
မြန်မာနိုင်ငံသည် အာဏာရှင် အဆက်ဆက်၏ အကြောက်တရားနည်းဖြင့် မှိုင်းတိုက်ခံခဲ့ရသည်။ အကြောက်တရားဖြင့် မွေးဖွားပြီး အကြောက်တရားဖြင့်သာ သေဆုံးခဲ့ကြရသည်။ တနည်းအားဖြင့် လူ့ဖြစ်စဉ်တွင် ကြောက်စိတ်ကို ရိုက်ထည့်ခံရခြင်း ဖြစ်သည်။
အာဏာရှင်အစဉ်အဆက် ကြောက်စိတ်ကို ရိုက်ထည့်လာခြင်း
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ မြန်မာနိုင်ငံတွင် ပထမဆုံး အာဏာသိမ်းခဲ့သည့် အာဏာရှင်ခေါင်းဆောင်ဟောင်း ဦးနေဝင်းသည် မြန်မာနိုင်ငံကို အကြောက်တရား စတင်အကောင်အထည်ဖော်လာခဲ့သည်ဟု မြန်မာစစ်အာဏာရှင်စနစ် နောက်ခံသမိုင်းများအရ သိရသည်။
"နိုင်ငံတော် အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းရန် တပ်မတော်မှ အထူးတာဝန်ယူလိုက်သည်" ဟု ဆိုကာ ဦးနေဝင်းသည် တိုင်းပြည်ကို ၁၉၇၄ ခုနှစ်အထိ အာဏာရှင်စနစ်ဖြင့် ၁၂ နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့သည်။
မြန်မာမင်းများ လက်ထက်ကပင် ရှိခဲ့သော (အရေးပေါ် အခြေအနေတရပ်ရပ်ကြောင့်) "နေဝင် မီးငြိမ်း" အမိန့်၊ ညဘက် သတ်မှတ်ချိန်အတွင်း လမ်းပေါ်မထွက်ရန် တားမြစ်သော အမိန့် (ညမထွက်ရ အမိန့်) သည် ဦးနေဝင်းလက်ထက်တွင် ည ၆ နာရီကျော်လျှင် ပြည်သူများ အိမ်အပြင်မထွက်ရဲကြသလို တအိမ်လုံး အမှောင်ပိတ်ဖြစ်အောင် "နေဝင် မီးငြိမ်း" အမိန့် သက်ဝင်ခဲ့သည်။ အထူးသဖြင့် တိုင်းရင်းသားဒေသများနှင့် ကျေးလက်တောရွာများတွင် ပို၍ အမိန့်ဩဇာညောင်းခဲ့သည်။
တစထက်တစ အကြောက်တရား ရိုက်သွင်းခံနေရခြင်းကို ပြည်သူများမှ မသိ။ သေနတ်ကိုင် စစ်သားများကို မြင်တိုင်း ကြောက်လာကြသည်။ အမျိုးသမီးထု အများဆုံးက ကြောက်စိတ်ကို ကြိတ်မှိတ်ခံစားခဲ့ကြရသည်။ ဒီအထဲတွင် ကိုယ်ဝန်ဆောင် မိခင်များလည်း ပါဝင်သည်။ သူတို့သည် အကြောက်တရားဖြင့် သန္ဓေတည်ခဲ့ကြရသည်။
ကလေး မွေးဖွားပြီးနောက် လူမမည်အရွယ်တွင်လည်း အငိုလွယ်သည့် ကလေးကို အငိုတိတ်အောင် "မငိုနဲ့ တိတ်စမ်း၊ စစ်သားတွေ လာဖမ်းသွားမယ်" အဲဒီစကားလုံးက ရပ်ထဲ၊ ရွာထဲတွင် ကလေးတိုင်း ကြားနေကျဖြစ်ကာ "စစ်သား" ဟု ကြားလိုက်ရင်ကိုပင် ကြောက်စိတ်အလိုလို ဝင်လာတော့သည်။
ဤစကားလုံး (စစ်သား) က ကလေးကို စွဲရစ်ကျန်ခဲ့ကာ ကြီးပြင်းသည့်တိုင် ပါလာခဲ့သည်။ လူကို ကြောက်ချင်မှ ကြောက်မည်။ (စစ်သား) နှင့် (သေနတ်) တွဲမြင်၍ ကြောက်ရမည် ဖြစ်လာသည်။ သေနတ်ကို မကြောက်၍ မရ။ တနည်းအားဖြင့် မွေးကတည်းမှ မသိကြောက်စိတ်ကို ရိုက်ထည့်ခံရခြင်းသာ ဖြစ်သည်။
"အဖွားတို့ ငယ်ငယ်ကဆို အရမ်းကြောက်ရတာ။ ခေတ်ကာလက မကောင်းဘူး။ စစ်သားတွေ မြင်ရင်လည်း ကြောက်ရ၊ ညဘက်ကျပြန်တော့လည်း ဓားပြတွေကို ကြောက်ရနဲ့ ကောင်းကောင်းကို မအိပ်ရပါဘူး။ ခုလည်း ဘာထူးလဲ။ ဘယ်တော့ ရွာပြန်နိုင်မလဲ မသိပါဘူး။ ဒီမှာပဲ သေရမလားပဲ။"
