DVB Logo
Home
မြန်မာသတင်း
ILO ၏ အရေးယူရန် ဆုံးဖြတ်ချက် ၁ နှစ်ပြည့်ရန် ရက်ပိုင်းအလို သမဂ္ဂအဖွဲ့ဝင်များ ဆက်တိုက် အလုပ်ထုတ်ခံရ
DVB
·
May 31, 2026
ILO ၏ အရေးယူရန် ဆုံးဖြတ်ချက် ၁ နှစ်ပြည့်ရန် ရက်ပိုင်းအလို သမဂ္ဂအဖွဲ့ဝင်များ ဆက်တိုက် အလုပ်ထုတ်ခံရ
Donate to DVB

မြန်မာစစ်အုပ်စုက အသင်းအပင်းဖွဲ့စည်းခွင့်ကို ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတာကြောင့် အမြင့်ဆုံးအရေးယူဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO က ဆုံးဖြတ်တာ ၁ နှစ်ပြည့်ဖို့ ရက်ပိုင်းအလိုမှာပဲ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ ဆက်တိုက် အလုပ်ထုတ်ခံနေရသလို ခြိမ်းခြောက် ဖိအားပေးတာလည်း ဖြစ်လာတယ်လို့ အလုပ်သမားအဖွဲ့ချုပ်တွေဆီက သိရပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ စည်းရုံးဟောပြောခွင့်၊ အဓမ္မစေခိုင်းတာ မလုပ်ဖို့ ဆိုတဲ့ ပြဋ္ဌာန်းချက် ၂ ရပ်ကို ချိုးဖောက်ကျူးလွန်နေတာကြောင့် ပုဒ်မ ၃၃ သုံးပြီး အမြင့်ဆုံး အရေးယူသွားဖို့ ILO က ပြီးခဲ့တဲ့နှစ် ဇွန် ၅ ရက်မှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ILO ဆုံးဖြတ်ချက် ၁ နှစ်ပြည့်ဖို့ ရက်ပိုင်းအလိုမှာပဲ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ ဆက်တိုက် အလုပ်ထုတ်ခံရပြီး အရေးယူမဲ့ဆုံးဖြတ်အပေါ် မထီမဲ့မြင်ပြုတဲ့ တုံ့ပြန်မှုတွေ မြင်တွေ့လာရတာလို့ အလုပ်သမားအဖွဲ့ချုပ်တွေက ဆိုပါတယ်။

ပြည်တွင်းအလုပ်သမားအရေး စောင့်ကြည့်အချက်အလက် စုဆောင်းနေသူတယောက်က “ထိရောက်တဲ့ အရေးယူ ဟန့်တားမှုမရှိလို့ အတင့်ရဲရဲနဲ့ ချိုးဖောက်တဲ့လုပ်ရပ်တွေ ဆက်ရှိနေတာ။ ILO အနေနဲ့ နားရွက် တံတွေးဆွတ်ခံနေမယ်ဆိုရင် ပုံရိပ်ရော၊ အဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်တယ်။ အခု လက်တွေ့ ထိခိုက်နစ်နာနေရတာက လုပ်ငန်းခွင်ထဲက အလုပ်သမားတွေပဲ” လို့ ပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာ ဖွင့်ထားတဲ့ Bontech အထည်ချုပ်စက်ရုံမှာ မေ ၂၉ ရက်က အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ချိုးဖောက်လို့ဆိုပြီး အဲဒီစက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌကို အလုပ်ထုတ်လိုက်တဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ထုတ်ပြန်ထားပါတယ်။

အဲဒီဖြစ်စဉ်မတိုင်ခင်က Bontech စက်ရုံမှာ သမဂ္ဂအတွင်းရေးမှူးနဲ့ ဘဏ္ဍာရေးမှူးတို့ အလုပ်ထုတ်ခံထားရပြီး အခု သမဂ္ဂဥက္ကဋ္ဌဖြစ်သူ ထပ်အလုပ်ထုတ်ခံရတာ ဖြစ်သလို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း သမဂ္ဂအလုပ်အမှုဆောင်အဖွဲ့ဝင်အကုန်လုံး အလုပ်ထုတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မူဇုန်က နေရွှေဝင်းအထည်ချုပ်စက်ရုံမှာတော့ မေလထဲမှာပဲ လုပ်ငန်းအခြေအနေအရဆိုပြီး သမဂ္ဂအဖွဲ့ဝင် ၁၀ ယောက် အလုပ်ထုတ်ခံရတာရှိခဲ့တယ်လို့ STUM ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီ ၁၀ ယောက် အလုပ်ထုတ်ခံရတာနဲ့ပတ်သက်ပြီး ကန့်ကွက်ခဲ့ကြတဲ့ ကျန်သမဂ္ဂအဖွဲ့ဝင် ၈၃ ယောက်ကိုပါ ထပ်အလုပ်ထုတ်ခံခဲ့ရပေမဲ့ နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်အရ လုပ်ငန်းခွင် ပြန်ဝင်ခွင့် ရရှိခဲ့ပါတယ်။

