DVB Logo
Home
ဆောင်းပါး
စစ်ပွဲတွေနဲ့ ပျက်စီးနေတဲ့နိုင်ငံမှာ ရေပေါ်ဆီတွေ ပျော်မြူးနေ
DVB
·
August 13, 2026
စစ်ပွဲတွေနဲ့ ပျက်စီးနေတဲ့နိုင်ငံမှာ ရေပေါ်ဆီတွေ ပျော်မြူးနေ
Donate to DVB

စစ်ဖြစ်နေတဲ့ တိုင်းပြည်တနေရာရဲ့ သန်းခေါင်ယံအချိန်မှာတော့ D.J က လူအုပ်ကြီးကို မြူးထူးအောင် လုပ်ပေးနေပါတယ်။

“ပါတီလုပ်ဖို့ အဆင်သင့်ပဲလား” လို့ သူက မိုက်ခရိုဖုန်းထဲကနေ အော်ဟစ်လိုက်ပြီး အားပါသွားအောင် ဆဲရေးတိုင်းထွာတဲ့ စကားလုံးတချို့ကိုပါ ထည့်ပြောလိုက်ပါတယ်။

စစ်မီးတောက်လောင်နေတဲ့ မြန်မာနိုင်ငံရဲ့ အထူးသီးသန့်အကျဆုံး ညကလပ်ဖြစ်တဲ့ Pioneer Plus က ပါတီပွဲလာသူတွေကတော့ အဆင်သင့်ဖြစ်နေကြပါပြီ။ D.J ကလည်း ခရိုအေးရှားနိုင်ငံကနေတောင် လာခဲ့တာလေ။ မိန်းမငယ်လေးတွေက စင်ပေါ်မှာ တွန့်လိမ်ကခုန်နေကြပါတယ်။ ဂျွန်နီဝေါ်ကာ ဝီစကီတွေ အလျှံပယ်ပါပဲ။ ဒါပေမဲ့ Blue Label တွေကိုပဲ သောက်ကြပါတယ်။ ဒါက ငွေကြေးသုံးနိုင်သူတွေရဲ့ စတိုင်လ်လေ။ တညစာအတွက် သီးသန့်ဝိုင်းတခု ယူမယ်၊ ရှီရှားဖွာမယ်၊ နိုင်ငံခြားဖြစ် သစ်သီးတွေနဲ့ အရက်ခွက်ငယ်တွေကို ပိရမစ်ပုံစံ စီထားမယ်ဆိုရင် ဒေါ်လာရာနဲ့ချီ ပေးရပါတယ်။

ရေချိုးခန်းတွေထဲမှာရော၊ မီးရောင်တွေ ပြိုးပြိုးပြက်ပြက် လင်းနေတဲ့ ကခုန်တဲ့နေရာတွေမှာပါ Pioneer Plus ရဲ့ ဧည့်သည်တချို့ဟာ ဗနီလာ ဒါမှမဟုတ် စပျစ်သီးနံ့ရတဲ့ ဆေးပြားလေးတွေကို မျိုချနေကြပါတယ်။ ပြည်တွင်း မူးယစ်ဆေးဂိုဏ်းတွေရဲ့ အမှတ်တံဆိပ်တွေ ရိုက်နှိပ်ထားတဲ့ ဒီ မက်သာဖက်တမင်းနဲ့ ကဖင်းဓာတ် ရောစပ်ထားတဲ့ ဆေးပြားတွေရဲ့ အာနိသင်က နာရီပေါင်းများစွာ ခံပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်း ဖြုတ်ချပြီးနောက်ပိုင်း ပြည်တွင်းစစ်ထဲ စုန်းစုန်းမြုပ်သွားတဲ့ မြန်မာနိုင်ငံဟာ စိတ်အပန်းဖြေစရာ၊ အနားယူစရာ၊ အချိန်ကြာကြာ မေ့လျော့နေစရာတွေကို ငတ်မွတ်တောင့်တနေကြပါတယ်။ နိုင်ငံရဲ့ ထက်ဝက်ကျော်ကို စစ်မြေပြင်အဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ ဒီပဋိပက္ခရဲ့ ရိုက်ခတ်မှုကို မခံစားရတဲ့ မြန်မာနိုင်ငံသားဆိုတာ မရှိပါဘူး။ (မြို့ကြီးတွေကတော့ စစ်ဒဏ်ကို အတိုင်းအတာတခုအထိ ကင်းလွတ်နေဆဲပါ)။ လူဦးရေရဲ့ တဝက်လောက်ဟာ အခုဆိုရင် ဆင်းရဲမွဲတေနေပါပြီ။ ဒရုန်းတွေ၊ တိုက်လေယာဉ်တွေနဲ့ မြေမြှုပ်မိုင်းတွေက အရပ်သားတွေဆီကို ထိတ်လန့်စရာတွေ ယူဆောင်လာပါတယ်။ စစ်မှုထမ်းဥပဒေကလည်း အမျိုးသားရော အမျိုးသမီးတွေကိုပါ ခြိမ်းခြောက်နေပါတယ်။ အရင် ဆယ်စုနှစ်များဆီ စစ်အာဏာရှင်ခေတ်တွေတုန်းကလိုပဲ မြန်မာ စစ်အဏာရှင်အစိုးရဟာ နိုင်ငံတကာက ဖယ်ကြဉ်ခံထားရတဲ့ အခြေအနေကို ပြန်ရောက်နေပါပြီ။

