
အချစ်စစ်ကို အပြင်လောကမှာ ရှာမတွေ့တော့တဲ့ တောင်ကိုရီးယားက လူပျို၊ အပျိုတွေအတွက် ရှေးဟောင်းဘုန်းကြီးကျောင်းကြီးမှာ ဇူလိုင် ၁၁ ရက်က သူစိမ်းတွေကြားမှာ ဖူးစာဖက်ရှာတဲ့ (Blind-Date) အစီအစဉ်တခု ကျင်းပခဲ့ပါတယ်။
ယန်ယန်းခရိုင်က နက်ဆန်ဆာ ဘုန်းကြီးကျောင်းမှာလုပ်တဲ့ ဒီပွဲမှာ အသက် ၂၀ နဲ့ ၃၀ အရွယ် လူငယ် အယောက် ၂၀ ပါဝင်ခဲ့ကြပါတယ်။
နိုင်ငံမှာ ကလေးမွေးဖွားနှုန်း စံချိန်တင် ကျဆင်းနေတာကို ဖြေရှင်းဖို့အတွက် ကိုရီးယား ဗုဒ္ဓဘာသာ လူမှုစောင့်ရှောက်ရေး ဖောင်ဒေးရှင်းက ၂၀၂၃ ခုနှစ်ကတည်းက အခုလို ဖူးစာရှာပေးခဲ့တာ ဖြစ်ပါတယ်။
ဒီအယောက် ၂၀ စာ နေရာအတွက်ကို လျှောက်ထားသူ ၄,၂၂၅ ယောက်အထိ ရှိခဲ့ပါတယ်။
ပါဝင်သူတွေဟာ မျက်စိပိတ်ပြီး လမ်းလျှောက်တာ၊ ကမ်းခြေမှာ ယောဂအတူတူကျင့်တာနဲ့ လက်ဖက်ရည်သောက် စကားပြောတာတွေကို ဘုန်းကြီးကျောင်းဝတ်စုံတွေနဲ့ ပြုလုပ်ခဲ့ကြပါတယ်။
ဘုန်းကြီးကျောင်းမှာ လုပ်တာဖြစ်လို့ ပိုပြီး ယဉ်ကျေးသိမ်မွေ့တဲ့ အမျိုးသားတွေ လာမယ်လို့ မျှော်လင့်ကြောင်း ပါဝင်ခဲ့တဲ့ ချွဲယေရီက ပြောပါတယ်။
ပါဝင်သူနောက်တယောက်ဖြစ်တဲ့ ကင်ဒိုယွန်း ကလည်း ဘုန်းကြီးကျောင်းမှာ အခုလို လူသစ်တွေနဲ့ ရင်းနှီးခွင့်ရတာဟာ ဆန်းသစ်တဲ့ အတွေ့အကြုံ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီအစီအစဉ်ကနေတဆင့် နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းပြဿနာကို လူငယ်တွေ ပိုပြီး သတိပြု ဆင်ခြင်မိလာဖို့ မျှော်လင့်တယ်လို့ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆရာတော် ဒိုရွန်က မိန့်ကြားပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းဟာ နည်းနည်း ပြန်တက်လာပေမဲ့ ၂၀၇၂ ခုနှစ်မှာ နိုင်ငံလူဦးရေ ၅၁ ဒသမ ၈ သန်းကနေ ၃၆ ဒသမ ၂ သန်းအထိ သုံးပုံတပုံလောက် လျော့ကျသွားမယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။
ဒီပွဲ ပြီးဆုံးသွားတဲ့ ဇူလိုင် ၁၂ ရက်နေ့မှာတော့ စုံတွဲ ၅ တွဲအထိ ထွက်ပေါ်လာခဲ့တယ်လို့ စီစဉ်တဲ့ အဖွဲ့က ထုတ်ပြန်ထားပါတယ်။










