DVB Logo
Home
မြန်မာသတင်း
စစ်အာဏရှင်က ဦးကျော်မိုးထွန်းကို တရားစွဲဆိုမှု သံတမန်ရေးရှုံးနိမ့်မှုကို တုံ့ပြန်ခြင်းဖြစ်
သုတချမ်းသာ
·
September 13, 2026
Photo: Campaign for Burma's Spring Revolution 
Photo: Campaign for Burma's Spring Revolution 
Donate to DVB

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာပြည်တွင်းဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုထားကြောင်း စက်တင်ဘာ ၁၃ ရက်နေ့မှာ စစ်အာဏာရှင်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ 

စက်တင်ဘာ ၈ ရက်နေ့မှာ စတင်ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ သံတမန်တွေကို ရာထူးတာဝန်သက်တမ်းတိုးရေး ဆုံးဖြတ်ချက်ပေးမဲ့ ကုလအထောက်အထားစိစစ်ရေးကော်မတီ (UN Credentials Committee) ရဲ့ ဆုံးဖြတ်ချက်မထွက်ခင်မှာ စစ်အာဏာရှင်ဘက်က အချိန်ကိုက်ပြီး ကြေညာချက်ထုတ်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကတည်းက နိုင်ငံ့ဝန်ထမ်းအဖြစ်က ထုတ်ပယ်ထားပြီးဖြစ်ပေမဲ့  အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က နိုင်ငံပိုင်အဆောက်အအုံ၊ မော်တော်ယာဉ်တွေနဲ့ ဘဏ်စာရင်းက ဒေါ်လာ ၂.၇၆ သန်းကျော်ကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူသုံးစွဲခဲ့တယ်လို့ စွပ်စွဲဖော်ပြထားတာပါ။

အဲ့ဒါအပြင် သံအမတ်ကြီးဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ရဲ့ သံတမန်အဖြစ် လှုပ်ရှားတာ၊ အွန်လိုင်းကတဆင့် အလှူငွေကောက်ခံတာနဲ့ နိုင်ငံတကာမှာ တရားမဝင်လှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့်  ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၂)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေတို့နဲ့ တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။

လော့စ်အိန်ဂျယ်လိစ် မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေ က “UN အထွေထွေညီလာခံစတဲ့အချိန်မှာ အမြဲတမ်းဒါမျိုးထုတ်နေကြ၊ ကျနော်တို့ကတော့ နိုင်ငံရေးထိုးစစ်လို့ပဲ မြင်တယ်ဗျာ။ ပြီးတော့ အင်တာပိုလ်က ဒါမျိုးတွေကို သူတို့ ဂရုစိုက်တာမှ မဟုတ်ဘဲ၊ အမေရိကန်အစိုးရကလည်း သူတို့ကို တရားဝင်အစိုးရအနေနဲ့ အသိအမှတ်ပြုထားတာ မဟုတ်ဘူးလေ။ ပြီးတော့ ဦးကျော်မိုးထွန်းက Diplomatic Immunity လေ၊ နိုင်ငံတကာ သံတမန်ဆိုင်ရာ ကာကွယ်ပိုင်ခွင့်တွေအောက်မှာ အခုထက်ထိ ရှိသေးတယ်။ တရားဝင်အစိုးရက သူ့ကို ခန့်ထားတာကိုး။ ပြီးတော့ နိုင်ငံတော်ပိုင်ငွေကြေး အလွဲသုံးစားမှု စွပ်စွဲချက်တွေပေါ့။ အဲဒါလည်း သူတို့ ၂၀၂၁ မတ်လကတည်းက စလုပ်နေတာလေ၊ ထပ်ခါတလဲလဲ စွပ်စွဲနေတာ၊ ၄-၅-၆ နှစ် စွပ်စွဲလို့ ဘာမှမဖြစ်တဲ့ဥစ္စာ အခုမှထူးပြီးတော့ ဘာမှဖြစ်မယ်လို့ မထင်ဘူးဗျ၊ UN ကတော့ ဂရုစိုက်မှာ မဟုတ်ဘူး၊ နိုင်ငံတကာအစိုးရတွေကလည်း ဂရုစိုက်မှာမဟုတ်ဘူး၊ မင်းအောင်လှိုင်ကိုယ်တိုင်က ကိုယ့်လူမျိုးကိုကိုယ် ဘယ်လောက်ပညာနည်းအောင် လုပ်ထားပြီးတော့ အထင်သေးလဲဆိုတာ ငါတို့ ဒီလိုညာလိုက်ရင်တော့ ဒီလူတွေ ယုံမှာပဲ ဆိုတာမျိုးဖြစ်နေတော့ ကျနော်တို့လူမျိုးက အခုအချိန် ဆိုရင်တော့ အညာခံတော့ မထိသင့်တော့ဘူးနဲ့ တူတယ်နော်” လို့ ပြောပါတယ်။