ဒါပေမဲ့ စစ်ပွဲကာလမှာတောင် ဘဝဆိုတာ ဆက်သွားနေရတာပါပဲ။ ပါတီတက်မဲ့ လူတန်းစားက ပါတီလုပ်နေကြမှာဖြစ်ပြီး သူတို့ရဲ့ သုံးစွဲမှုတွေကလည်း သိသာထင်ရှားလှပါတယ်။

အနောက်နိုင်ငံ အစိုးရတွေက စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ခရိုနီ စီးပွားရေးသမားတွေ (လက်နက်ပွဲစားတွေ၊ မူးယစ်ရာဇာတွေ၊ သယံဇာတ သူဌေးတွေ၊ တရုတ်စီးပွားရေးလုပ်ငန်းတွေအတွက် ကြားပွဲစားတွေ) ကို ချမှတ်ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကြောင့် နယူးယောက်၊ ပါရီ နဲ့ လန်ဒန် ကို ဈေးဝယ်ထွက်တာတွေ ရပ်တန့်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒူဘိုင်း၊ ရှန်ဟိုင်းနဲ့ ဘန်ကောက်တို့ကတော့ သူတို့အတွက် အမြဲတမ်း ရှိနေပါတယ်။

ယုန်လေး ဆိုတာကတော့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ ရန်ကုန်က လူကုံထံရပ်ကွက်မှာရှိတဲ့ Pioneer Plus ညကလပ်ရဲ့ ဖောက်သည်ဟောင်း တယောက်ပါ။ သူက ရက်ပ်သီချင်းတွေ ဆိုတယ်၊ သရုပ်ဆောင်တယ်၊ ပြီးတော့ စစ်တပ်ကလုပ်တဲ့ ပွဲတွေမှာ သူ့ရဲ့ နာမည်ကျော်ကြားမှုကို အသုံးပြုပြီး ပါဝင်လေ့ရှိတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလမှာ သမ္မတဖြစ်လာတဲ့ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ကို ချီးကျူးဂုဏ်ပြုတဲ့ တေးဂီတဗီဒီယို တခုကိုတောင် သူ ဖန်တီးခဲ့ဖူးပါတယ်။

