
မာလီနိုင်ငံရဲ့ မြို့တော်ဘာမာကိုနဲ့ အနီးတဝိုက်က နေရာအတော်များများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ မာလီအစိုးရ ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၅ ရက်မှာ ပြောပါတယ်။
လက်နက်ကိုင်အဖွဲ့တွေက ကာတီ၊ ဆီဗာရီ၊ ဂါအို၊ ကီဒယ်နဲ့ ဘာမာကိုမြို့တွေမှာ ရှုပ်ထွေးတဲ့ပုံစံနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီးအစ်ဆာ အူစမန် ကူလီဘာလီက ပြောပါတယ်။
အရပ်သားတွေနဲ့ စစ်သားတွေ ဒဏ်ရာရခဲ့ပြီး တိုက်ခိုက်မှုတွေကြောင့် ပစ္စည်းပျက်စီးမှု နည်းနည်းသာ ရှိတယ်လို့လဲ သူက ဆက်ပြောပါတယ်။
အစောပိုင်းမှာ စစ်တပ်က တိုက်ခိုက်သူ “ရာပေါင်းများစွာ” ကို သတ်ဖြတ်ခဲ့ပြီး ဘာမာကို မြို့တော်နဲ့ အနီးတဝိုက်က နေရာအတော်များများမှာ တိုက်ခိုက်မှုတွေကို ပြန်တွန်းလှန်ခဲ့တယ်လို့လည်း ပြောပါတယ်။
ရွှေထုတ်တဲ့နိုင်ငံ မာလီမှာ မြို့တော် ဘာမာကို၊ အနီးနားက တပ်စခန်းမြို့ဖြစ်တဲ့ ကာတီနဲ့ အနီးတဝိုက်က တခြားနေရာတွေအများကြီးမှာ စစ်ဆင်ရေးတခု အကြီးအကျယ် လုပ်နေတယ်လို့ ဆိုပါတယ်။
အယ်လ်ကိုင်းဒါနဲ့ ဆက်နွှယ်နေတဲ့ ဂျမာအတ် နူစရတ် အယ်လ်-အစ္စလာမ် ဝါလ်-မွတ်စလင်မင် အဖွဲ့ (JNIM) ဟာ ကာတီ၊ ဘာမာကို လေဆိပ်နဲ့ မိုပ်တီ၊ ဆက်ဗဲနဲ့ ဂေါင် အပါအဝင် မြောက်ဘက်ဒေသတွေက တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိတယ်လို့ SITE Intelligence Groupက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒီစွပ်စွဲချက်တွေကို လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပါဘူး။ အစိုးရက တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး တာဝန်ရှိသူတွေကို ခြေရာခံရင်း တရားစွဲဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။










