DVB Logo
Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ဆိပ်ဖလူးပင် ဆေးဖက်ဝင်
သာဇဏ်
·
May 27, 2026
နွေဦးပြည်သူတို့အတွက် ဆိပ်ဖလူးပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဆိပ်ဖလူးပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ 

ဆိပ်ဖလူးပင်ကို သိပ္ပံလို Nyctanthes arbor-tristis လို့ခေါ်ပြီး Night jasmine, Coral jasmine လို့ ခေါ်ကြပါတယ်။

ဆိပ်ဖလူး အစေ့မှာ iridoid glycoside,polysaccharide glucomannan အရွက်မှာ iridoid glycoside, mannitol, beta-amyrin,, beta-sitosterol, hentriacontane, benzoic acid, astragalin, nicotiflorin, oleanolic acid, nyctanthic acid, fryelin နဲ့ lupeol စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ပိုးသတ်ဆးအာနိသင်ရှိခြင်း၊ ကပ်ပါးပိုးကို ဆန့်ကျင်ခြင်း၊ အဆစ်‌ရောင်ရောဂါကို ဟန့်တားခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း၊ ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း၊ သွေးသန့်စေခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို ကာကွယ်ပေးခြင်း၊ အာရုံကြောကို ငြိမ်သက်စေခြင်း စတဲ့အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ  ဆိပ်ဖလူးပင်ရဲ့ အရွက်၊ အခေါက်၊ အပွင့် တို့ကို သုံးစွဲကြပါတယ်။ ပန်းနာရင်ကျပ်နဲ့ ချောင်းဆိုးခြင်းများတွင် အရွက်ခြောက်မှုန့်/အခေါက်မှုန့် တခါသောက် ကော်ဖီ ၁ ဇွန်းကို ကွမ်းရွက်သတ္တုရည် နဲ့ တနေ့  ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အခေါက်/အရွက်ကို ထုထောင်းပြီး နှင်းခူနဲ့ အရေပြားယားယံခြင်းများမှာ လိမ်းပေးနိုင်ပါတယ်။ အစေ့ကို ထုထောင်းပြီး ဒက်ကွက်များကို လိမ်းပေးနိုင်ပါတယ်။

အရွက်၊ ပန်းပွင့်တို့ကို ထုထောင်းပြီး လိမ်းပေးခြင်းဖြင့် အနာကျက်စေပြီး အပူကြောင့် အရေပြားယားယံခြင်း၊ ရောဂါပိုးမွှားများကြောင့် အရေပြားယားယံခြင်းတို့ကို လျော့ပါးစေပါတယ်။ ဘက်တီးရီးယားပိုးမွှားများနဲ့ မှိုသတ်ဆေးအာနိသင်များကြောင့် သာမန်အရေပြား ပြဿနာများ ဖြစ်တဲ့ အဖုများ၊ ယားယံခြင်း၊ ဝက်ခြံနဲ့ မှိုပိုးဝင်ခြင်းများကို ရှင်းလင်းပေးပါတယ်။

ဝမ်းချုပ်ခြင်း၊ အူလမ်းကြောင်းပိုးမွှားများ၊ အသည်းကြီးခြင်းနဲ့ လိပ်ခေါင်းရောဂါတို့အတွက်  အရွက် လတ်လတ်ဆတ်ဆတ် သတ္တုရည်ကို တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၁ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆီးသွားခက်ခဲခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာပြဿနာများမှာ အရွက်ကို ရေမှာ တညစိမ်ပြီး  တခါသောက် ၁ ဖန်ခွက်ကို တနေ့  ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အရွက်ဟာ အဖျားကို လျှော့ချပေးပြီး စွမ်းအင်အဆင့်ကို မြှင့်တင်ပေးကာ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားများကို တိုက်ထုတ်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေးရောဂါများမှာ အရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ဖြစ်စေ၊ အရွက်သတ္တုရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်း ဖြစ်စေ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အပျော့စားသဘာဝ ဝမ်းနုတ်ဆေး အာနိသင်ရှိတာကြောင့် အရွက်ပြုတ်ရည် ရေနွေးကြမ်း ၁ ခွက်ကို တနေ့ ၁ ကြိမ် သောက်သုံးပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အူလှုပ်ရှားမှုကို ထောက်ပံ့ပေးတဲ့အပြင် အစာခြေရည်ကို လှုံ့ဆော်ပေးကာ  အစာအိမ်မအီမသာဖြစ်ခြင်း၊ အစာအိမ် ရောင်ရမ်းခြင်း၊ လေပွခြင်းနဲ့ အစာမကြေခြင်းတို့ကို သက်သာစေပါတယ်။ 