ယုန်လေး ညကလပ်ထဲကို ဝင်လာတဲ့အခါ သူ့နောက်ပါတွေနဲ့အတူ လုံခြုံရေးတွေက သူ့ကို အထပ်ထပ် ဝိုင်းရံထားကြပါတယ်။ ဒီအစောင့်တွေက ဟန်ပြသက်သက်တော့ မဟုတ်ပါဘူး။ လက်နက်မဲ့ ဆန္ဒပြသူတွေကို စစ်တပ်က သတ်ဖြတ်နေတာကို မဆန့်ကျင်ဘဲ စစ်အာဏာရှင်နဲ့ ပူးပေါင်းခဲ့တဲ့ နာမည်ကြီးတချို့ဟာ မြို့ပြပြောက်ကျားတွေရဲ့ ပစ်မှတ်ထားတာကို ခံခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ်မှာ ယုန်လေးရဲ့ အသိအကျွမ်းတယောက်ဖြစ်ပြီး စစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတဲ့ အဆိုတော် ဒေါ်လီလီနိုင်ကျော် ဟာ ရန်ကုန်မြို့မှာ ခေါင်းကို သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။ အဲဒီမတိုင်ခင် လအနည်းငယ်က ယုန်လေးကိုလည်း လူတယောက်က ဓားနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့ ဒဏ်ရာမရဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ တနှစ်အကြာမှာတော့ သူ့ကားထဲမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။ (အဲဒီအချိန်က ကားထဲမှာ ဘယ်သူမှ မရှိပါဘူး)။

“အဲဒီလူတွေက မင်းဟာ နာမည်ကြီးပြီး စစ်တပ်နဲ့ ပတ်သက်နေရင် ငါတို့ မင်းကို သတ်လို့ရတယ် ဆိုတာကို ပြချင်နေကြတာ” လို့ ယုန်လေးက မကြာသေးခင် ညတညက ပြောခဲ့ပါတယ်။ “အပြင်ကလူတွေက ကျနော်တို့လို လူတွေလည်း ဖိနှိပ်ခံနေရတယ် ဆိုတာကို သတိမထားမိကြဘူး။”

အသက် ၄၀ အရွယ် ယုန်လေးက သူ့သက်တမ်းတလျှောက် မြန်မာနိုင်ငံ ဘယ်လောက်တောင် ပြောင်းလဲသွားလဲ ဆိုတာကို မေ့သွားဖို့ လွယ်ကူတယ်လို့ ဆိုပါတယ်။ ဆယ်စုနှစ် နှစ်ခုတောင် မပြည့်သေးခင်က မြန်မာနိုင်ငံမှာ အင်တာနက်ဆိုတာ လုံးဝနီးပါး မရှိခဲ့ပါဘူး။ ယုန်လေးဟာ အမ်မီနမ်၊ ဒေါက်တာ ဒရေးနဲ့ စနုဒေါ့ဂ်တို့ရဲ့ သီချင်းတွေကို ခိုးကူးတိပ်ခွေတွေနဲ့ လျှို့ဝှက်ပြီး နားထောင်ခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၁၀ ပြည့်လွန်နှစ်တွေက စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအပြင်၊ ၂၀၁၅ ရွေးကောက်ပွဲကနေတဆင့် တက်လာတဲ့ အရပ်သားတပိုင်း အစိုးရလက်ထက်မှာတော့ တိုင်းပြည်ဟာ အလွန်လျင်မြန်စွာ ခေတ်မီတိုးတက်လာပုံရခဲ့ပါတယ်။ အဲဒီခေတ်တုန်းက ယုန်လေးက “မိန်းကလေးတွေ၊ ပါတီတွေနဲ့ ဖိတ်ဖိတ်လက်နေတဲ့ လက်ဝတ်ရတနာတွေ” အကြောင်းကို ရက်ပ်သီချင်းတွေ စပ်ဆိုခဲ့ပါတယ်။

အခုအခါမှာတော့ သူ့ရဲ့စိုးရိမ်ပူပန်မှုတွေဟာ အသက်ရှင်သန်ရေး ဖြစ်လာပြီလို့ သူက ဆိုပါတယ်။ သူ သွားလေရာ ကိုယ်ရံတော်တွေ ခေါ်သွားရပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် အကောင်းဆုံး ညကလပ်တွေမှာ သွားပြီး စိတ်အပန်းဖြေဖို့ မဖြစ်မနေ လိုအပ်လာတယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ ပျော်ရွှင်အောင် နေဖို့ နည်းလမ်းတွေ ရှာရမှာပဲ” လို့ ယုန်လေးက ပြောပါတယ်။ “ခေါင်းဆောင်တွေ အားလုံးကို ချစ်ချစ်ခင်ခင်၊ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြလို့ မရဘူးလားဗျာ။”

