DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဟောင်းအား စစ်အာဏာရှင် ပြည်နှင်ဒဏ်ပေး
သုတချမ်းသာ
·
September 17, 2026
Photo: Adam Michael Castillo LinkedIn
Photo: Adam Michael Castillo LinkedIn
Donate to DVB

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ စက်တင်ဘာ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကနေ နေပြည်တော်ကို လေယာဉ်နဲ့ လာရောက်ခဲ့ပြီး စက်တင်ဘာ ၁၆ ရက်မှာ ထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ရဲ့ နေပြည်တော်ခရီးစဉ်နဲ့ တချိန်တည်း စက်တင်ဘာ ၁၆ ရက်နေ့မှာပဲ စစ်အာဏာရှင်က အချိန် ၃ လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမေရိကန်နိုင်ငံသား အဒမ်ကတ်စတယ်လိုကို ပြန်လွှတ်ပေးပြီး နေပြည်တော်လေဆိပ်ကနေတဆင့် ပြည်နှင်ဒဏ်ပေးကြောင်း ကြေညာခဲ့ပါတယ်။

အဒမ်ကတ်စတယ်လိုဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးခဲ့သူဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းကာလမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ရေးသားထားတဲ့ ‘A Story of Leadership in Crisis and the American Spirit Abroad’ စာအုပ်ကို ဖြန့်ဝေခဲ့တာကြောင့် ဇွန် ၁၁ ရက်က ရန်ကုန်လေဆိပ်မှာ စစ်အာဏာရှင်ရဲ့ အငြိုးထား ဖမ်းဆီးတာကို ကြုံခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “လက်တွေ့ကျတဲ့ နိုင်ငံရေးသိပ္ပံနဲ့ အကျိုးအမြတ် အခြေပြု တွက်ချက်တဲ့ သီအိုရီတွေအရ ကျမတို့ ခန့်မှန်းကြည့်မယ်ဆိုရင် ပထမတခုကတော့ အဒမ်ကတ်စတယ်လို လွတ်မြောက်ဖို့နဲ့ အပြန်အလှန် အပေးအယူကိစ္စတွေပေါ့၊ နိုင်ငံတကာဆက်ဆံရေးမှာ ဘယ်သံတမန်ရေးရာ ဆောင်ရွက်မှုမှ အလကားရတယ်ဆိုတာ မရှိဘူး။ အမေရိကန်အစိုးရရဲ့ ပထမဆုံးနဲ့ အရေးအကြီးဆုံး ရည်မှန်းချက်က သူတို့နိုင်ငံသား အဒမ်ကတ်စတယ်လို ဘေးရန်ကင်းကင်းနဲ့ အမြန်ဆုံး ခေါ်ထုတ်သွားဖို့ဖြစ်တယ်။ စစ်ကောင်စီရဲ့ တွက်ချက်မှုကို ကြည့်မယ်ဆိုရင်လည်း စစ်ကောင်စီက ကတ်စတယ်လိုကို နိုင်ငံရေးအရ အသုံးချပြီးမှ အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်အထိ မြေနင်းပြီးတော့ ဝင်ရောက်လာအောင် ဖိအားပေးနိုင်ခဲ့တယ်။ နောက်တခါ အပေးအယူကိစ္စတွေကို ကြည့်မယ်ဆိုရင်လည်းပဲ ကတ်စတယ်လိုကို လွှတ်ပေးတဲ့အတွက်ကြောင့်မို့လို့ အမေရိကန်ဘက်က ဘယ်လောက်အထိ လိုက်လျောမှုတွေ ပေးခဲ့မလဲ၊ ဒါမှမဟုတ် ပေးဖို့ကတိပြုခဲ့မလဲ ဆိုတာတွေကို ကျမတို့ တွေးဆကြည့်ရမှာဖြစ်တယ်” လို့ ပြောပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ခရီးစဉ်အတွက် အမေရိကန်လေတပ်ရဲ့ Beech C-12D Huron အမျိုးအစား လေယာဉ်တစင်းကို အသုံးပြုခဲ့ပြီး လေယာဉ်ဟာ 83-0498 ဖြစ်ကြောင်း လေကြောင်းပျံသန်းမှုဆိုင်ရာ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။

