်မာနိုင်ငံက မြို့တွေကို လှုပ်ခတ်သွားစေခဲ့တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေရဲ့ အထွေထွေ နာမည်ဖြစ်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ခေါင်းဆောင်တယောက် ဖြစ်လာခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလ ရောက်တဲ့အခါ အိမ်မှာ ဆက်နေရင် ဖမ်းဆီးခံရမယ်ဆိုတာ သေချာသွားတဲ့အတွက် ပြောက်ကျားတပ်ဖွဲ့ဝင်တွေအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ထောင်ပေါင်းများစွာသော မြို့ပြဆန္ဒပြသူတွေနဲ့ သွားရောက်ပူးပေါင်းဖို့ သူ ဆုံးဖြတ်ခဲ့ပါတယ်။ "သူတောထဲ သွားနေရတယ်" လို့ မီရှဲလ်က ပြောပါတယ်။ အဲဒီကို ရောက်ပြီးတဲ့နောက် "သူ ပြန်မလာတော့ပါဘူး။"
သူ့ရဲ့ခင်ပွန်း ထွက်ပြေးသွားချိန်မှာ မီရှဲလ်မှာ ဒုတိယကိုယ်ဝန် ၄ လ လွယ်ထားရပါတယ်။ စက်တင်ဘာလမှာ သူဟာ သမီးလေးတယောက်ကို ခွဲမွေးခဲ့ပါတယ်။ "ကလေး ၆ ရက်သား အရွယ်မှာ သူ့ဆီက ဖုန်းဝင်လာတယ်" လို့ ခင်ပွန်းဖြစ်သူနဲ့ ပတ်သက်ပြီး သူက ပြောပါတယ်။ "သူက ကျမကို အိမ်မှာမနေဘဲ တခြားတနေရာကို ပြောင်းနေဖို့ ပြောတယ်။ ဒါကြောင့် သူ့အမေအိမ်ကို ကျမ ပြောင်းသွားခဲ့ပါတယ်။"
အဲဒီညမှာပဲ စစ်သားတွေက သူ့ကို လိုက်ရှာဖို့ ရောက်လာကြပါတယ်။ အောက်ထပ်မှာ စစ်သားတွေ ရှာနေတုန်း မီရှဲလ်က အပေါ်ထပ်မှာ ပုန်းနေခဲ့ပါတယ်။ ကလေးမွေးထားတဲ့ဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ သူ့အတွက် ထွက်ပေါက် မရှိတော့သလိုပါပဲ။ ဒါပေမဲ့ အိမ်က ကလေးထိန်းက သူ့ကို ပြေးဖို့ တိုက်တွန်းခဲ့ပြီး "သူတို့ ဖမ်းမိသွားရင် သေရလိမ့်မယ်လို့ ပြောတယ်" လို့ သူက ပြန်ပြောပြပါတယ်။
သူဟာ အိမ်နောက်ဖေးကို သွားခဲ့ပါတယ်။ အဲဒီမှာ အစွန်းထွက်နေတဲ့ နေရာလေးတခု ရှိပါတယ်။ မွေးကင်းစ ကလေးလေးကို အနှီးနဲ့ပွေ့ပိုက်ပြီး သူဟာ ပြတင်းပေါက်ကနေတဆင့် စိုစွတ်တဲ့ ညလေထုထဲကို ထွက်လာခဲ့ပါတယ်။ ခွဲထားတဲ့ဒဏ်ရာက အရမ်းနာကျင်နေပေမဲ့ ခြံစည်းရိုးကို ကျော်ပြီး အိမ်နီးချင်းခြံထဲကို ဆင်းခဲ့ပါတယ်။ "အဲဒီသတ္တိတွေ ဘယ်ကနေ ရလာလဲဆိုတာ ကျမ ကိုယ်တိုင်တောင် မသိဘူး" လို့ မီရှဲလ်က ဆိုပါတယ်။