ပြုပြင်ပြောင်းလဲရေး နှစ်တွေတုန်းက အဆောက်အအုံသစ်တွေ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ကြော်ငြာတွေ၊ အင်္ဂလိပ်စာသင်တန်းတွေနဲ့ စည်ကားခဲ့တဲ့ ရန်ကုန်မြို့ဟာ အခုတော့ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေကို အများအားဖြင့် ပြန်ရောက်သွားပါပြီ။ အနောက်နိုင်ငံက စီးပွားရေးလုပ်ငန်း တော်တော်များများ ထွက်ခွာသွားကြပါပြီ။ တခါက အမေရိကန် အချိုရည်တွေနဲ့ ဂျာမန်ကားတွေကို ပြသခဲ့တဲ့ ကြော်ငြာဘုတ်တွေမှာ အခုတော့ ပြည်တွင်းဖြစ် အသင့်ဖျော် ကော်ဖီထုပ်တွေနဲ့ ရေပိုက်ခေါင်းတွေကိုပဲ ပြသထားပါတော့တယ်။ ဒါပေမဲ့လည်း မမြင်ချင်ယောင်ပဲ ဆောင်ဆောင်၊ မသိကျိုးကျွန်ပဲ ပြုပြု ရေပေါ်ဆီ လူတန်းစားတရပ်အတွက်တော့ ရန်ကုန်က ဘဝဟာ အာဏာမသိမ်းခင်ကနဲ့ သိပ်မကွာခြားဘူးလို့ ဟန်ဆောင်ပန်ဆောင် လုပ်လို့ ရနိုင်ပါသေးတယ်။

မင်းအောင်လှိုင်ရဲ့ သား တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ The Yangon Restaurant မှာဆိုရင် ဟင်းလျာတွေက ဥရောပစတိုင်လ် ခမ်းခမ်းနားနားဖြစ်ပြီး၊ ငန်းအသည်းနဲ့ ငါးဥတွေ အပြည့်ပါပဲ။ ကြိုတင်ဘွတ်ကင်ထားမယ်ဆိုရင် စင်ကာပူကနေ ဝိုင်ကျွမ်းကျင်သူကိုတောင် လေယာဉ်နဲ့ ခေါ်ပေးနိုင်တယ်လို့ စားသောက်ဆိုင်မန်နေဂျာက ပြောပါတယ်။

သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ အသက် ၃၆ နှစ်အရွယ် မခရစ္စတီးနားလင်းနဲ့ သူ့ခင်ပွန်း အသက် ၃၈ နှစ်အရွယ် ကိုသူရိန်ကျော်မိုးတို့ဟာ ရန်ကုန်နဲ့ ပြည်ပက သူတို့ရဲ့ ခမ်းနားလှတဲ့ နေထိုင်မှုဘဝပုံစံတွေကို ပြသလေ့ရှိပါတယ်။ မော်လ်ဒိုက်က Club Med မှာ အပန်းဖြေတာ၊ တရုတ်ပြည်က မဟာတံတိုင်းကြီးကို သွားတာတွေ အပြင်၊ အရောင်ဆင်တူ ဝတ်ဆင်ထားတဲ့ သားရေနဲ့ ကတ္တီပါ ဝတ်စုံတွေ၊ ဆမ်းဆောင်း၊ ကားလ်ဘတ်ဂ်နဲ့ ပြည်တွင်း ရွက်လှေကလပ်စတဲ့ အမှတ်တံဆိပ် ၂၀၀ ကျော်နဲ့ ပူးပေါင်းကြော်ငြာထားတာတွေကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ တရားဝင်ပိတ်ပင်ထားလို့ VPN သုံးမှ ဝင်ရတဲ့ Facebook, Instagram နဲ့ YouTube တွေမှာ သူတို့ မွေးလာမဲ့ ပထမဆုံးသမီးလေးအတွက် ပန်းရောင်စက္ကူစလေးတွေ ကျလာတဲ့ မိုးပျံပူဖောင်း ဖောက်တဲ့ပွဲ ဗီဒီယိုတွေ၊ မင်းအောင်လှိုင် မိသားစုအပါအဝင် ရင်းနှီးတဲ့ နာမည်ကြီးတွေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ ကြည့်ရှုသူ သန်းနဲ့ချီ ရရှိခဲ့ပါတယ်။