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ဖွား အသက် ၈၀ ကျော်ဝန်းကျင်ရှိနေပြီး ဦးနေဝင်းအလွန် အာဏာရှင်အဆက်ဆက်ကို မီခဲ့သူ အဘွားအိုတဦးနှင့် တွေ့ဆုံစဉ်က သူ မှတ်မိသလောက် ပြန်ပြောပြသည်။
ဒေါ်လှလှဖြူ အမည်ရှိ အဆိုပါ အဘွားအိုသည် အရှိုချင်းလူမျိုးဖြစ်ကာ လက်ရှိတွင် တောင်ကုတ်မြို့နှင့် ၁၅ မိုင်ခန့်ဝေးသည့် ချင်းရွာတရွာတွင် သက်ရှိနေထိုင်နေပြီး စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) နှစ်ဖက် တိုက်ပွဲများကြောင့် ရခိုင်ရိုးမပေါ်ရှိ တောတောင်များပေါ် စစ်ဘေးရှောင်နေရသည်။ အဘွားအိုသည် ဦးနေဝင်း၊ ဦးသန်းရွှေ၊ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် စသည့် အာဏာရှင် ၃ ဆက်ကို ဆက်တိုက်ကြုံလာခဲ့သူဟု ပြောရမည်။
တောင်ပေါ် မြေပြန့် အကြောက်တရားဖြင့် ဆယ်စုနှစ်များ
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာစစ်တပ်ကြား ပြည်တွင်းစစ် နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်ရာ ပြည်သူများ စစ်ဒဏ်ကို အလူးအလဲခံနေရသည်။ ယနေ့တိုင် ခံနေရဆဲလည်း ဖြစ်သည်။ တိုင်းရင်းသားဒေသများတွင် ပို၍ခံရသည်။ ဘယ်အချိန် သေနတ်သံ၊ ယမ်းသံပေါက်မလဲဆိုသည့် ကြောက်စိတ်ဖြင့် နေကြရသည်။
၁၉၈၈ နောက်ပိုင်း တိုင်းရင်းသားဒေသများဖြစ်သည့် ကရင်နှင့် ရှမ်းမြောက်ဒေသများတွင် မြန်မာစစ်တပ်မှ ကျူးကျော် တိုက်ခိုက်သည့် ပြည်တွင်းစစ်သည် ယနေ့အချိန်ထိ မချုပ်ငြိမ်းနိုင်သေးပေ။ စစ်ပွဲ၏ အကျိုးဆက်သည် ပြည်သူများ အသက်အိုးအိမ် ပျက်သုဉ်းခဲ့ရသည်။ နေရပ်စွန့်ခွာခဲ့ကြရသည်။ တချို့နေရာတွင် ရွာလုံးကျွတ် ပျောက်ဆုံးခဲ့ပြီး ရွာပုန်းရွာရှောင်အဖြစ် ရောက်ရှိသွားကြသည်။
ထိုကာလများအတွင်း မြန်မာစစ်တပ်၏ “ကျူပင်ခုတ် ကျူငုပ်မကျန်” ဆိုသည့် ဆောင်ပုဒ်အတိုင်း စစ်ကြောင်းထိုးရာ ရွာတိုင်းကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပြီး ပုခက်ပေါ်က လူမမည်ကလေးကိုပင် သုတ်သင်ရှင်းလင်းခဲ့ကြသည်။
“အဲဒီတုန်းက သူတို့ တွေ့တဲ့လူတိုင်း သတ်သွားတာ၊ ကလေး လူကြီး ခွေးတောင်ပါ ပစ်သတ်သွားတာ၊ သူတို့မှာက သေနတ်ရှိတာကိုး။ ကျနော်တို့က ဘာမှ မရှိတာ၊ ကြောက်ကြောက်နဲ့ လွတ်အောင်ကိုပဲ မနည်းပြေးရတာ၊ စိတ်မှာတော့ ပြန်ချချင်တာပေါ့ဗျာဟု ထိုင်း-မြန်မာနယ်စပ်တလျှောက် ဖာပွန်ခရိုင်အတွင်းရှိ ကရင်ရွာများအား ၁၉၉၀ ပြည့် နှစ်ဝန်းကျင်တွင် မြန်မာစစ်တပ်က ဝင်ရောက်စစ်ကြောင်းထိုးစဉ် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက် ၇၀ ကျော်အရွယ် ဖာပွန်ခရိုင် ဒေးပိုနို့ရွာသား တဦးက ပြောပြသည်။