အရွက်/အပွင့် သတ္တုရည်ကို ဦးရေပြားမှာ လိမ်းပေးခြင်းက ဗောက်များကို ရှင်းလင်းပေးခြင်း၊ ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးပြီး ကျန်းမာသန်စွမ်းသော ဆံသားကြီးထွားမှုကို မြှင့်တင်ပေးပါတယ်။ ပန်းပွင့်ကို ရေမှာစိမ်ပြီး  ခေါင်းလျှော်ပေးခြင်းဖြင့် အမြစ်များကို သန်မာစေပြီး မွဲခြောက်ခြောက်ဆံပင်များကို တောက်ပြောင်စေပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဘက်တီးရီးယားဆန့်ကျင်ပစ္စည်းများ ကြွယ်ဝတာကြောင့် အရွက်/အပွင့် ရေနွေးကြမ်း ၁ ခွက်ကို တနေ့ ၁-၂ ကြိမ် သောက်သုံးပေးခြင်းက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ရောဂါပိုးများကို တိုက်ဖျက်ပေးပါတယ်။ ပုံမှန်အသုံးပြုခြင်းဖြင့် အအေးမိခြင်း၊ ချောင်းဆိုးခြင်းနဲ့ တုပ်ကွေးကဲ့သို့သော ရာသီဆိုင်ရာရောဂါများကို ပျောက်ကင်းစေပါတယ်။ ဖျားနာခြင်း/ဗိုင်းရပ်စ် တိုက်ခိုက်ခံရပြီးနောက် ခန္ဓာကိုယ်တွင်း ခွန်အားကို တိုးမြှင့်ပေးခြင်းဖြင့်လည်း နာလန်ထ မြန်စေပါတယ်။

ဆိပ်ဖလူးပန်းရဲ့ သာယာတဲ့ရနံ့က အာရုံကြောတွေကို ပြေလျော့စေပါတယ်။ ပန်းပွင့်လက်ဖက်ရည် သောက်ခြင်း၊ ပန်းများကို အိပ်ရာအနီး ထားပေးခြင်းက အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေပြီး စိုးရိမ်ပူပန်မှုကို လျော့နည်းစေကာ စိတ်ကို ပြေလျော့စေတဲ့အပြင် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ငိုက်မျဉ်းခြင်းကို မဖြစ်စေဘဲ သဘာဝစိတ်ငြိမ်ဆေးအဖြစ် လုပ်ဆောင်ပေးပါတယ်။

ဆိပ်ဖလူးမှာ ရင်ဘတ်ထဲက ချွဲတွေကို ရှင်းပေးပြီး လည်ချောင်းယားယံခြင်းတွေကို သက်သာစေတဲ့ အာနိသင်ရှိတာကြောင့် အရွက်/အပွင့်ပြုတ်ရည် တခါသောက် ရေနွေးကြမ်း ၁ ခွက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် ရာသီအလိုက် ရောဂါပိုးများကြောင့် အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနဲ့ လည်ချောင်းပိတ်ခြင်းတို့ကို လျင်မြန်စွာ သက်သာစေပါသည်။

အဆစ်အမြစ်‌ရောင်ရောဂါမှာ အရွက် ရေနွေးကြမ်းကို တခါသောက် ရေနွေးကြမ်း ၁ ခွက် တနေ့  ၂ ကြိမ်သောက်ပြီး အရွက်ကို ထုထောင်းပြီး ရောင်ရမ်းတဲ့အဆစ်မှာ အုံထားပေးခြင်းဖြင့် သက်သာစေပါတယ်။ 

ဆိပ်ဖလူးပွင့်/ရွက်ဟာ ပန်ကရိယကို အထောက်အကူပြုပြီး အင်ဆူလင် အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးပြီး သကြားတပ်မက်မှုကို လျှော့ချပေးတာကြောင့် ဆီးချိုဝေဒနာရှင်များမှာ အစားအသောက်များမှာ အသင့်အတင့် ထည့်သွင်းစားသုံးပေးခြင်းဖြင့် သွေးတွင်း သကြားဓာတ် ထိန်းသိမ်းရာမှာ အကျိုးရှိစေပါတယ်။  

အရွက်နဲ့ ပန်းတွေမှာ ပိုးမွှားများနဲ့ ရောင်ရမ်းခြင်းကို တိုက်ထုတ်ပြီး အနာကျက်စေရန် ကူညီပေးတဲ့ အာနိသင်ရှိတာကြောင့် ဒဏ်ရာများ၊ ပိုးမွှားအကိုက်ခံရခြင်း၊ မီးလောင်ဒဏ်ရာများမှာ  အရွက်ကို ထုထောင်းပြီး လိမ်းပေးခြင်းဖြင့် အရေပြားကို ပြန်လည်မွေးဖွားစေပြီး အမာရွတ်များကို လျှော့ချပေးပါတယ်။

နှလုံးတုန်၊ ရင်ခုန်၊ မူးဝေ၊ မောပန်းခြင်းများမှာ ဆိပ်ဖလူးပွင့်အမှုန့် ကော်ဖီ ၁ ဇွန်းကို ဆီးသီးမှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆိပ်ဖလူးပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ပျို့ခြင်း၊ အန်ခြင်း ဝမ်းပျက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဆိပ်ဖလူးပွင့်နဲ့ ဓာတ်မတည့်သူများ ဆိပ်ဖလူးပင်ထွက်ပစ္စည်းများကို ရှောင်ကြဥ်ပါ။ ဟော်မုန်းဆိုင်ရာ ရောဂါရှိသူများ ဆိပ်ဖလူးပင်ဆေးဝါးများကို အသုံးမပြုသင့်ပါ။ 

နွေဦးပြည်သူများ ဆိပ်ဖလူးပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013