“ကျမတို့ရဲ့ Content တွေမှာ အကောင်းမြင်စိတ်လေးတွေပဲ ထားချင်ပါတယ်” လို့   မခရစ္စတီးနားလင်းက ပြောပါတယ်။ “ကျမတို့ရဲ့ ဗီဒီယိုတွေကို ကြည့်ပြီးရင် ကြည့်ရှုသူတွေကို စိတ်ချမ်းသာစေချင်ပါတယ်။”

အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာတော့ မခရစ္စတီးနားလင်းဟာ မြန်မာနိုင်ငံက အင်္ဂလိပ်စကားပြောတတ်တဲ့သူ တော်တော်များများလိုပဲ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေတဲ့ ပြည်သူတွေနဲ့အတူ သူတို့ ဇနီးမောင်နှံ ပါဝင်နေတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ ဖယ်ရှားခံခဲ့ရတဲ့ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဖို့ တနိုင်ငံလုံးက ပြည်သူသန်းနဲ့ချီ လမ်းပေါ်ထွက်ခဲ့ကြတာပါ။

သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ စစ်တပ်က ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်လာပါတယ်။ (အနီးအနားမှာ ရှိနေတဲ့ ကလေးငယ်တွေပါ အသတ်ခံခဲ့ရပါတယ်)။ ပြီးတော့ ဆန့်ကျင်သူတွေကို ထောင်ချခဲ့ပါတယ်။ မြန်မာနိုင်ငံ နယ်စပ်ဒေသက တောတောင်တွေထဲမှာ လက်နက်ကိုင် တော်လှန်ရေးတွေ စတင်လာပါတယ်။ နာမည်ကြီးတွေနဲ့ Influencer တွေက စစ်တပ်ရဲ့ သွေးထွက်သံယို နှိမ်နင်းမှုတွေကို ရှုတ်ချခဲ့ကြပါတယ်။  မခရစ္စတီးနားလင်းကလည်း “ဘယ်တော့မှ အိမ်ပြန်မလာနိုင်တော့မဲ့ အာဇာနည်တွေ” ကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ဇနီးမောင်နှံ လက်သုံးချောင်းထောင်ထားတဲ့ပုံကို ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူတို့ ဇနီးမောင်နှံ ငြိမ်သက်သွားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ မြန်မာ့ပြည်တွင်းစစ် စတင်ပြင်းထန်လာချိန်မှာတော့၊ သူတို့ရဲ့ ပထမဆုံးပို့စ်အဖြစ်  မခရစ္စတီးနားလင်းနဲ့ ကိုသူရိန်ကျော်မိုး တို့ဟာ အနီရဲရဲ ဝတ်စုံဆင်တူ ဝတ်ဆင်ပြီး သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ကို ကျင်းပခဲ့ကြပါတယ်။ အိမ်ခြံမြေ၊ စက္ကူ၊ ကားတင်သွင်းမှုနဲ့ အအေးခန်း စီးပွားရေးလုပ်ငန်းတွေနဲ့ ချမ်းသာလာခဲ့တဲ့ မိသားစုကနေ ဆင်းသက်လာတဲ့ ဒီဇနီးမောင်နှံဟာ အဲဒီနောက်ပိုင်းနှစ်တွေမှာ နိုင်ငံရေးကို ရှောင်လွှဲခဲ့ပြီး၊ ဇိမ်ခံကားတွေ၊ နို့ညှစ်စက်တွေနဲ့ အမေရိကန်ထုတ် ဗီတာမင် ဂျယ်လီ (Gummies) တွေအကြောင်းကိုသာ အားပါးတရ ပြောဆိုကြပါတော့တယ်။ မြို့ပေါ်က အကောင်းဆုံး ပြင်သစ်စားသောက်ဆိုင်က အကောင်းဆုံး ဟင်းလျာတွေကို ချီးကျူးကြတယ်။ Blue လို့ နာမည်ပေးထားတဲ့ ပြင်သစ်ခွေးလေးနဲ့ သူတို့ရဲ့ သားသမီးနှစ်ယောက်ကို အလိုလိုက် အရိပ်တကြည့်ကြည့် လုပ်နေကြပါတယ်။