အာဏာရှင်ကို ဖီဆန်ရေး နှိုးဆော်လာသူများ ပေါ်လာ
အာဏာရှင်အဆက်ဆက်လက်ထက်ကပင် ဖိနှိပ်ခံနေရချိန်တွင် ကြောက်စိတ်ကို တွန်းလှန်၍ အာဏာရှင်ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြသူများလည်း မြန်မာနိုင်ငံတွင် စစ်အာဏာရှင် ခတ်အဆက်ဆက်က ရှိခဲ့သည်။ ၁၉၃၈ ခုနှစ် ပထမကျောင်းသားသပိတ်တွင် "မြင်းခွာတချက်ပေါက်လျှင် မီးဟုန်းဟုန်း တောက်ရမည်" ဟု မကြောက်တရား ဟောကြားခဲ့သော ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းနှင့် ကိုဗဆွေ။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” စာအုပ်ကို ရေးသားခဲ့သည်။ မြန်မာပြည်သူများကို ကြောက်စိတ်မှ ကင်းဝေးစေဖို့ ရည်ညွှန်းရေးသားခဲ့သည်။
အလားတူ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကာလ၌ မင်းကိုနိုင် အပါအဝင် ကျောင်းသားခေါင်းဆောင်များက မကြောက်တရားဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးကို နှိုးဆော်ကြသည်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဖြစ်သူ မင်းကိုနိုင်သည် လက်ရှိ စစ်အာဏာရှင်ကို တော်လှန်နေဆဲဖြစ်သည်။ ၁၉၈၈ နောက်ပိုင်းတွင်လည်း နိုင်ငံအတွင်း ထင်ရှာသည့် စာရေးဆရာများ၊ နိုင်ငံရေးနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များသည် လူထုအား မကြောက်တရားကို လိုက်လံဟောပြောနှိုးဆော်လာခဲ့ကြသည်။
အာဏာရှင်ကို အန်တုမယ့် ကျောက်ခေတ်ကို မှောက်ပစ် ၂၀၂၁
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့သည် ကျောက်ခတ်ကို မှောက်ပစ်သည့်နေ့ ဖြစ်လာခဲ့သည်။ အာဏာရှင်အဆက်ဆက် ရိုက်သွင်းခဲ့သည့် အကြောက်တရားကို အန်တုခဲ့ကြသည်။ မကြောက်တရားကို ဟောပြောခဲ့ကြသူများ၏ အသီးအပွင့်များ စတင် ခံစားလာရသည်ဟု ပြောရမည်။
၂၀ ရာစု မျိုးဆက်သစ်လူငယ်များသည် “ကျောက်ခေတ်ကို မှောက်ပစ်” ဆောင်ပုဒ်ကို စွဲကိုင်ကာ စစ်အာဏာရှင်ကို ခေါင်းမော့ရင်ကော့၍ လမ်းပေါ်ထွက်လာခဲ့ကြသည်။ သေရမည်ကိုပင် မကြောက်။ တချိန်တွင် နွေဦးတော်လှန်ရေးဟု သမိုင်းတွင်မည့် စစ်အာဏာရှင် ဆန့်ကျင်ရေးကို ဆယ်ကျော်သက် လူငယ်မောင်မယ်များက ဦးဆောင်သည်။ သူတို့၏ ဆုံးဖြတ်ချက်သည် အာဏာရှင်ကို “အလိုမရှိ” သူတို့ ရည်မှန်ချက်သည် “ငါတို့ အာဏာ။ ငါတို့ကို ပြန်ပေး”၊ သူတို့၏ ကြုံးဝါးသံသည် “ရ ရင် ရ၊ မရရင် ချ” ဖြစ်သည်။