နေရွှေဝင်းစက်ရုံမှာ အခြေခံအလုပ်သမားအဖွဲ့အစည်းမှတ်ပုံတင်ဖို့ ကြိုးစားနေချိန်မှာ အခုလို အလုပ်ထုတ်ခံရတာဖြစ်ပြီး သမဂ္ဂအဖွဲ့ဝင်တွေ အလုပ်ထုတ်ခံရအောင် မြို့နယ်အလုပ်သမားရုံး ဦးစီးမှူးက နောက်ကွယ်က ပံ့ပိုးတာ၊ အဖွဲ့အစည်းမှတ်ပုံတင်မှာကို ကြန့်ကြာအောင် အချိန်ဆွဲတာတွေ ရှိခဲ့တယ်လို့ အဲဒီစက်ရုံအလုပ်သမားတွေက ပြောဆိုခဲ့ကြပါတယ်။

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အပိုင်း ၄ မှာ ဖွင့်လှစ်ထားတဲ့ Galaxy (Myanmar) အထည်ချုပ်စက်ရုံမှာလည်း အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်ဖို့ အကွက်ချ ပြင်ဆင်နေတာတွေ ရှိတယ်လို့ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(FGWM) ကလည်း အသိပေး ထုတ်ပြန်ထားပါတယ်။

Galaxy (Myanmar) စက်ရုံမှာ စက်လိုင်းတွေကို ပြီးစီးအောင်ချုပ်ရမဲ့ အထည်စံချိန် သတ်မှတ်ထားပြီး မချုပ်နိုင်တဲ့ စက်လိုင်းကို ပိတ်သိမ်းမယ်လို့ သတိပေးထားတာ ဖြစ်ပါတယ်။

အဲဒီလို စံချိန်သတ်မှတ်ထားပေမဲ့ တခြားစက်လိုင်းတွေက လွယ်တဲ့အပ်ထည်ချုပ်ရပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ ရှိတဲ့ စက်လိုင်းတွေကိုတော့ စံချိန်ပြည့်မီအောင် မချုပ်နိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ်လို့ရအောင် ချုပ်ရခက်ခဲတဲ့ ဂျာကင်ပေးချုပ်တာမျိုး လုပ်လာတာလို့ FGWM က ဆိုပါတယ်။

စက်ရုံလုပ်ငန်းခွင်တွေမှာ အလုပ်သမားသမဂ္ဂဝင်တွေ အလုပ်ထုတ်ခံရတာ၊ ဖိအားပေး ခြိမ်းခြောက်ခံရတာအပြင် အချိန်ပို ညလုံးပေါက် ဆက်တိုက်ဆင်းတာ၊ နားရက်မပေးဘဲ ခိုင်းတာမျိုး အဓမ္မစေခိုင်းတာတွေလည်း ဆက်လက်လုပ်ဆောင်နေတာက ILO ရဲ့ အရေးယူမဲ့ ဆုံးဖြတ်ချက်ကို အလေးမထားတာလို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အဓမ္မခိုင်းစေမှု ဆိုတာက ဥပဒေအတိုင်းမဟုတ်ဘဲ အဓမ္မစစ်မှုထမ်းခိုင်းတာ၊ ပေါ်တာဆွဲတာတွေလည်း အပါအဝင် ဖြစ်သလို အကြမ်းဖက်စစ်တပ်ကိုယ်တိုင်က မလိုက်နာဘဲ ဆက်လက်ချိုးဖောက် ကျူးလွန်နေတယ်လို့ စောင့်ကြည့်နေသူတွေက ဆိုပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ လူငယ်တွေကို အရပ်ဝတ်နဲ့လူတွေက လိုက်လံဖမ်းဆီးပြီး စစ်မှုထမ်းဖို့အတွက် ခေါ်ဆောင်သွားတာမျိုး ILO ရဲ့ တားမြစ်ချက်ကို ပြောင်ပြောင်းတင်းတင်း ကျူးလွန်နေတယ်ဆိုတဲ့ ထောက်ပြမှုတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013