DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ပေါက်တောတွင် ရေတပ် ပစ်ခတ်မှုကြောင့် ငါးဖမ်းသမား ၄ ဦး သေဆုံး
DVB
·
October 28, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်၊ ဝီရဌာနီ(ပေါက်တော)မြို့နယ်က ငါးဖမ်းထွက်တဲ့ ငါးဖမ်းသမား ၄ ယောက်ကို စစ်သင်္ဘောက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားသူတွေကတော့ ဝီရဌာနီ(ပေါက်တော)မြို့နယ် အနောက်ရဲ IDP စခန်းက အသက် ၄၈ နှစ်အရွယ် ဘော်ဒီယာ၊ အသက် ၃၀ အရွယ် မာမောက်ဆော်လိမ်၊ အသက် ၄၀ အရွယ် မာမောက်အီနူစ်နဲ့ အသက် ၁၆ နှစ်အရွယ် ဟာလာယာတို့ ဖြစ်ပါတယ်။

အဲဒီငါးဖမ်းသမား ၄ ယောက်ဟာ အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီလောက်မှာ အနောက်ရဲ IDP စခန်းကနေ စက်လှေတစင်းနဲ့ ပင်လယ်ပြင်ဘက်ကို ငါးဖမ်းဖို့ ထွက်လာခဲ့ကြပြီး ညနေ ၄ နာရီလောက်မှာတော့ စစ်အာဏာရှင်ရေတပ်ရဲ့ Speed Boat တစီးက ငါးဖမ်းစက်လှေကို သေနတ်နဲ့ လှမ်းပစ်ခဲ့တယ်လို့ ဝီရဌာနီမြို့နယ်က အမျိုးသားတယောက်က ပြောပါတယ်။

“ကျ‌နော်တို့ ဝီရဌာနီကလူတွေက ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြရတာ။ မွတ်စလင်၊ ရခိုင် တန်းတူ ငါးဖမ်းကြတယ်။ ရခိုင်ရွာနဲ့ မွတ်စလင်ရွာတွေကလည်း တရွာနဲ့တရွာ နီးနီးလေး။ သီတင်းကျွတ်လမပြည့်ခင် တရက်အလိုက ငါးဖမ်းသွားတဲ့ အနောက်ရဲ မွတ်စလင် IDP စခန်းက ၄ ယောက် အသတ်ခံလိုက်ရတယ်။ စစ်ကောင်စီစပိဘုတ်က သေနတ်နဲ့လှမ်းပစ်လို့ သေတာပါ။”

စစ်တွေ၊ ဝီရဌာနီ၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စတဲ့ ပင်လယ်ပြင်မှာ စစ်အာဏာရှင်ရေတပ်သင်္ဘာတွေ ကျောက်ချရပ်နားထားသလို အမြန်ရေယာဉ်တွေနဲ့ အရင်ကတည်းက ကင်းလှည့်နေခဲ့ပြီး ဒေသခံငါးဖမ်းသမားတွေ မကြာခဏ ဖမ်းဆီးခံရတယ်လို့ စစ်တွေဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ကုလားတန်မြစ် စစ်တွေမြစ်ကြောမှာက Navy တွေက အရင်ကတည်းက အမြဲတမ်းရှိတယ်။ စပိဘုတ်နဲ့ ကင်းလှည့်တယ်။ AA ရှိတဲ့နေရာတွေကို ကင်းထောက်တယ်။ ပြီးတော့ ဒေသခံ ငါးဖမ်းသမားတွေကိုလည်း မကြာမကြာ ဖမ်းဆီးတယ်။ ဖမ်းလို့မရရင် သေနတ်နဲ့ပစ်တာ တိုက်ပွဲစဖြစ်ကတည်းကပါ။”

အခုသေဆုံးခဲ့ရတဲ့ ငါးဖမ်းသမားရဲ့ စက်လှေတွေကို စစ်အာဏာရှင်တပ်က သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေ‌၊ ရွှေမင်းဂံ ရေတပ်စခန်းနဲ့ တဖက်ကမ်း ဝီရဌာနီ၊ ငပြီကျွန်းပေါ်မှာလည်း တိုက်ပွဲတွေ ဆက်လက်ရှိနေသေးပြီး ဒေသခံတွေဟာ လေကြောင်းတိုက်ခိုက်ခံရမှုသာမက ‌ရေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခံနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013