“ဖြစ်ပြီးတာတွေလည်း ပြီးသွားပြီလို့ပဲ ခံစားရပါတယ်” လို့ အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုတွေကို ရည်ညွှန်းပြီး မခရစ္စတီးနားလင်းက ပြောပါတယ်။ (မီးတွေ ခဏခဏ ပျက်နေလို့) “အမှောင်ကျနေတယ်” ဆိုတာကိုတော့ သူက ဝန်ခံပါတယ်။

“ဒါပေမဲ့ တချိန်တည်းမှာပဲ” လို့ သူက ထပ်ပြောပါတယ်။ “လူတွေက ပုံမှန် အလုပ်သွားနေကြတယ်၊ ပုံမှန် ကျောင်းသွားနေကြတာပါပဲ။”

သူတို့ရဲ့ သာမန် နေ့စဉ်ဘဝ ပို့စ်လေးတွေကတောင် ပရိသတ်အများကြီးကို ဆွဲဆောင်နိုင်ပါတယ်။ ဒါကလည်း သူတို့ လိုချင်တဲ့အရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကိုသူရိန်ကျော်မိုး ကြက်ဥကြော်ပြီး ခေါက်ဆွဲပြုတ်နေတဲ့ အပျော်တမ်း ဗီဒီယိုလေးတခု ဆိုရင် ကြည့်ရှုသူ ၁ ဒသမ ၁ သန်းအထိ ရရှိခဲ့ပါတယ်။

အာဏာသိမ်းမှုနဲ့ ပြည်တွင်းစစ်က မြန်မာနိုင်ငံက ချမ်းသာသူတွေရဲ့ ရွေးချယ်မှုတွေကို ပိုပြီး ထင်ရှားလာစေပါတယ်။ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမှာဆိုရင် ကျောက်စိမ်းနဲ့ တခြားကျောက်မျက်ရတနာတွေ ဝယ်ဖို့လာတဲ့ တရုတ်ကုန်သည်တွေ အများအားဖြင့် မရှိကြတော့ပါဘူး။ တခါတရံမှာ စစ်အရာရှိတွေ ဒါမှမဟုတ် စစ်အာဏာရှင်အစိုးရနဲ့ ပူးပေါင်းသူလို့ ယူဆရသူတွေကို လက်လုပ်ဗုံးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရှိတတ်ပါတယ်။

ဒါပေမဲ့ ဆွိ လို့ ပိုသိကြတဲ့ သရုပ်ဆောင်၊ အဆိုတော်နဲ့ Influencer မမေနွယ်ထွန်း ကတော့ သူတို့မိသားစုရဲ့ ရွှေလုပ်ငန်းရှိတဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးဖို့ စိတ်ဝင်စားမှု မရှိဘူးလို့ ဆိုပါတယ်။ သူငယ်ချင်း အများအပြားကတော့ ပိုလုံခြုံတဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာသွားကြပြီဖြစ်ပေမဲ့ စည်ကားတဲ့ လက်ဖက်ရည်ဆိုင်တွေနဲ့ ရွှေရောင်ဝင်းနေတဲ့ ဘုရားစေတီတွေရှိတဲ့ ဒီနေရာကမှ သူ့ရဲ့ အိမ်ပါလို့ ဆိုပါတယ်။ “ကျမတို့ ပျော်ပျော်နေရမယ်လေ” လို့ မမေနွယ်ထွန်းက ပြောပါတယ်။ “ကျမတို့ ချစ်တဲ့ နိုင်ငံမှာ ဆက်နေချင်တယ်ဆိုရင် အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပဲ။”

