ဒီနေ့မနက်မှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရှုံးထွက်ပွဲစဉ်မှာ အာဆင်နယ်တိုက်စစ်မှူး ယိုခရက်စ်က ဟတ်ထရစ် ၃ ဂိုး သွင်းယူပြီး ဆွီဒင်အသင်းဟာ ယူကရိန်းကို (၃-၁) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒါကြောင့် ဆွီဒင်ဟာ ပိုလန်နဲ့ ကစားရမဲ့ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် အဆုံးအဖြတ်ပေးမဲ့ပွဲကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီရာသီ အာဆင်နယ်အတွက် ၁၆ ဂိုးအထိ သွင်းထားတဲ့ ယိုခရက်စ်ဟာ ပွဲစစချင်း ၆ မိနစ်မှာတင် ဦးဆောင်ဂိုး သွင်းခဲ့တာပါ။
အဲဒီနောက် ၅၁ မိနစ်နဲ့ ၇၁ မိနစ်တွေမှာလည်း ဂိုးတွေ ဆက်တိုက်သွင်းပြီး ဆွီဒင်အတွက် နိုင်ပွဲကို အပိုင်ယူပေးခဲ့တာပါ။
ယူကရိန်းကတော့ ပွဲပြီးခါနီးမှ ချေပဂိုးတဂိုး ပြန်ရခဲ့တာမို့ အရှုံးနဲ့ပဲ ရင်ဆိုင်လိုက်ရပါတယ်။
တဖက်မှာလည်း ပိုလန်က အယ်လ်ဘေးနီးယားကို (၂-၁) ဂိုး နဲ့ အနိုင်ရထားတာမို့ လာမဲ့ မတ် ၃၁ ရက်မှာ ဆွီဒင်နဲ့ ပိုလန်တို့ အကြိတ်အနယ် ကစားကြရမှာပါ။
အဲဒီပွဲနိုင်တဲ့အသင်းကတော့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင်းပမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ တိုက်ရိုက် ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်။








