DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင်ပျောက်သွားသည့် လူငယ် ၂ ဦး စစ်မှုထမ်းနေရ၊ စစ်မှုထမ်း ၁ ဦး ရှေ့တန်းတွင် သေဆုံး
DVB
·
September 14, 2026
Photo: MOI
Photo: MOI
Donate to DVB

ဧရာဝတီတိုင်းကနေ ရန်ကုန်တိုင်းကိုရောက်နေတဲ့ လူငယ် ၂ ယောက် မတ်လအတွင်း ပျောက်ဆုံးသွားပြီးနောက် စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းပြီး ကချင်ပြည်နယ်ဘက် ပို့ခံထားရသလို ဧရာဝတီတိုင်းကနေ အဓမ္မဖမ်းဆီးခံရပြီး စစ်မှုထမ်းနေရသူတယောက် ရှေ့တန်းတိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပျောက်ဆုံးသွားသူတွေဟာ ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကန်ကြီးထောင်မြို့နယ်ကနေ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ အလုပ်လာလုပ်နေတဲ့ ကိုဝေယံနဲ့ ကိုမင်းသူတို့ ဖြစ်ပြီး သူတို့ဟာ မတ်လအတွင်းက ဧရာဝတီတိုင်းကိုပြန်ဖို့ လှိုင်သာယာအဝေးပြေးကားဂိတ်မှာ ကားစောင့်နေတုန်း ပျောက်ဆုံးသွားခဲ့တာပါ။

မိသားစုတော်စပ်သူတယောက်က “ကားဂိတ်မှာ ကားစောင့်နေတုန်း စစ်ဆေးဖို့ရှိတယ်ဆိုပြီး ခေါ်သွားတာလို့ သိရပါတယ်။ အိမ်စီးကားတစီးနဲ့ စစ်သားတွေက ဖမ်းခေါ်သွားတာပါ။ အဲဒီနောက် အဆက်အသွယ်မရတော့ဘူး။ စက်တင်ဘာ ၁၀ ရက်မှာ မိသားစုဆီ ဖုန်းဆက် အကြောင်းကြားလာပြီး ကချင်ပြည်နယ်ဘက်မှာ စစ်မှုထမ်းနေရတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ လူငယ် ၂ ယောက်ကို စစ်အာဏာရှင်တပ်က စစ်မှုထမ်းတပ်သားတွေ စုဆောင်းထားတဲ့ နေရာကနေတဆင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်ဘက်ကို တခြား စစ်မှုထမ်းတပ်သားသစ်တွေနဲ့အတူ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ဥတိုကြီးကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးနဲ့ စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေက အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ပို့ဆောင်ခဲ့တဲ့ ထိန်ကုန်းလေးရွာက မောင်အောင်ကို ကတော့ ရှေ့တန်းတိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက် ညပိုင်းမှာ မောင်အောင်ကို နေတဲ့အိမ်ကို အုပ်ချုပ်ရေးမှူးနဲ့ သေနတ်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၇ ယောက်လောက် ရောက်လာပြီး မြို့နယ်က ဆင့်ခေါ်စာ ကျတယ်လို့ ပြောဆို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

စက်တင်ဘာ ၉ ရက်မှာတော့ မောင်အောင်ကို သေဆုံးသွားကြောင်း မိသားစုဆီ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

မိသားစုနဲ့ နီးစပ်သူတယောက်က “မောင်အောင်ကို သေဆုံးသွားပြီဆိုတာကို စစ်တပ်က အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတာပါ။ အုပ်ချုပ်ရေးမှူးကတဆင့် မိသားစုတွေက သိရတာ။ ရှေ့တန်းမှာ သေဆုံးတာလို့ သိရတယ်” လို့ ပြောပါတယ်။

မောင်အောင်ကိုဟာ မိခင်၊ ဇနီးနဲ့ ကလေး ၂ ယောက်ကို သူတယောက်တည်းက လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ပြီး စစ်သင်တန်း ၂ လလောက် တက်ရောက်ပြီးနောက် ရှေ့တန်းကို စေလွှတ်ခံခဲ့ရပါတယ်။

စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “မောင်အောင်ကို ဆိုတဲ့လူငယ်က ရခိုင်ရိုးမအစပ် သာပေါင်းမြို့နယ်ထဲက တိုက်ပွဲအတွင်း သေဆုံးခဲ့တာလို့ သိရတယ်။ သူနဲ့အတူ ဧရာဝတီတိုင်းက မဟုတ်ဘဲ အခြားဒေသတွေက စစ်မှုထမ်းလူငယ်တွေလည်း သေဆုံးမှုရှိတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

အဓမ္မဖမ်းဆီးခံရပြီး စစ်မှုထမ်းဖို့ ပို့ဆောင်ခံရတဲ့ မောင်အောင်ကိုဟာ ဖမ်းဆီးခေါ်ဆောင်ခံရချိန်ကနေ ရှေ့တန်းမှာ သေဆုံးချိန်အထိ မိသားစုနဲ့ လုံးဝ ဆက်သွယ်ခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေပြီး လတ်တလောမှာ စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခံခဲ့ရတဲ့ စစ်မှုထမ်းအပတ်စဉ် ၂၇ သင်တန်းဆင်း လူငယ်တွေကို သက်ဆိုင်ရာ စစ်အာဏာရှင်တပ်ရဲ့ စုဆောင်းရေး နေရာတွေကနေတဆင့် တိုင်းနဲ့ပြည်နယ်အသီးသီးက တပ်ရင်း၊ တပ်ဖွဲ့တွေဆီ ပို့ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တပ်နဲ့နီးစပ်သူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013