မကြာသေးခင် ညတညက သူဟာ နိုင်ငံတကာကျောင်းတက်နေတဲ့ သူ့ရဲ့ ဆယ်ကျော်သက်သားအတွက် မွေးနေ့ပါတီတခု လုပ်ပေးခဲ့ပါတယ်။ အခုဆို အဲဒီကျောင်းမှာ နိုင်ငံတကာက ကျောင်းသားတွေ သိပ်မရှိတော့ပါဘူး။ ပါတီမှာ ဘတ်စကက်ဘော ပုံစံ ကိတ်မုန့်နဲ့ လိင်ပြောင်းထားသူ ဖျော်ဖြေရေးသမားတွေရဲ့ တီးဝိုင်းတခု ပါဝင်ပါတယ်။ သူတို့ အပေါ်ဘက် ပူပြင်းမှောင်မိုက်နေတဲ့ ကောင်းကင်ယံမှာတော့၊ အရပ်သားတွေ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံစားနေရတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဆီကို တိုက်လေယာဉ်တွေနဲ့ ဟိန်းဟိန်းညံ ပျံသန်းသွားကြပါတယ်။ မန္တလေးမြစ်ကမ်းဘေးမှာတော့ ဗုံးကြဲသံတွေဟာ ညအချိန်မှာ ပဲ့တင်ထပ်နေပါတယ်။

ရန်ကုန်က Pioneer Plus ကလပ်ကို ပြန်သွားရရင်တော့၊ ရက်ပ်ပါ ယုန်လေးရဲ့ ရည်းစားဖြစ်သူ အဆိုတော်မလေးက အရက်တွေကို တခွက်ပြီးတခွက် သောက်နေပါတယ်။ မြန်မာစစ်တပ်နဲ့ စစ်ဖြစ်နေတဲ့ ကြီးမားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ရှိတဲ့ တိုင်းရင်းသားလူမျိုးစု တခုကနေ ပေါက်ဖွားလာတဲ့သူကတော့ စစ်အာဏာရှင်အစိုးရနဲ့ နီးစပ်တဲ့ ဂီတသမားနဲ့ တွဲနေတဲ့အတွက် သစ္စာဖောက်အဖြစ် ပစ်မှတ်ထားခံရမှာကို ကြောက်တယ်လို့ ဆိုပါတယ်။ The New York Times ကို ပြောဆိုရာမှာ သူ့ရဲ့ နာမည်ကို မဖော်ပြဖို့ တောင်းဆိုခဲ့ပါတယ်။

“အပြင်ကလူတွေက စစ်တပ်က သတ်တယ် ဆိုတာလောက်ပဲ သိကြတယ်၊ သူတို့က တဖက်တည်းကိုပဲ သိတာပါ” လို့ သူက ပြောပါတယ်။ “ကျမက အနုပညာရှင်တယောက်ပဲ ဖြစ်ချင်တာပါ၊ စီးပွားရေးသမား ဒါမှမဟုတ် နိုင်ငံရေးသမား မဖြစ်ချင်ပါဘူး။”

အရက်မူးမူး ဒယိမ်းဒယိုင်နဲ့ သူ မတ်တတ်ရပ်လိုက်ပါတယ်။ သူငယ်ချင်းတွေက သူ့ကို တွဲထားပေးရပါတယ်။ လက်သည်းဆိုးထားတဲ့ လက်တဖက်ကို ကမ်းပေးရင်း သူ မျက်ရည်ကျထားလို့ မျက်တောင်ကော့ဆေးတွေ ပျက်နေတဲ့ကြားကနေ “ကကြရအောင်” လို့ သူက ပြောပါတယ်။ 

“အရာအားလုံးကို မေ့ပစ်လိုက်ကြရအောင်။”

ဟန်နာဘိချ် 

Ref: The New York Times 

(နယူးယောက်ခ်တိုင်းမ်သတင်းစာတွင် ဘန်ကောက်အခြေစိုက် သတင်းထောက် ဟန်နာဘိချ်  ရေးသားထားသည့် “This Country Is Ravaged by War, but Its Rich Feel ‘Positive Vibes Only” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။ ဆောင်းပါးရှင် Hannah Beech နှင့် ဓာတ်ပုံဆရာ Daniel Berehulak တို့သည် မြန်မာနိုင်ငံသို့ ၃ ပတ်ကြာ သွားရောက်ခဲ့ပြီး မြို့ကြီးများနှင့် ရွာငယ်များသို့ လှည့်လည်သွားရောက်ခဲ့ကာ သတင်းဆောင်းပါးများ ရေးသားခဲ့ခြင်း ဖြစ်သည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013