
ရန်ကုန်မြို့က အဓိက ရေတွန်းစက်တွေဆီ ပေးလွှတ်တဲ့ ဓာတ်အားလိုင်း ချို့ယွင်းတာကို ပြင်ဆင်နေတဲ့အတွက် မြို့နယ်တချို့မှာ ရေအခက်အခဲရှိမယ်လို့ မြို့တော်စည်ပင်က ဇူလိုင် ၂၂ ရက်မှာ အသိပေးထားပါတယ်။
လှော်ကားရေလှောင်ကန်၊ ငမိုးရိပ်ရေသန့်စင်စက်ရုံ၊ လဂွန်းပြင်ရေသန့်စင်စက်ရုံတို့က ရေတွန်းစက်တွေ မောင်းနှင်ဖို့အတွက် ဓာတ်အားပေးနေတဲ့ လှော်ကားဓာတ်အားခွဲရုံ Main Cable ချို့ယွင်းသွားတာကို ပြင်ဆင်နေတာကြောင့်လို့ ဆိုပါတယ်။
အဲဒီ လှော်ကားဓာတ်အားခွဲရုံမှာ ဇူလိုင်လထဲမှာ မကြာခဏ ချို့ယွင်းပြီး ဓာတ်အားပြတ်တောက်နေတဲ့အတွက် ပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်နေရပြီး အခုရက်ပိုင်းမှာ လှည်းကူးဓာတ်အားခွဲရုံကနေ ရေတွန်းစက်တွေအတွက် ယာယီဓာတ်အား ပေးလွှတ်ထားရတယ်လို့ စည်ပင်က အသိပေးထားတာ ဖြစ်ပါတယ်။
ယာယီအသုံးပြုနေရတဲ့ ဓာတ်အားလိုင်းမှာလည်း လျှပ်စစ်ဓာတ်အား အပြည့်အဝ မရတဲ့အတွက် ရေတွန်းစက်တွေ စက်စွမ်းအားပြည့် မမောင်းနှင်နိုင်ဘဲ အလှည့်ကျ မောင်းနေရတာကြောင့် ရေရရှိမှုအပေါ် အခက်အခဲကြုံရနိုင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာ စည်ပင်ရေပိုက်လိုင်းက ရေမလာတာကို အခုလဆန်းကတည်းက မြို့နယ်တချို့မှာ ကြုံတွေ့နေရတာဖြစ်ပြီး ဝယ်ယူသုံးစွဲနေကြရတယ်လို့ မြို့ခံပြည်သူတချို့က ဆိုပါတယ်။
တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက်မှာ နေထိုင်သူတယောက်က “ရေက အချိန်ပိုင်းတောင် မဟုတ်ဘူး၊ ရက်ချီပြီးတော့ကို မလာတာ။ တခါတလေ သုံး လေးရက် ကြာတယ်။ ဒီလောက်ကြီးကျတော့ အကုန် ဒုက္ခရောက်တာပေါ့” လို့ ပြောပါတယ်။
စည်ပင်ဌာနကတော့ ဓာတ်အားလိုင်း ပြောင်းလဲသုံးစွဲပြီး ရေတွန်းစက်တွေကနေ ရေပေးဝေချိန်မှာ ရေအခက်အခဲ ဖြစ်လာရင် ခရိုင်စည်ပင်ရုံးတွေဆီ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ဆိုပေမဲ့ အချိန်ဘယ်လောက် ကြာမယ်ဆိုတာကိုတော့ အသိပေးထားတာ မတွေ့ရပါဘူး။