သူဟာ ခြံထဲကနေ လွတ်အောင် ပြေးနိုင်ခဲ့ပြီး အနီးနားက လက်ဖက်ရည်ဆိုင်က အလုပ်သမားတွေက သူ့ကို နာရီအနည်းငယ်လောက် ပုန်းနေဖို့ ကူညီပေးခဲ့ပါတယ်။ မီရှဲလ်က သူနဲ့ ကလေး ဘယ်ဆက်သွားရမလဲ ဆိုတာနဲ့ အိမ်မှာ ထားခဲ့တဲ့ သားဖြစ်သူ ဒဲရစ်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စိတ်တွေနဲ့ နေမထိထိုင်မသာ ဖြစ်ခဲ့ရပုံကို ပြန်ပြောပြပါတယ်။
နောက်ဆုံးတော့ ညီမဖြစ်သူက သူ့ကို ရှာတွေ့သွားပြီး မန္တလေးကနေ ဘယ်လို ထွက်ပြေးရမလဲဆိုတာကို စတင် စဉ်းစားခဲ့ကြပါတယ်။ ရုပ်ဖျက်ဖို့အတွက် ခေါင်းတုံးတုံးပြီး သီလရှင်ဝတ်နဲ့ ရန်ကုန်ကို ဘတ်စ်ကားစီးပြီး ထွက်လာခဲ့ပါတယ်။ မီရှဲလ်ဟာ အဲဒီမှာ လပေါင်းများစွာ ပုန်းနေခဲ့ပြီး ဒဲရစ်ကို သူငယ်ချင်းတယောက်ဆီ အပ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ကြာကြာနေလေ ဖမ်းဆီးခံရဖို့ ပိုသေချာလေပါပဲ။ သူနိုင်ငံထဲကနေ ထွက်သွားဖို့ နည်းလမ်းရှာရပါတော့မယ်။
လေယာဉ်စီးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့အတွက် ကုန်းလမ်းကနေ ဖြတ်ကျော်ဖို့ပဲ ရွေးချယ်စရာ ရှိပါတော့တယ်။ သူဟာ ဒဲရစ်ကို သွားခေါ်ပြီး လူမှောင်ခိုကူးတဲ့ လုပ်ငန်းတွေ စနစ်တကျ ရှိနေတဲ့ ထိုင်းနယ်စပ် မြဝတီမြို့ကို ဘတ်စ်ကားနဲ့ သွားခဲ့ပါတယ်။
"သူတို့တောင်းတဲ့ ငွေပမာဏက ဖြတ်ချင်တဲ့သူ အပေါ်မှာ မူတည်တယ်" လို့ သူက ဆိုပါတယ်။ အန္တရာယ်ပိုများတဲ့အလုပ် (ဥပမာ စစ်ကောင်စီက အလိုရှိနေတဲ့သူ ပါနေရင်) ဈေးပိုကြီးပါတယ်။ မီရှဲလ်ဟာ သူနဲ့ ကလေးနှစ်ယောက် ထိုင်းနိုင်ငံထဲ ရောက်ဖို့ ဘတ် ၁၈,၀၀၀ (ဒေါ်လာ ၅၅၀ ခန့်) ပေးခဲ့ရပါတယ်။ သူတို့ဟာ မှောင်သွားတဲ့အချိန်မှာ သောင်ရင်းမြစ်ကို လှေငယ်လေးတစင်းနဲ့ ဖြတ်ကူးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံဘက်ခြမ်းကို ရောက်တော့ မီရှဲလ်ဟာ တခြား ဒုက္ခသည်တွေရှိတဲ့ ရပ်ကွက်တခုမှာ ဘဝကို အသစ်ပြန်စဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မိသားစုမှာ တရားဝင် အထောက်အထား မရှိတဲ့အတွက် သူလည်း အလုပ်လုပ်လို့ မရသလို ကလေးတွေလည်း ကျောင်းသွားလို့ မရပါဘူး။ ဒဲရစ်နဲ့ ဂျမ်ဂျမ်လို့ နာမည်ပြောင်ပေးထားတဲ့ သမီးလေးတို့ကို အိမ်မှာပဲ စာသင်ပေးရင်း အလုပ်များအောင် နေခဲ့ပေမဲ့ အထီးကျန်မှုနဲ့ စိုးရိမ်ပူပန်မှုတွေက ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့ပါတယ်။ "ကျမရဲ့ စိတ်ကျန်းမာရေးက အရမ်းကို ဆိုးရွားလာခဲ့တယ်" လို့ သူက ပြောပါတယ်။
