
ကရင်ပြည်နယ်၊ ဖာပွန်မြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက် နေတာကြောင့် ၆ လတာအတွင်း တပ်ရင်းမှူး အပါအဝင် ၂၀၀ ကျော် သေဆုံးပြီး တပ်ရင်းမှူး အပါအဝင် ၂၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိလည်း ဆင်စွယ်ကျေးရွာအနီးကနေ ရှေ့ဆက်မတိုးနိုင်သေးဘူးလို့ တပ်မဟာ ၅၊ မူတြော်ခရိုင် ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။
စစ်အာဏာရှင်တပ်က ပြီးခဲ့တဲ့ မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဖာပွန်ဗျူဟာ မကျရေး၊ ဖာပွန်မြို့နဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး စစ်ကြောင်း ၂ ကြောင်းခွဲပြီး ကမမောင်း-ဖာပွန် လမ်းမကြီး အရှေ့နဲ့ အနောက်ဘက်ကနေ စစ်ကြောင်းထိုးနေပါတယ်။
စစ်တပ် စစ်ကြောင်းတွေ ၆ လကျော်ကြာလာတဲ့အထိ ဖာပွန်မြို့နဲ့ မိုင် ၂၀ လောက်သာလိုတော့တဲ့ (ထီးချောင်းမဲ) ဆင်စွယ်ကျေးရွာ အနီးတဝိုက်ကိုပဲ ရောက်ရှိပါသေးတယ်။
တဖက်မှာလည်း KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေတာကြောင့် ရှေ့ဆက်မတိုးနိုင် ဘဲ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၆ လတာ တိုက်ပွဲအတွင်း တပ်ရင်းမှူး အပါအဝင် ၂၀၈ ယောက် သေဆုံးပြီး တပ်ရင်းမှူး အပါအဝင် ၂၃၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
တပ်မဟာ ၅၊ မူတြော်ခရိုင် ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က “မြန်မာအကြမ်းဖက် စကမစစ်ကြောင်း ဖာပွန်ဘက်ကို ထိုးတဲ့စစ်ကြောင်း ၆ လအတွင်း ၂၀၂၆ မေလကနေပြီး အောက်တိုဘာလအထိ ထိုးစစ်ဆင်မှုရဲ့ ကာလတခုလုံး အခြေခံတာ။ အပိုင်း ၂ ပိုင်းရှိတယ်။ ပထမအပိုင်းမှာကျတော့ တိုက်ပွဲကြောင့် စစ်ကြောင်းရဲ့ အခြေအနေ ဘယ်လိုရှိလဲ။ နောက်တခုကျတော့ စကမစစ်ကြောင်းရဲ့ ထိုးစစ်ဆင်မှုကြောင့် ဒေသခံပြည်သူတွေ အခြေအနေ ဘယ်လိုရှိလဲ။ လောလောဆယ် စစ်ကြောင်းအခြေအနေက (ထီးချောင်းမဲ) ဆင်စွယ်ကို ကျော်လွန်တဲ့အဆင့်ထိ မရောက်သေးဘူး။ အဲဒီမှာ ဟိုတွန်း ဒီတွန်းပဲ” လို့ ပြောပါတယ်။
တဖက်မှာလည်း KNLA ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်နေတာကြောင့် ရှေ့ဆက်တိုးနိုင်ဖို့ လေကြောင်းပစ်ကူ၊ လက်နက်ကြီး၊ ဒရုန်းပစ်ကူတွေကို အလွန်အကျွံသုံးပြီး ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်နေပါတယ်။
ဒါကြောင့် စစ်တပ်ဘက်က အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက်နေတာဟာ စိတ်ဓာတ်ပိုင်း ဆိုင်ရာ၊ ဦးဆောင်မှုပိုင်းဆိုင်ရာအပြင် အဘက်ဘက်က ပြိုလဲနေတဲ့ အနေအထား မြင်တွေ့ နေရတယ်လို့ ကရင်စစ်ရေးလေ့လာသူတယောက်က ပြောပါတယ်။
“လက်ရှိအခြေအနေမှာ စစ်ရေးဗျူဟာအရ မြေပြင်အနေအထားအရ စကမဘက်က အလေးသာဖို့ မရှိဘူးလို့ ခန့်မှန်းရတယ်။ သို့သော်လည်းပဲ မြေပြင်အနေအထားအရ စကမဘက် ထိခိုက်နစ်နာ လာပြီ၊ ကျဆုံးမှု များပြီဆိုရင်တော့ သူတို့ရဲ့ ဗျူဟာအဟောင်းတိုင်းဖြစ်နေတဲ့ ဝေဟင်ရဲ့ပစ်ကူနဲ့ပဲ သူတို့ အားကိုးနေတာ ဖြစ်တယ်။ နောက်တချက်က ဝေဟင်ကနေ ပစ်ကူယူပြီဆိုရင် သူတို့က တော်လှန်ရေးတပ်ဖွဲ့တွေကိုပဲ ပစ်မှတ်ထားတာမျိုး မဟုတ်ဘဲနဲ့ အရပ်သားတွေရဲ့ ပုန်းခိုနေတဲ့ စစ်ရှောင်စခန်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ အဲဒါတွေကိုပဲ သူတို့က တိတိကျကျ ပစ်ခတ်နေတာ ဖြစ်တဲ့အပေါ်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာရော ဦးဆောင်မှုအပိုင်းဆိုင်ရာရော အဘက်ဘက်ကနေပြီးတော့မှ စစ်ကောင်စီက ပြိုလဲနေတဲ့အနေအထား ကျနော်တို့ မြင်တွေ့နေရတယ်။”
တိုက်ပွဲတွင်းကနေ စစ်အာဏာရှင်တပ်ရဲ့ တပ်ဖွဲ့ဝင် ၃၈ ယောက် ထွက်ပြေးပြီး လက်နက်မျိုးစုံ ၃၅ လက်၊ ဒရုန်း ၅ စင်း သိမ်းဆည်းရမိတဲ့အပြင် ယာဉ်မျိုးစုံ ၁၁ စီးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။
တဖက်မှာလည်း ထိုးစစ်ကာလအတွင်း ဒေသခံ ၇ ယောက် သေဆုံးပြီး ၄၇ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၄၅၈ လုံး၊ ဘာသာရေးကျောင်း ၉ ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး စာသင်ကျောင်း ၂၀ ပိတ်ထားရပါတယ်။
ဒါ့အပြင် နေရပ်စွန့်ခွာခဲ့ရတဲ့ ကျေးရွာပေါင်း ၆၇ ရွာရှိပြီး ဒေသခံ ၅၄,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
အောင်ခန့်











