
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နဲ့ ကသာခရိုင်ထဲကို စစ်တပ်ယာဉ်တန်း ၃၀၀ ကျော် ဝင်လာပြီးနောက် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ စစ်အာဏာရှင်ဘက်က ပြင်ဆင်လာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က သိရပါတယ်။
ထီးချိုင့်မြို့နယ်ထဲကို ပြီးခဲ့တဲ့ မေ ၉ ရက်က စစ်ယာဉ်တန်းတွေအပြင် အိမ်စီးကား၊ Express ကားတွေ ပါဝင်တဲ့ ယာဉ်အစီးရေ ၃၀၀ကျော် ဝင်ရောက်လာခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီစစ်ယာဉ်တန်းတွေဟာ စစ်ရေးလှုပ်ရှားဖို့အပြင် စစ်အာဏာရှင်တပ်တွေ ဝင်ရောက်နေရာယူထားပြီ ဖြစ်တဲ့ ထီးချိုင့်မြို့နယ်နဲ့ ကသာခရိုင်တို့မှာ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်နိုင်ဖို့အတွက် ဌာနဆိုင်ရာ NON CDM ဝန်ထမ်းတွေလည်း ပါဝင်တာကို တွေ့ရတယ်လို့ အင်းတော်ဒေသခံတယောက်က ပြောပါတယ်။
“အခုယာဉ်တန်းမှာက NON CDM တွေလည်း ပါလာတယ်ဆိုပြီး သိရတယ်။ NON CDM နဲ့ စစ်တပ်ကလည်း မြို့ထဲဝင်နေကြပြီ။ ဝင်ပြီးတော့ သူတို့ အုပ်ချုပ်ရေးတွေ ပြန်လည်ဖော်ဆောင်မယ် ဆိုပြီး သိရတယ်။ ပြန်ပြီးကြားရတာက ကျောင်းတွေဘာတွေ လာမဲ့ရာသီမှာ ပြန်ဖွင့်ဖို့လုပ်နေတယ် ဆိုပြီး ကြားသိရတယ်။ လူတွေကျတော့ အင်းတော်၊ မော်လူးကော အများစုက ရှောင်နေသေးတယ်။ အဲဒီမြို့ခံတွေက အားလုံးတော့ ပြန်မလာကြသေးဘူး။ သူတို့က အခုလို အုပ်ချုပ်ရေးယန္တရားတွေ ပြန်ပြီးလည်ပတ်ဖို့ ကြိုးစားနေတာပေါ့။ ဒီမှာ ကျောင်းဖွင့်ဖို့ ဆိုပြီး အခုကတည်းက ပြင်နေတယ်ဆိုပြီး သိရတယ်။ ဒီလိုအခြေအနေမှာကလည်း ကျောင်းတွေဘာတွေ ဖွင့်တယ် ဆိုတာကတော့ အကြောင်းပြချက်နဲ့တော့ မပြောတတ်ဘူး။ နယ်မြေကလည်း သူတို့ ထိုင်လိုက်တယ် ဆိုပေမဲ့ ငြိမ်းချမ်းတဲ့ အခြေအနေ မဟုတ်သေးဘူး။ နှစ်ဖက် စစ်ရေးတွေကလည်း ဖြစ်နေသေးတဲ့အချိန် တင်းမာနေတဲ့အချိန် တိုက်ပွဲတွေလည်း ဖြစ်လာနိုင်သေးတဲ့ အခြေအနေဆိုတော့ စောင့်ကြည့်ရမှာပေါ့။”
ဝင်ရောက်လာတဲ့ ယာဉ်တန်းတွေထဲမှာ စစ်ယာဉ်တန်းတွေသာမက တာဝန်ပြန်လည်ထမ်းဆောင်မဲ့ အခြေခံပညာသင်ကျောင်းဆရာ ဆရာမတွေ၊ ဘဏ်ဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေလည်း အိမ်စီးကားတွေနဲ့ ပါလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