စစ်အာဏာရှင်က တရားစွဲဆိုကြောင်း ထုတ်ပြန်ချက်ရှိနေပေမဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်း ရာထူးတာဝန် ဆက်လက်ထမ်းဆောင်နိုင်ရေး ထောက်ခံပွဲတွေ ဆက်တိုက်ပြုလုပ်နေတာပါ။ 

စက်တင်ဘာ ၁၉ ရက်နေ့မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာပြည်သူတွေအတွက် ကိုယ်စားပြုမှု ဆက်လက်တည်ရှိရေး ချီတက်ဆန္ဒဖော်ထုတ်ပွဲကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အမေရိကန်နိုင်ငံတဝန်းက မြန်မာတွေ ပူးပေါင်းပါဝင်ကြဖို့ အစီအစဉ်ဦးဆောင်တဲ့ NYCBC က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့မှာပဲ ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့မှာလည်း သံအမတ်ကြီးအတွက် ထောက်ခံပွဲကို တပြိုင်တည်းကျင်းပသွားဖို့ရှိနေတာပါ။

မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ ခင်သီရိနန္ဒာစိုး က “​ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံရဲ့ တရားဝင် အမြဲတမ်းကိုယ်စားလှယ်အဖြစ်နဲ့ ဆက်လက်တည်ရှိနေပြီးတော့ ကုလသမဂ္ဂအစည်းအဝေးတွေကို တက်ရောက်တ​ယ်။ နိုင်ငံကိုယ်စားပြု မိန့်ခွန်းတွေ ဆက်ပြီးတော့ ပြောကြားနေတုန်းပဲ ဖြစ်တယ်။ စစ်ကောင်စီရဲ့ တုံ့ပြန်မှုတွေကို ကြည့်မယ်ဆိုရင် သံတမန်ရေးရာမှာ အမြဲတမ်း အရေးနိမ့်နေတာကြောင့်မို့လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးကျော်မိုးထွန်းရဲ့ ရာထူးကို ရုပ်သိမ်းပြီးကြောင်း စသဖြင့် ထုတ်ပြန်ခဲ့တာတွေ ရှိတယ်။ သူတို့က စွပ်စွဲပြီးတော့ အင်တာပိုလ်လိုမျိုး နိုင်ငံတကာလမ်းကြောင်းတွေကနေတဆင့် အရေးယူမယ်ဆိုပြီးတော့ ကြိုးပမ်းနေတာမျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့ ကုလသမဂ္ဂက စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေကို သေချာအလေးတယူ အသိအမှတ်ပြုတယ်ဆိုတာမျိုး တွေ့ရတာမရှိဘူး၊ လျစ်လျူရှုထားတဲ့ အနေအထားမျိုးပဲ တွေ့ရတယ်ပေါ့လေ။”

အခုနှစ်အတွက် UN Credentials ကော်မတီ အဖွဲ့ဝင် ၉ နိုင်ငံကတော့ အမေရိကန်၊ တရုတ်၊ ရုရှား၊ ဘဟားမား၊ ဘယ်လ်ဂျီယံ၊ ဘီနင်၊ ဂျမေကာ၊ ယူဂန်ဒါနဲ့ ဗာနူအာတူ နိုင်ငံတွေဖြစ်ပါတယ်။ 

ကုလသမဂ္ဂရဲ့ လတ်တလောအချိန်အထိ ထုတ်ပြန်ချက်တွေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်တို့ကိုသာ အစိုးရခေါင်းဆောင်တွေအဖြစ် အသိအမှတ်ပြု ဖော်ပြနေတာပါ။ 

စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကိုလည်း အကြမ်းဖက်စစ်ရာဇဝတ်မှုတွေအဖြစ် ကုလသမဂ္ဂ၊ ကောင်စီတွေက ကြေညာချက်တွေမှာ ဆက်တိုက်ဖော်ပြနေတာ တွေ့ရပါတယ်။ 

စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ ၅ နှစ်ဆက်တိုက် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ကုလသမဂ္ဂက အသိအမှတ်ပြုနေရာပေးခဲ့တာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013