နောက်ဆုံးမှာတော့ မီရှဲလ်ဟာ ဒဲရစ်နဲ့ ဂျမ်ဂျမ်တို့ကို ဒေသခံကျောင်းတွေမှာ စာရင်းသွင်းနိုင်ခဲ့ပါတယ်။ အခုဆိုရင် သူတို့လေးတွေဟာ အသက် ၁၂ နှစ်နဲ့ ၄ နှစ်အရွယ် ဉာဏ်ကောင်းပြီး သွက်လက်တဲ့ ကလေးလေးတွေ ဖြစ်နေပါပြီ။ သူတို့ရဲ့ အိမ်ကျဉ်းလေးထဲမှာ အင်္ဂလိပ်စာအုပ်တွေ အပြည့်ပါပဲ။ နှစ်ယောက်စလုံး အင်္ဂလိပ်စကားကို မိခင်ဘာသာစကားလို ပြောနိုင်ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အနာဂတ် အရာအားလုံးက မသေချာ မရေရာမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ မြန်မာနိုင်ငံကူးလက်မှတ်ရော၊ ထိုင်းနိုင်ငံကူးလက်မှတ်ပါ မရှိဘဲ နိုင်ငံမဲ့ ဖြစ်နေတာက စလို့ပေါ့။
သူတို့ရဲ့ဖခင်ဟာ သူတို့ဘဝထဲကို ပြန်ရောက်လာနိုင်မလား ဆိုတာကိုလည်း သူတို့ မသိနိုင်ပါဘူး။ မီရှဲလ်ဟာ ၂၀၂၁ ခုနှစ်ကတည်းက သူ့ကို မတွေ့ရတော့ပါဘူး။ သူ တောထဲ တနေရာရာမှာ အသက်ရှင်နေမယ်လို့ သူယုံကြည်နေပါတယ်။ သူသာ သေဆုံးသွားခဲ့ရင် သူကြားရမှာပါလို့ တွေးထားပါတယ်။ စစ်သားတွေကလည်း မန္တလေးက သူတို့အိမ်မှာ သူ့ကို လာလာရှာနေတုန်းပါပဲ။
သူထွက်ပြေးနေရတုန်းက "သူ့ဆီက စာတစောင် ရခဲ့ဖူးတယ်" လို့ သူက မှတ်မိနေပါတယ်။ "သူက ဒီတော်လှန်ရေးကို အဆုံးထိ ဆက်လုပ်သွားမှာ ဖြစ်လို့ သူ့သမီးနဲ့ ကျမ ဒီကမ္ဘာကြီးရဲ့ တနေရာရာမှာ အသက်ရှင်နေသေးတယ် ဆိုတာကိုပဲ သိချင်တယ်လို့ ပြောပါတယ်။ ပြီးတော့ သူ ဘယ်တော့မှ ပြန်မလာနိုင်ခဲ့ရင် ခွင့်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
မက်သရူးကမ်းဘဲလ်၊ ဖိလစ် ဟေမန်းစ်နှင့် ခိုင်လင်းကျော်
Ref: Bloomberg
(Bloomberg သတင်းဌာန ဝက်ဘက်ဆိုက်တွင် သတင်းထောက် Matthew Campbell၊ Philip Heijmans နှင့် ခိုင်လင်းကျော်တို့ ရေးပြီး Jeremy Keehn တည်းဖြတ်သည့် “Gold, Gems and Rare Earths Fuel Myanmar's Brutal War” မူရင်းသတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)