မေ ၉ ရက် မနက်ပိုင်းက မန္တလေးကနေ စထွက်လာတဲ့ စစ်ယာဉ်တန်း ၄၁၉ စီးထဲက အစီး ၃၀၀ နီးပါး ကချင်ပြည်နယ်ကို ရောက်ရှိသွားပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက သိရပါတယ်။
Non-CDM ဝန်ထမ်းတွေလည်း လိုက်ပါတဲ့ စစ်ယာဉ်တန်းတွေကို မေ ၉ ရက် ညပိုင်းမှာပဲ ထီးချိုင့်မြို့ကို ရောက်ရှိခဲ့ပြီး ထီးချိုင့်မြို့ကနေ မေ ၁၀ ရက် မနက်ပိုင်းမှာ ကသာမြို့ဘက်ကို ဆက်လက်ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ယာဉ်တန်းဟာ ကသာမြို့ကနေ မေ ၁၁ ရက်မှာ အင်းတော်မြို့ဘက်ကို ဆက်လက်ဦးတည် ထွက်ခွာခဲ့ပြီး ညနေ ၃ နာရီကျော်လောက်မှာတော့ အင်းတော်မြို့နဲ့ မော်လူးမြို့ကို ရောက်ရှိခဲ့ကာ အာဏာသိမ်းတပ်လက်အောက်ခံ ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းတွေကို ချထားခဲ့ပြီးနောက် ကချင်ပြည်နယ်ဘက်ကို ဆက်လက်မောင်းနှင်သွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ဒီစစ်တပ်ယာဉ်တန်းက ထီးချိုင့်-ကသာဘက်ကနေ ၁၀ ရက်နေ့လောက်က တက်လာတာ။ ၁၀ ရက်နေ့က ကသာကို ရောက်တယ်။ မနေ့က (၁၁ ရက်နေ့) ကကျတော့ အင်းတော်-မော်လူး အဲဒီဘက်ကနေ ဖြတ်သွားတာ ဟုတ်တယ်။ ကားအစီးရေ ၃၀၀ ကျော်လောက်ရှိမယ်။ ကားကတော့ အစုံပဲ။ သံချပ်ကာတွေရော အမြောက်တင်တဲ့ ယာဉ်တွေရော ပြီးတော့ နောက်တခုက ဆီတင်တဲ့ကားတွေလို့ ပြောတာပဲ။ အဲဒီလိုကားတွေ အများကြီးကတော့ မနေ့ညနေ မော်လူး ကျော်သွားပြီ။ ကချင်ပြည်နယ်ထဲ ဝင်သွားပြီ။ ဒီနေ့ (၁၂ ရက်နေ့) ကျတော့ တချို့က မြစ်ကြီးနားကို ဝင်ပြီး တချို့ကျ ဖားကန့်ဘက်ကို သွားတယ်ဆိုပြီး သတင်းတွေတော့ ကြားနေရတယ်။ ဒီရက်ပိုင်း မြေပြင်တိုက်ပွဲကတော့ ၁၀ ရက်နေ့က ထီးချိုင့်ဘက်ကနေ ကသာဘက်ကို ဝင်လာတဲ့လမ်းမှာ နှစ်ဖက်ထိတွေ့ မြေပြင်တိုက်ပွဲတွေ ဖြစ်တယ်။ အင်းတော် ဒီဘက်ခြမ်းမှာတော့ မြေပြင်တိုက်ပွဲ ဒီရက်ပိုင်းမှာ မရှိဘူး။”
KIA နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်က ဧပြီ ၃၀ ရက်မှာ သိမ်းပိုက်ခဲ့တာပါ။
လက်ရှိအချိန်မှာ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ အင်းတော်မြို့မှာ မြေပြင် စစ်ရေးတင်းမာနေပြီး ကျေးရွာပေါင်း ၂၀ လောက်က ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြဆဲ ဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်အနှံ့ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဖားကန့်ဒေသ စစ်မျက်နှာမှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။