အာဏာရှင်မည်သည် ၎င်းတို့အား ဖီဆန်လာပါက လက်နက်အားကိုး နည်းမျိုးစုံဖြင့် အကြမ်းဖက်စမြဲဖြစ်သည်။ ၂၀၂၁ နွေဦးတော်လှန်ရေးတွင် တတိုင်းပြည်လုံး အာဏာဖီဆန်၍ လက်နက်အားကိုးဖြင့် အကြမ်းဖက်နေသည်မှာ ယနေ့တိုင် ဖြစ်သည်။ အာဏာရှင်မျိုး သွေးအေးသွားသည်ဟူ၍ မရှိ။ သို့ရာတွင် ၂၀၂၁ အာဏာရှင်ကို ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ပျားအုံကို ထုတ်ဖြင့်ထိုးရာ ရောက်ခဲ့သည်။
“ရရင် ရ၊ မရ ရင် ချ” မည့် ၂၁ မျိုးဆက်သစ်လူငယ်များသည် လမ်းပေါ်ထွက် တောင်းဆိုနေရုံဖြင့် မရတော့သည့်အတွက် နေရပ်ကို စွန့် နီးစပ်ရာ လွတ်လပ်နယ်မြေများဆီကို ဦးတည်ခဲ့ကြသည်။ ကြောက်၍ မဟုတ်ပေ။ အာဏာရှင်ကို လက်နက်ကိုင် တော်လှန်လို၍ ဖြစ်သည်။ တော်လှန်ရေးကာလ လပိုင်းအတွင်း လူငယ်များသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ဖြစ်လာကြကာ ပထမခြေလှမ်းအဖြစ် လက်လုပ်တူမီး သေနတ်များဖြင့် စစ်တပ်ကို တန်ပြန်တိုက်ခိုက်ခဲ့ကြသည် တစထက်တစ တိုက်ပွဲအဟုန် ဖော်ဆောင်လာကြကာ စခန်းသိမ်း တိုက်ပွဲများအထိ အောင်မြင်နိုင်ခဲ့ကြ၊ ရန်သူ့လက်နက်များစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြသည်။
မြေပြင်တိုက်ပွဲများတွင် အရှုံးပေါ်နေသည့် မြန်မာ့စစ်တပ်သည် မခံနိုင်တော့သည့်အဆုံး လေကြောင်းအသုံးပြုလာတော့သည်။ တော်လှန်ရေး အားကောင်းသည့် အညာဒေသတခုလုံးနီးနီး စစ်တလင်းနယ်မြေ ဖြစ်ခဲ့ရသည်။ ရွာပေါင်းများစွာ မီးတိုက်ပြာပုံကြခဲ့သည်။ တော်လှန်ရေးသည် ရပ်တံ့မသွားပေ။ သာ၍ ပြင်းထန်လာခဲ့သည်။
စစ်ကိုင်းတိုင်းအခြေစိုက် PDF ခေါင်းဆောင်တဦးက “ကျနော်တို့ အေးအေးဆေးဆေးနဲ့ လမ်းပေါ်ထွက်တုန်းက သူတို့ (စစ်သား)တွေ ဖြိုဖို့ လာတယ်၊ ကျနော်တို့ လူစုခွဲတယ်။ ပြေးတယ်။ ပုန်းတယ်၊ ပြီးရင် လူပြန်စုတယ်၊ လမ်းပေါ် ပြန်တက်တယ်။ ခုလည်း စစ်တပ်က လေကြောင်းနဲ့ လာပစ်တယ်။ ကျနော်တို့ ပုန်းတယ်၊ သူတို့ပြန်ရင် ပြန်တိုက်တယ်၊ ကြောက်နေမှာတော့ မဟုတ်ဘူး၊ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲ” ဟု ဆိုသည်။
လက်ရှိကာလ မြန်မာနိုင်ငံသည် အဘက်ဘက်မှ ယိုယွင်းပျက်စီးနေသလို နိုင်ငံသားတိုင်း လူ့အခွင့်အရေးများ ဆုံးရှုံးနေသည်။ နိုင်ငံတဝန်း စစ်မက်ဖြစ်ပွားနေကာ မိသားစုများ ရှင်ကွဲ၊ သေကွဲ နေကြရသည်။ ဤဖြစ်စဉ်သည် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ၂၀၂၁ ခုနှစ် အာဏာသိမ်းလိုက်ခြင်း၏ အဓိက နောက်ခံအကြောင်းရင်းသာ ဖြစ်သည်။ ထို့ကြောင့်သာ စစ်အာဏာရှင်ကို အဆုံးသတ်ရန် ၂၁ မျိုးဆက်သစ်များကို နွေဦးတော်လှန်ရေးမှ မွေးဖွားပေးခဲ့သည်။ နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် “ရရင် ရ၊ မရ ရင်ချ” ကို သွေဖီသွား၍ မရပါ။ ဆုပ်ကိုင်ထားရမည်။ ဒါမှ “ကျူပင်ခုတ် ကျူပ်ငုပ်မကျန်၊ အာဏာရှင်မျိုး အမြစ်ပါမကျန် လှန်ပစ်” နိုင်မည်။
ငြိမ်းဇော်