နေပြည်တော်တွေ့ဆုံမှုမှာ အကြမ်းအားဖြင့် တရုတ်ရဲ့ ဒေသတွင်း နိုင်ငံရေး၊ စီးပွားရေး လွှမ်းမိုးချုပ်ကိုင်မှုကို တန်ပြန်ရေး မဟာဗျူဟာနဲ့ မြေရှားသတ္တု အပါအဝင် သယံဇာတရေးရာတွေနဲ့ ပတ်သက်ပြီး အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဘက်က ဆွေးနွေးနိုင်ဖွယ် ရှိတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

စစ်အာဏာရှင်ဘက်ကတော့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖျက်သိမ်းပေးရေး၊ ဒါမှမဟုတ် လျှော့ချပေးရေးနဲ့ ထပ်မံမတင်းကျပ်ရေး၊ သူတို့ကို အစိုးရတရပ်အဖြစ် အသိအမှတ်ပြုရေး စတာတွေကို အလေးပေး ပြောဆိုနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

နှစ်ဖက်ဆွေးနွေးမှုတွေနဲ့ အပေးအယူတွေကို လတ်တလောမှာ သတင်းမထုတ်ပြန်ပေမဲ့ နှစ်ဖက်အစိုးရတွေရဲ့ နောက်ထပ် လုပ်ငန်းဆောင်ရွက်ချက်တွေမှာ ရလဒ်တွေ မြင်တွေ့လာရဖို့ ရှိနေတာပါ။

ပထဝီနိုင်ငံရေး၊ စီးပွားရေး သုံးသပ်သူ မွန်ဇင်က “အဒမ်ကတ်စတယ်လို ပြန်လွတ်လာတာ အမေရိကန်ဘက်ကလည်း သီးခြားကြိုးစားမှုတွေ ရှိနေတာပဲ။ အဲဒါတွေကို မြင်ရတယ်။ စစ်အုပ်စုဘက်ကလည်း သူတို့က ဒါကို နှစ်နိုင်ငံချစ်ကြည်ရေး၊ ဆက်ဆံရေးဆိုတဲ့ ပုံစံမျိုးနဲ့ တံခါးပေါက်တခု အနေနဲ့ သူတို့က အသုံးချချင်တယ်။ စစ်အုပ်စုဘက်က တရားဝင် အသိအမှတ်ပြုမှုကို ချက်ချင်းရဖို့ သူတို့က မလိုဘူး။ သူတို့က ဘာကိုစောင့်နေတာလဲဆိုတော့ အမေရိကန်နဲ့ ကိစ္စတခုခုကနေ စတင်ဆက်သွယ်နိုင်ဖို့ တံခါးပေါက်တခုကို ရဖို့ကိုပဲ သူတို့က စောင့်နေတာ။ အဒမ်ကတ်စတယ်လို ပြန်လွတ်လာဖို့ အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ တံခါးပေါက်လေး ရလိုက်ပြီ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု အဲဒါတွေနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာ ဆောင်ရွက်မှုတွေ၊ ဒါမှမဟုတ်ရင် သတင်းအချက်အလက် မျှဝေမှုတွေလို ကိစ္စမျိုးတွေမှာ နည်းပညာဆိုင်ရာ အကန့်အသတ်နဲ့ စေ့စပ်မှုမျိုး စတင်ရရင်တောင်မှပဲ စစ်ကောင်စီက အဲဒီအခြေအနေကို နိုင်ငံရေးအရ အသုံးချနိုင်တယ် ဆိုတာကို သုံးသပ်ရပါတယ်” လို့ ပြောပါတယ်။

အဒမ်ကတ်စတယ်လိုဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းပါ ကန့်သတ်ညွှန်ကြားချက်တွေကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ ၂၀၂၆ ဇွန် ၈ ရက်က ပန်းဘဲတန်းမြို့မရဲစခန်းမှာ စစ်အာဏာရှင်က ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ အမှုဖွင့်ခဲ့တာပါ။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရဲ့ နေပြည်တော်ခရီးစဉ်မှာ ဘယ်သူတွေ ပါဝင်ခဲ့တယ် ဆိုတာကို သတင်းထုတ်ပြန်တာ မရှိခဲ့သလို စစ်အာဏာရှင်ဘက်ကလည်း ဘယ်သူတွေ လက်ခံတွေ့ဆုံခဲ့တယ် ဆိုတာကို သတင်းထုတ်ပြန်တာ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013