DVB Logo
Home
မြန်မာသတင်း
အလုပ်ရှင်ခွင့်စာနှင့် သံရုံးထောက်ခံစာလိုအပ်မှုကြောင့် ခွင့်ပြန်လုပ်သားများ အခက်ကြုံ
ဝေဝေ
·
May 1, 2026
Photo: DVB
Photo: DVB
Donate to DVB

မေလ ၁ ရက်ကစလို့ မြန်မာနိုင်ငံကို ခွင့်ပြန်မဲ့သူတွေအနေနဲ့ အလုပ်ရှင်ရဲ့ ခွင့်စာနဲ့ သံရုံးထောက်ခံစာ လိုအပ်မယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်ကြောင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေကြား ဝေဖန်မှုတွေရှိနေပြီး ခွင့်ပြန်ဖို့အတွက်လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတယောက်က “ပထမတချက်က သူဌေးခွင့်စာနဲ့အတူ သံရုံးမှာ ခွင့်ပြုချက်ယူရမယ် ဆိုတာက ဘယ်နိုင်ငံ ဘယ်ကမ္ဘာမှာ ရှိခဲ့ဖူးလို့လဲလို့ မြန်မာပြည်သံရုံးကိုလည်း မေးချင်တယ်။ အလုပ်သမားဝန်ကြီးဌာနကိုလည်း မေးချင်တယ်။ OWIC ကတ်ကရော အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေအပေါ် ဘယ်လောက်ထိအောင်များ အကျိုးကျေးဇူးပြုခဲ့လို့လဲ။ အဆင်မပြေတဲ့လူ ရှိခဲ့လို့ရှိရင်ရော ကတ်ထုတ်ပေးတဲ့ အလုပ်သမားဝန်ကြီးဌာနက ဘာများ အထောက်အကူပြုပြီး ဘာတွေများ တာဝန်ခံမှု တာဝန်ယူမှု ရှိလို့လဲ။ လေဆိပ်မှာရှိတဲ့ လေဆိပ်က ဝန်ထမ်းတွေ၊ လဝကတွေ၊ ရဲတွေ တနေ့တနေ့ကို သိန်းထောင်ချီ ရနေတာကို မကြည့်ရက်လို့များ မနာလိုလို့များ သံရုံးတွေကများ အခုလို ဝေစားမျှစား ခွဲစားလာလုပ်ဖို့အတွက် အခုလိုလုပ်တာလို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။

မေလ ၁ ရက်နေ့ကစလို့ မြန်မာနိုင်ငံကို ခွင့်နဲ့ အလည်အပတ်ပြန်လာမဲ့ မြန်မာနိုင်ငံသားတွေအပေါ် အလုပ်ရှင်ရဲ့ ခွင့်ပြုစာနဲ့ သံရုံးထောက်ခံစာ လိုအပ်မယ်ဆိုတဲ့ စစ်အာဏာရှင် အလုပ်သမား ဝန်ကြီးဌာနရဲ့ ဧပြီ ၂၈ ရက် ထုတ်ပြန်ချက်ကြောင့် ပြည်ပရောက် မြန်မာအလုပ်သမားတွေမှာ ဝေဖန်မှုတွေ ပြင်းထန်နေတာပါ။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတယောက်က “တော်တော်များများကကျတော့ မြန်မာနိုင်ငံကလာတယ်၊ ဒီမှာ အလုပ်အကိုင် အဆင်မပြေဘူး၊ မပြေတော့ ဥပမာ နယ်မှာ မနေချင်ဘူး၊ မြို့ပြတွေကို ပြောင်းချင်တယ်ဆိုရင် အလုပ်ကို ချက်ချင်း ပြောင်းပစ်လိုက်တာတွေ ရှိတယ်လေ။  အခက်အခဲတွေက အမျိုးမျိုးပေါ့။ အလုပ်ရှင်ကိုလည်း ခွင့်စာ တောင်းရဦးမယ်၊ အလုပ်အဝင်အထွက်က OWIC က ပြရသေးတယ်၊ ကုမ္ပဏီမတူလို့ရှိရင် OWIC အသစ်လုပ်ရဦးမယ်၊ ပြန်ထွက်ဖို့အတွက်က နေပြည်တော်ကို ပြန်စာတင်။ တော်တော် ရှုပ်ယှက်ခတ်နေတာပါပဲ” လို့ ပြောပါတယ်။

စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတယောက်ကလည်း “ဒီ သံရုံးခွင့်စာက ခွင့်ပြုချက်ပေးရုံ ဆိုတဲ့အပြင်မှာ သူတို့က ဒီ ဝင်ငွေခွန်လိုချင်လို့လို့ မြင်တယ်။ ဝင်ငွေခွန်ကို ပတ်စ်ပို့ သက်တမ်းတိုး လုပ်တော့မှ လူတိုင်းနီးပါးက အခွန်ဆောင်ကြတာလေ။ အခုဟာကျတော့ ဒီ ဝင်ငွေခွန် မဆောင်ထားသေးဘူး ဆိုရင် သူတို့က ခွင့်ပြုချက်မပေးဘူး၊ ပြန်ခွင့်မပေးဘူးဆိုတဲ့ အချက်က များသောအားဖြင့် ဖြစ်နိုင်တယ်ပေါ့နော်။ ကျနော်ဆို အရင်တုန်းကဆိုရင် တနှစ်ကို သုံးခေါက်၊ လေးခေါက်လောက် ပြန်လို့ရတယ်။ အခုဆိုလို့ရှိရင် တင်းကျပ်လာတဲ့ ဒီစည်းမျဥ်းတွေပေါ့နော်။ အဲ့အပေါ်မှာ အဆင်မပြေတာတွေက များလာတော့ ပြန်ဖို့က မိသားစုနဲ့ ဝေးရင်းဝေးရင်းနဲ့ ပြည်တွင်းမှာလည်း အဆင်မပြေ၊ ပြည်ပမှာလည်း အဆင်မပြေတော့ ပြည်ပရောက် အလုပ်သမားတွေအတွက်က အဆင်ပြေမဲ့ နည်းလမ်းဆိုတာထက် အဆင်မပြေတဲ့ လမ်းစဥ်ကိုပဲ စည်းကမ်းတွေ ပိုပိုရောက်လာတယ်လို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။

ထုတ်ပြန်ကြေညာချက်ထဲမှာတော့ ခွင့်ပြန်အလုပ်သမားအသွင်ဆောင်ပြီး သတ်မှတ်လမ်းကြောင်းကို အလွဲသုံးစားလုပ်နေတာတွေ ရှိတာကြောင့် စိစစ်တဲ့အနေနဲ့ လုပ်ဆောင်ရတာလို့ ဖော်ပြထားပါတယ်။

အမှန်တကယ်မှာတော့ ပြည်ပနိုင်ငံတွေက စစ်အာဏာရှင်သံရုံးတွေ အနေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ကူညီထောက်ပံ့ပေးဖို့ ဆိုတာထက် စောင့်ကြည့်ဖို့နဲ့ အခွန်စည်းကြပ်ဖို့အတွက်သာ ဖြစ်ပါတယ်။

NUG ကိုရီးယားနိုင်ငံကိုယ်စားလှယ်ရုံး တာဝန်ခံ ဦးဝင်းပေါ်မောင်က “ဒါ ပြည်ပမှာ ရောက်ရှိနေတဲ့ အလုပ်လာရောက် လုပ်ကိုင်နေသူတွေကို ဒါ အတွင်းကရော အပြင်ကရောပေါ့၊ နှစ်ဖက်ညှပ်ပြီးတော့ ဒီလိုစောင့်ကြပ်ပြီးတော့ တင်းကျပ်တဲ့သဘောပါပဲ။ အဲဒီလိုမျိုးလုပ်ဖို့လည်း အစောကတည်းက သူတို့ ပြင်ဆင်လာခဲ့ကြတာ။ အခု ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်တာပေါ့။ ဆိုတော့ နိုင်ငံသားတွေရဲ့ အကျိုးကို ဆောင်ရွက်တာမဟုတ်ဘဲ နိုင်ငံသားတွေအပေါ်က နေပြီးတော့  ဇိကုပ်ပြီးတော့ ညစ်ပတ်ပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုတွေကို သူတို့ ထိန်းချုပ်ဖို့အတွက် ညစ်ပတ်တဲ့ လုပ်နည်းလုပ်ဟန်တွေပဲလို့ ဒီလိုပဲ ကျနော်တို့က မှတ်ချက်ပြုပါတယ်။ ဒီစစ်တပ် ရှိနေသမျှ ကာလပတ်လုံးကတော့ ဒီလိုပုံစံတွေပဲ လုပ်မှာပဲ။ ဒီထက်ထိ ပိုပြီးတော့ တင်းကျပ်တာတွေပဲ သူတို့လုပ်မှာပဲ။ အဲတော့ ဒါတွေကို ဒီ အကုန်လုံးကနေပြီးတော့ ဝိုင်ဝန်းဆန့်ကျင်ဖို့ လိုပါတယ်” လို့ ပြောပါတယ်။

အလုပ်ရှင်ဆီက ခွင့်စာနဲ့အတူ နိုင်ငံတွင်း သံရုံးတွေဆီမှာ လျှောက်လွှာကို ကျသင့်ငွေပေးပြီး ထောက်ခံစာ ဝယ်ယူရမှာ ဖြစ်ပါတယ်။

သံရုံးထောက်ခံကိုတော့ အခွန်ကင်းရှင်းကြောင်းနဲ့ တခြားအချက်အလက်တွေ ပြည့်စုံမှ ရရှိမှာဖြစ်သလို ပြည်တွင်းဝင်တဲ့အခါမှာလည်း ပြည်ပထွက်တုန်းက အလုပ်ရှင်နဲ့ အခုဝင်လာတဲ့ အလုပ်ရှင်နဲ့ မတူရင် ပြည်တွင်းမှာ OWIC ကတ်အသစ် ထပ်ပြီးလျှောက်ထားပြီးမှ ပြန်ထွက်ခွင့်ရမယ်လို့ ဖော်ပြထားတာပါ။

တကယ်လို့ ခွင့်စာနဲ့ပတ်သက်လို့ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို လိမ်လည်ပြီး တင်ပြလာခဲ့မယ်ဆိုရင် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံရတာနဲ့ နာမည်ပျက် blacklist စာရင်းလည်း သွင်းမှာဖြစ်ကြောင်း ခြိမ်းခြောက် ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013